Breaking News

မာတီနာ - ကြက်ဥအရောင် တိမ်တောင်သဖွယ်

Image- Credit
 ကြက်ဥအရောင် တိမ်တောင်သဖွယ်
မာတီနာ
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၆


နွေဦးရာသီဟာ မွေးဖွားခြင်း၊ ဘဝအသစ်ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုသလိုပဲ ဆောင်းဦးရာသီကတော့ ရွက်ဟောင်းတွေကြွေလို့ အိုမင်း ဟောင်းနွမ်းခြင်းကို ကိုယ်စားပြုပါတယ်။ ဆောင်းရာသီကတော့ အဆုံးသတ်ခြင်းပေါ့လေ။
ဆောင်းရာသီမှာ ရာသီဥတုက မှုန်မှိုင်းပါတယ်။ ကမ္ဘာ့မြောက်ဖျားပိုင်းက ဒေသတွေမှာ နေရောင်ခြည်ကိုခဏတဖြုတ်ပဲ တွေ့ရတဲ့ ကာလပါ။ မြောက်ဖျားပိုင်းရောက်လေ၊ အလင်းရချိန် နည်းလေပါပဲ။
နေရောင်ရတဲ့ အချိန်က နည်းရထဲ့အထဲ မိုးကတစိမ့်စိမ့် ရွာနေတတ်ပါသေးတယ်။
ခဏတဖြုတ်နေထွက်ချိန်လေးတွေကို တိမ်ညိုတိမ်မဲတွေက လုယူထားတတ်ပါတယ်။ မှောင်မှိုင်းမှိုင်းဖြစ်နေရုံတင်မက သစ်ပင်တွေမှာ လည်း အရွက်တွေ မရှိတော့ပဲ ရိုးတံပြိုင်းပြိုင်း၊ ရေညှိမည်းမည်းတွေနဲ့ပါ။
ဆောင်းဦးကာလတလျောက်လုံးကြွေကျထားတဲ့ သစ်ရွက်ခြောက်တွေဟာ မိုးရေနဲ့ ပေါင်းစပ်ဆွေးမြေ့ပြီးရွှံ့တွေလို ဖြစ်နေပါတယ်။ မြေဆီဩဇာအဖြစ်ဆိုရင်တော့ အလွန်ကောင်းတာပေါ့။ လမ်းပေါ်မှာကတော့ မည်းညစ်ညစ်ဖြစ်နေတာပါပဲ။ ဥတုရာသီကြောင့်ပဲလား၊ သတင်းကောင်းရယ်လို့ မကြားရတဲ့အခြေအနေကြောင့်ပဲလား၊ စိတ်အခြေအနေဟာလဲ ဆောင်းရာသီလိုပဲမှိုင်းနေတာပါပဲ။


အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ “ The Promised Land” စာအုပ်ကြောင့်လဲ စိတ်ဟာ ပိုပြီးညှိုးငယ်ရပါတယ်။ ဘာသာပြန်စာအုပ်ကို ဖတ်တာပါ။ ဒီစာအုပ်ကို ဆရာဦးဝင်းငြိမ်းက “သုခဘုံ” ဆိုတဲ့ နာမည်နဲ့ မြန်မာလို ဘာသာပြန်ထားပါတယ်။ အိုဘားမား လို့ ကိုယ်တို့ သိကြတဲ့ အမေရိကန်သမ္မတရဲ့ နိုင်ငံရေးခရီးလမ်းပေါ့။ မြန်မာနိုင်ငံကို နှစ်ကြိမ်တောင် လာခဲ့ဖူးတဲ့ အမေရိကန် သမ္မတလေ။
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ မိန့်ခွန်းပြောခဲ့တဲ့ အမေရိကန် သမ္မတလေ။ ကိုယ်တို့ခေါင်းဆောင်နဲ့ ဖက်လှဲတကင်းနှုတ်ဆက်ခဲ့၊ မိန့်ခွန်းထဲမှာတောင် “Freedom From Fear” ထဲက စာသားတချို့ကို တကူးတက ထည့်သွင်း ဟောပြောခဲ့တဲ့ အမေရိကန်သမ္မတပေါ့။
သူ့ရဲ့စာအုပ်ထဲမှာ သူလျှောက်လှမ်းခဲ့ရတဲ့ နိုင်ငံရေးခရီးလမ်းကြောင်းကိုဖော်ပြတဲ့အခါ သမ္မတဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ပုံတွေလည်း ပါပါတယ်။

မျှော်လင့်မိတာပေါ့လေ။ ငါတို့ခေါင်းဆောင်အကြောင်းလဲ နည်းနည်းပါးပါးလေးပဲ ဖြစ်ဖြစ် ပါမှာပဲလို့။
တရုတ်၊ ဂျပန် ကနေ အာဆီယံနိုင်ငံများကိုသွားရောက်ခဲ့တဲ့ အပိုင်းမှာ မျှော်လင့်တကြီး ဖတ်ကြည့်မိပါတယ်။ သူ့အမြင်ကို ဘယ်လိုများဖော်ပြလေမလဲလို့ပေါ့။
မြန်မာနိုင်ငံကို သမ္မတ အိုဘားမား လာရောက်ခဲ့တာက ၂၀၁၂ ခုနှစ် နဲ့ ၂၀၁၄ ခုနှစ် မှာပါ။
နှစ်ခေါက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၁၆ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကားခရီးစဉ်မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။
ကိုယ်တို့ မှာတော့ နိုင်ငံရေးအရသာမက ပုဂ္ဂိုလ်ရေးအနေနဲ့ပါ ခင်မင်ရင်းနှီးတဲ့၊ အင်မတန်ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးလို့ မြင်ခဲ့မိတာပါ။ မြင်နေဆဲပါ။
ဒီလို ရင်းနှီးချစ်ကြည်တယ် လို့ ထင်ခဲ့မိတဲ့ သမ္မတတယောက်ရဲ့ မှတ်တမ်းမှာ ကိုယ်တို့ခေါင်းဆောင်ရဲ့အမည်က တစွန်းတစကလေးတောင် ပါမလာခဲ့ဘူးလေ။ ဖြစ်နိုင်လို့လား။ သမ္မတ ဦးသိန်းစိန်ရဲ့ နာမည်တောင် ပါလာသေးတာကို၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပါစရာအကြောင်းမရှိဘူးမဟုတ်လား။ မြန်မာဘာသာပြန်မို့ အခြေအနေအရ အဲဒီအပိုင်းကို ချန်ခဲ့တာဖြစ်မယ်လို့ ကိုယ့်ဘာသာကိုယ် ယူဆလိုက်ပါတယ်။ ဒီတော့ မူရင်းစာအုပ်ကို သွားရှာပြီး ဒီအပိုင်းကို ဖြည့်မယ်လို့စိတ်ကူးရမိပါတော့တယ်။
မပါပါဘူး။ မူရင်းစာအုပ်ထဲမှာလဲ တစွန်းတစကလေးမှကို မပါပါဘူး။ သေချာအောင် အာဆီယံ နိုင်ငံခရီးစဉ်အပိုင်းကို သေသေချာချာကြည့်ပါတယ်။ ရှာဖတ်ရင်းဖတ်ရင်း ဝမ်းနည်းစိတ်က
တလိမ့်လိမ့် တက်လာပါတော့တယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့ အပိုင်းမှာကော၊ အာဆီယံ ခရီးစဉ်အပိုင်းမှာရော ဘယ်နေရာမှာမှ မပါပါဘူး။ ဘာကြောင့်လဲ၊ ဘာကြောင့်များလဲ။
အော်၊ အဲဒီတုန်းက ကိုယ်တို့ ခေါင်းဆောင်က တရားဝင် နိုင်ငံ့ခေါင်းဆောင် မဟုတ်သေးလို့ ဖြစ်မှာလို့ ဖြေတွေးလေး တွေးကြည့်မိပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေတာက ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာလေ။
ကိုယ်တို့ ရွေးကောက်ပွဲအပြီး ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံနေခဲ့တဲ့ အချိန်တုန်းကလေ။ သိပ်မကြာခင်မှာ အမှောင်တိုက်ကြီး ရောက်လာတော့မယ်ဆိုတာ မသိသေးခင်လေ။

ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ် သတဲ့လား။ ဗလာထီးတည်းဖြစ်နေတဲ့ သစ်ပင်ပေါ်မှာ ခြောက်သွေ့နေတဲ့ ငှက်သိုက်တခုဟာ ဟို့လို့ဟောင်းလောင်း၊ အကာအကွယ်မရှိတဲ့ သစ်ပင်ပေါ်က ပြုတ်ကျမသွားရအောင် ပုံပျက်ပန်းပျက် ရွဲ့တိရွဲ့စောင်း ချိတ်တွယ်ထားလို့။ စိမ်းလန်းတဲ့ သစ်ရွက်တွေ၊ အရောင်အသွေးစုံလင်ပြီး ရနံ့ကြွယ်တဲ့ ပန်းတွေ ဝန်းရံပြီး ငှက်ဥကလေးတွေ ငှက်သားပေါက်ကလေးတွေနဲ့ စည်ကားသိုက်မြိုက်တဲ့ နွေဦးကိုမီနိုင်ဖို့ ရရာသစ်ကိုင်းကို ခဲရာခဲဆစ်ကုတ်တွယ်ထားတဲ့ အတိုင်းပါပဲ။ ပြုတ်လုတည်းတည်း ငှက်သိုက်အိုဟာ နွေဦးရောက်အောင် တောင့်ခံထားနိုင်ကောင်းပါရဲ့။ အရပ်ရှစ်မျက်နှာဟာ ကြည်လင်တောက်ပမှုနတ္တိ။ ကျောစိမ့်အောင်အေးလှတဲ့ ဆောင်းလေက ငှက်သိုက်အိုကို တရိရိ နှဲ့နေလေရဲ့။

မာတီနာ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar