Breaking News

ရန်ရန် - နိုင်ငံသစ်ထုတ်လုပ်မှုရက်စွဲထဲမှာ မင်းမပါတော့တဲ့အခါ

Art- Aung Htet

 နိုင်ငံသစ်ထုတ်လုပ်မှုရက်စွဲထဲမှာ မင်းမပါတော့တဲ့အခါ 

ရန်ရန်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၅


မင်းမသိသေးတဲ့ အရာတွေက
မင်းရဲ့အသိကို ဆွဲဟပ်နှိုးဆွပြီး ဖွင့်လှစ်ပေးလိုက်တဲ့နောက်
မင်းဟာ မျက်ရည်ကိုပါးပါးလေးကျခဲ့ပြီး
အံကိုပဲ တဆုံးကြိတ်ခဲ့တဲ့ မီးတောက်ပန်းကလေးတစ်ပွင့်။

မင်းရဲ့ဝမ်းတွင်းက ထွက်ကျလာတဲ့
မင်းရဲ့အော်ဟစ်သံအဆိုင်အခဲတွေက
မင်းသွေးကွက်ထဲမှာ အခုထိလက်လက်ဆတ်ဆတ်နဲ့ 
သွေးသားနုနုနဲ့သတ္တုရိုင်းပမာ တလက်လက်ထ မပျော်ဝင်သေးနိုင်ခဲ့‌ဘူး။

မင်းဟာ ငိုက်မြည်းတွေဝေတတ်သူပိုးဟပ်တစ်ကောင်မဟုတ်တဲ့အကြောင်းနဲ့
မင်းကိုယ်မင်း
ဘာကိုမှမတတ်နိုင်တော့ဘူးဆိုခဲ့တုန်းကတောင်
တော်လှန်ကဗျာတစ်ပုဒ်လောက်တော့
ကောင်းကောင်းကြီး ရွတ်ဆိုနိုင်ခဲ့သေးတယ်မဟုတ်လား။

နိုင်ငံသစ်ထုတ်လုပ်မှုရက်စွဲထဲမှာ မင်းမပါတော့တဲ့အခါ
မင်းရင်ဘတ်ကို
ငရဲသားတွေရဲ့ရင်ဘတ်ဟောင်းလောင်းသံတွေ
ထုတ်ချင်းပေါက်‌ ဖောက်ထွက်သွားတုန်းကအကြောင်း
စကားလုံးတွေကို ပစ်စင်ပေါ်တင်ပြီး ငါတို့ပြောရဦးမယ်
မင်းနာမည်ကိုခေါ်ပြီး
နောက်တစ်ကြိမ် အမျှပေးဝေပေးကြရရင်းပေါ့။

* စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ရင်း 

အသက်စွန့်လွှတ်ပေးဆပ်ခဲ့သူ အာဇာနည်ရဲဘော်များသို့ ...

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar