Breaking News

မောင်လူမွှေး - ခေတ်ဝန်ကို ထမ်းကြတဲ့ CDM တွေ

မောင်လူမွှေး - ခေတ်ဝန်ကို ထမ်းကြတဲ့ CDM တွေ

မိုးမခ ၊ ဒီဇင်ဘာ ၇ ၊ ၂၀၂၅


အာဏာသိမ်းစစ်တပ်ကို ခုလက်ရှိအနေအထားထိ တော်လှန်နိုင်အောင် ပြုလုပ်ခဲ့ကြသူတွေထဲမှာ CDM ဝန်ထမ်းတွေဟာ အဓိကနေရာက ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ CDM ဝန်ထမ်းတွေကြောင့် စစ်တပ်ဟာ အစိုးရယန္တရားတွေ မလည်ပတ်နိုင်တော့အတွက် အခက်အခဲများစွာ ဖြစ်စေခဲ့တယ်။ အခုထိလည်း သူတို့ အကျပ်တွေ့နေရဆဲ ဖြစ်တယ်။ ဒီလိုပြည့်သူ့အတွက် တာဝန်ကျေခဲ့တဲ့ CDM သမား မောင်လူမွှေး မိသားစုမှာ နှစ်ယောက်တောင် ရှိလို့ ဂုဏ်ယူမိတာ အမှန်ပါပဲ။

CDM ပြုလုပ်ခဲ့တဲ့သူတွေဟာ ဝန်ထမ်းတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီတော့ CDM သမားအများစုဟာ ဘာမှ ထုပ်ထုပ်ထည်ထည်ရှိကြတာ မဟုတ်ပါဘူး။ ဒါ့အပြင် ဝန်ထမ်းလုပ်သက် ကြာခဲ့ရင် ကြာခဲ့သလို အခြားအလုပ်တွေကို မလုပ်တတ်၊ လုပ်ဖို့လည်း ခက်ခဲပါတယ်။ အရွယ်ရှိသေးတဲ့ CDM ဝန်ထမ်းတွေတောင် အခြားအလုပ်ကို ပြောင်းလုပ်ကြရာမှာ အခက်အခဲရှိတယ်ဆိုတော့ အရွယ်လွန်ခါစ CDM ဝန်ထမ်းတွေအဖို့ ပိုပြီးခက်ခဲပါတယ်။

"ရုံးမတက်နဲ့။ ရုန်းထွက်" တဲ့။ ပြည်သူတွေက ကြွေးကြော်ခဲ့ကြတယ်။ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့ ဝန်ထမ်းတွေအားလုံး ရုန်းထွက်ခဲ့ကြတယ်။ CDM ဝင်ခဲ့ကြတယ်။ " ပြည်သူတွေက ကျွေးထားမှာဗျ" CDM ဝန်ထမ်းတွေကို အားပေးကြွေးကြော်ခဲ့ကြတယ်။ ဒါပေမဲ့လည်း ရေရှည်မှာတော့ ပြည်သူတွေခမျာလည်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတဲ့ဒဏ်ကို ခံရတာက တစ်ဖက်၊ တော်လှန်ရေးရဲ့ ဝန်ကို ထမ်းထားရတာက တစ်ဖက်နဲ့ ဘယ်တတ်နိုင်ပါ့မလဲဗျာ။ မောင်လူမွှေး တစ်ယောက်တောင် ကိုယ့်မိန်းမ CDM ဆရာမ မစ်(စ)မွှေးကို ဝဝလင်လင် မကျွေးနိုင်လို့ မစ်(စ)မွှေးခမျာ သူ့ဘာသာသူရုန်းကန်ရှာဖွေနေရတာ ဒီကနေ့အထိပါပဲ။

CDM ဝင်ကြတာချင်း တူရင် မြို့ပေါ်မှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေက ပိုကျပ်တည်းကြပါတယ်။ သင်္ဘောသီးထောင်းကို လှည်းကလေးနဲ့ ရောင်းနေတဲ့ ဆရာမလေး။ စက်ဘီးနောက်က ရေခဲပုံးတင်ပြီး ရေခဲချောင်းရောင်းနေတဲ့ မောင်လူမွှေး နောင်တော် CDM ကျောင်းဆရာ။ ကုန်စိမ်းလှည့်ရောင်းနေကြတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာကြီးလင်မယား။ သုံးဘီးတစ်စီးမှာ အကူမောင်းသမားအဖြစ် လိုက်နေတဲ့ မောင်လူမွှေး စာပေညီငယ် CDM ကျောင်းဆရာလေး။ အလှပြင်ဆိုင်မှာ အကူအဖြစ် အလုပ်လုပ်နေရတဲ့ မစ်(စ)မွှေးရဲ့ လုပ်ဖော်ကိုင်ဖက် သားတစ်ယောက်နဲ့ မုဆိုးမဆရာမလေး။ ဒီလို ဖြစ်ပျက်နေတာတွေ ရေးရင် မောင်လူမွှေး သိတာတွေ အများကြီးပါ။

အကြွေးမဆပ်နိုင်လို့ သိမ်ငယ်စိတ်ညစ်နေရှာတဲ့ မစ်(စ)မွှေးရဲ့ သူငယ်ချင်းဆရာမတစ်ယောက်အတွက်တော့ သူ စိတ်ချမ်းသာဖို့ သူ့အကြွေး မစ်(စ)မွှေးက ကြားထဲက ဝင်ကူဆပ်ပေးခဲ့တဲ့အတွက် မောင်လူမွှေး သာဓုခေါ်ရပါတယ်။ ကြားထဲက သူ့သူငယ်ချင်းအကြွေးကို ဆပ်ပေးတယ်ဆိုလို့ ကိုယ့်အဆင်သင့်ရှိတာ ထုတ်ဆပ်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်ကိုင်ရှာဖွေပြီး ရလာတဲ့ပိုက်ဆံနဲ့ ဆပ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ လူကို လူက မကူညီရင် ဘယ်နတ်က လာကူညီမှာလဲ ဆိုတဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာစာသားကို အမှတ်ရသွားတယ်။ CDM ကို CDM ချင်း မကူညီရင် ဘယ်ပုဂ္ဂိုလ်က လာကူညီမှာလဲဆိုတဲ့ အခြေအနေကို ဆိုက်နေတာကိုး။

CDM ဝင်ကြတယ်ဆိုတာ အများစုက စစ်အာဏာရှင်ကို မကြိုက်လို့ ဝင်ကြတာဖြစ်တယ်။ အများဝင်လို့ လိုက်ဝင်တဲ့သူ၊ အခြေအနေအရ မဝင်မဖြစ်လို့ ဝင်ရတဲ့သူအချို့လည်း ရှိတယ်ဆိုတာကတော့ မောင်လူမွှေး ကိုယ်တွေ့အရ သိနေ မြင်နေရပါတယ်။ ဒီလိုလူတွေအများစုဟာ တော်လှန်နယ်မြေမှာ အလုပ်လုပ်ကြတဲ့အခါ စေတနာနည်းပြီး ရေသာခိုတတ်တဲ့ အကျင့်ရှိတာကို တွေ့ရတော့တာပါပဲ။ ယုံကြည်ချက်ဟာ အရေးကြီးတယ်လို့ အစဥ်အဆက်ပြောခဲ့ကြတာ သိပ်မှန်တာပေါ့။

မောင်လူမွှေးလည်း မစ်(စ)မွှေးကို ဘာကြောင့် CDM ဝင်ခဲ့သလဲလို့ မမေးဖူးပါဘူး။ ဒါပေမဲ့ မစ်(စ)မွှေး သူ CDM ဝင်ရတဲ့ အကြောင်းကို သူများတွေကို ပြောပြတာကိုတော့ ဘေးနားကနေ နားထောင်ဖူးပါတယ်။ " စစ်အာဏာရှင်ကိုတော့ ကျမလည်း မကြိုက်ဘူး။  ရွေးကောက်ပွဲလုပ်တော့ ကျမတို့ မဲရုံမှူး လုပ်ရတယ်။ မဲကလည်း မှန်တယ်။ NLD အပြတ်အသတ်နိုင်တာလည်း မှန်တယ်။ အဲ့ဒါကို မဲစာရင်း မှားပါတယ်လို့ စစ်တပ်က ပြောပြီး အာဏာသိမ်းတော့ ကျမတို့ မဲရုံမှူးလုပ်တဲ့ ဆရာမတွေကို လူလိမ်တွေပါလို့ ပြောတာနဲ့အတူတူပဲ။ စော်ကားတာပဲလေ။ အဲဒီတော့ ကိုယ့်ကို လူလိမ်လို့ စွပ်စွဲတဲ့၊ စော်ကားတဲ့ လူတွေလက်အောက်မှာ ဘာလို့ ဝန်ထမ်းလုပ်ရမှာလဲ" လို့ ဆိုသဗျ။ 

အခုတော့ စစ်အာဏာရှင်ကို မကြိုက်တဲ့၊ ဂုဏ်သိက္ခာကို အစော်ကားမခံတဲ့ မစ်(စ)မွှေးတစ်ယောက် သင်တန်းဆရာမတစ်ပိုင်း၊ တောကျောင်းဆရာမ တစ်ပိုင်းဖြစ်နေပါပြီ။ သူ့သူငယ်ချင်း CDM ဆရာမတွေလည်း အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ငါးနှစ်တာကာလအတွင်းမှာ သူ့နေရာနဲ့သူ နေသားကျကြပါပြီ။ မောင်လူမွှေးရဲ့ မိတ်ဆွေ ဦးစီးအရာရှိကနေ ထွေအုပ်စာရေးအဆုံး CDM ဝန်ထမ်းတွေလည်း ပြည်ပမှာရော၊ တောထဲမှာရော၊ ထောင်ထဲမှာပါ နေသားကျသင့်သလောက် ကျကြပါပြီ။

နိုင်ငံရဲ့တော်လှန်ရေးဟာ ပိုပြီး ပြင်းထန်လာတယ်။ ဒုက္ခတွေဟာ ပိုပြီးနက်ရှိုင်းလာတယ်။ ပြဿနာတွေဟာလည်း ပိုပြီးရှုပ်ထွေးလာတယ်။ နိုင်ငံရဲ့ လက်ရှိသမိုင်းဟာ CDM ဝန်ထမ်းတွေကို အာဏာသိမ်းစစ်တပ်လက်အောက်မှာ တာဝန်မထမ်းဆောင်ခြင်းအပြင် တော်လှန်ရေးနဲ့ လူထုအတွက် အလုပ်လုပ်ကြဖို့ ထပ်ဆင့်တောင်းဆိုနေခဲ့ပြီ။ 

CDM ကို CDM ကမကူညီရင် ဘယ်နတ်က လာကူညီမှာလဲ။ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးမှာ နားလည်တတ်ကျွမ်းတဲ့ CDM တွေက မကူညီရင် ဘယ်နတ်က လာကူညီမှာလဲ။ ခေတ်ဝန်ကို ထမ်းနိုင်ပြီး ခေတ်လမ်းကို ကောင်းကောင်းလျှောက်နိုင်တဲ့ CDM တွေ များသထက်များပါစေလို့ မောင်လူမွှေး ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar