ကိုသန်းလွင် - ပုန်းကွယ်နေသော ဧည့်သည်များ
ကိုသန်းလွင် - ပုန်းကွယ်နေသော ဧည့်သည်များ
မိုးမခ ၊ ဇန်နဝါရီ ၁၈ ၊ ၂၀၂၆
(၁)
ချီမေရာ (Chimaera) သည် ဂရိရှေးဟောင်းစာပေများတွင် ပါဝင်သည့် ခြင်္သေ့ခေါင်း၊ ဆိတ်ကိုယ်နှင့် မြွေ အမြီးတို့ဖြင့် ခန္ဓာကိုယ်သုံးပိုင်းဖြစ်နေသော သတ္တဝါကြီး ဖြစ်ပါသည်။ လိုက်စ် ဘာနိုး (Lise Barneoud) က သူ၏ စာအုပ် “ပျောက်ဆုံးနေသောဧည့်သည်“ (Hidden Guest) တွင် သူမက လူတို့ကို ချီမေရိုး အကောင်များဟု ခေါ် ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် လူတို့ကိုယ်ခန္ဓာထဲတွင် အခြားလူများ၏ ဆဲလ်များ ပါဝင်ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။
(၂)
မိခင်များသည် သူတို့ မွေးလိုက်သော ကလေးများ၏ ဆဲလ်များကို သယ်ဆောင်နေကြသည်။ ကလေးငယ် သားအိမ်ထဲတွင် ရှိနေစဉ် ပလေစင်တာ (Placenta) ကို ထိုဆဲလ်များက ကူးဖြတ်နေကြသည်။ ပလေစင်တာ ဆိုသည်မှာ သားအိမ်ကို ပြင်ပမှပစ္စည်း မဝင်ရောက်နိုင်စေရန် သားအိမ်ကိုကပ်၍ အကာအကွယ်ပေးနေသော အတားအဆီးတစ်ခု ဖြစ်ပါသည်။ မိခင်၏ဆဲလ်များမှာ သန္ဓေသား သားအိမ်အတွင်းမှာ ရှိနေစဉ်အတွင်း သန္ဓေသားဆီသို့ ကူးပြောင်းနေကြသည်။ ထိုဆဲလ်များတွင်အမေကြီးထံမှ ဆဲလ်များ၊ အခြားမွေးဖော်ကလေးများ၊ အမြွှာပူးကလေး ငယ်များ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်တွင် အခြားဆွေမျိုးအရင်းအချာတို့၏ ဆဲလ်များ ရှိနေပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။
ထို မိုက္ကရိုချီမားရစ် (Microchimaric) ဆဲလ်များမှာ လူတို့၏ အင်္ဂါအစိတ်အပိုင်းများတွင် ရှိပြီး အရေအတွက်အားဖြင့် လွန်စွာ နည်းပါးပါသည်။ လူတို့၏ အူနှင့် အရေပြားနှင့် အခြားအစိတ်အပိုင်းများတွင် မိုက်ခရုပ်ပိုးများ ထရီလီယံချီ၍ ရှိကြပါသည်။ ထိုသို့ ရှိကြရာတွင် ဆဲလ်အရေအတွက် တစ်သန်းနှင့် တစ်သိန်းတွင် မိုက္ကရို ချီမားရစ်ဆဲလ်များ တစ်စုသာ တွေ့ရပါသည်။
စာအုပ်ရေးသားသူက ပထမဆုံး မိုက္ကရိုချီမားရစ်ဆဲလ်များကို တွေ့ခဲ့သူ၏ အကြောင်းကို ဖော်ပြခဲ့သည်။ သူက ထိုမျှဝေသုံးနေသည့် ဆဲလ်များ၏ လူတို့၏ ကျန်းမာရေး၊ ၄င်းတို့၏သိပ္ပံကိုပါ ဖော်ပြပြီး ဖီလိုဆိုဖီသဘောအရ လူတို့သည် ချီမေရာများ ဖြစ်သည်ဟု ဆိုသည်။
ချီမားရစ်ဆဲလ်များကို ဆက်တိုက် မတော်တဆ တွေ့ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၁၈၀ဝ ပြည့်နှစ်များက ဆရာဝန် ဒေါက်တာရှမိုရယ် (Georg Schmorl) သည် အလွန်ကြီးသော ဆဲလ်တစ်ခုကို ကလေးမွေးဖွားချိန်တွင် သေဆုံးသွားသူ ကိုယ်ဝန်ဆောင်မိခင်၏ အဆုတ်တွင် တွေ့ခဲ့ရသည်။ ထိုအမျိုးသမီးမှာ Eclampsia ခေါ် ကလေးမွေးဖွားချိန်တွင် ဖြစ်သော ရောဂါကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထိုဆဲလ်မှာ သန္ဓေသားထံမှ ပလေစင်တာကိုဖြတ် သန်းခဲ့ရသော ဆဲလ်ဖြစ်ပြီး မိခင်၏ သွေးကြောအတွင်းတွင် ရှိနေကြသည်။ နောင်တွင် ဤသို့ မိခင်၏သွေးကြောအတွင်းသို့ရောက် ရှိနေခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်မဟုတ်တော့ဘဲ အမြဲဖြစ်နေသည့် သဘောမျိုး ဖြစ်နေ ကြောင်း တွေ့လာပါသည်။
၁၉၆၉ ခုနှစ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ခံနိုင်ရည်အားကို လေ့လာရင်း သွေးဖြူဥထဲတွင် Y-ခရိုမိုးဇုန်းကို ယောကျာ်းလေးမွေးသည့် မိခင်တွင် တွေ့ရှိခဲ့သည်။ ထုံးစံအားဖြင့် မိန်းကလေးများတွင် XX ခရိုမိုဇုန်းနှင့် ယောကျာ်းများတွင် XY ခရိုမိုဇုန်းတို့ ရှိကြပါသည်။ Y-ခရိုမိုဇုန်းမှာ ယောကျာ်းများတွင်သာ ရှိပါသည်။ ထို့ကြောင့် Y-ခရိုမိုဇုန်းမှာ သန္ဓေသားမှ ကူးပြောင်းလာခြင်း ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော်မျှ ယူဆခဲ့ကြသည်မှာ ထိုကူးပြောင်းလာသော ချီမာရာဆဲလ်များသည် ခေတ္တခဏမျှသာ တည်ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ၁၉၉၃ ခုနှစ်ရောက်မှ ဂျင်း (Genetic) ပညာရှင် ဘီယံချီ (Diana Bianchi) က ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် Y-ခရိုမိုဇုန်းတွေ့ရခြင်းမှာ သန္ဓေသားမှ ကူးပြောင်းလာခြင်းဖြစ်သည်ဟု အဖြေထုတ်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ သန္ဓေသားသည် မိခင်ထံမှသာ ဂျင်းအခြေခံရနေသည်ဟု ယူဆသောအမြင်မှာပြောင်းလဲခဲ့သည်။ ထိုမှတဆင့် သန္ဓေသား၏ဆဲလ်များသည် မိခင်မှတဆင့် မိသားစုလိုက် (Family Tree) ကူးပြောင်းနိုင်ကြသည်ဟု သိလာကြသည်။ အခြားဂုဏ်သတ္တိတစ်ခုမှာ ပြန်လည်၍သက်ရောက်စေသော (Regenerative) အားဖြစ်ပြီး ၄င်းသည် မိခင်၏ ယခင်ကရှိနေသော ရောဂါများကို ပျောက်ကင်းစေခြင်း ဖြစ်သည်။ မိခင်၏ ဒဏ်ရာဟောင်းများကို ကျက်စေပြီး ထိုအာနိ သင်သည် မိခင်၏သွေး (Blood Vessel) နှင့် အရေပြားဆဲလ်များတွင် ရှိ နေပါသည်။
မိုက္ကရိုချီမာရာဆဲလ် များက ကိုယ်ခန္ဓာ၏ ခုခံအားကို ယုံကြည်ရန် ခက်ခဲသော အဖြစ်အပျက်များကို ဖြစ်ပေါ်စေခဲ့သည်။ ခုခံအား၏ သဘောထားမှာ ကိုယ်တိုင် (self) နှင့် အခြားအရာ (non self) ဟူ၍ ရှိရာ ကိုယ်ပိုင်ဆဲလ်များသည် ပြင်ပမှရောက်လာသော ဆဲလ်များကို တိုက်ခိုက်ရမည်ဖြစ်သည်။ ယခု တွေ့နေရသည်မှာ မတိုက်ခိုက်ဘဲ လက်ခံနေခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ မတိုက်ခိုက်ခြင်းမှာ ခုခံအား၏ အခြေခံမူများကို ပြုပြင်ရန် လိုအပ်မည်လားဟု စာရေးသူက မေးခွန်းထုတ်ထားပါသည်။
ဘီယံချီက အရေးကြီးသော တွေ့ရှိမှုများကို တွေ့နေချိန်မှာပင် နယ်လ်ဆင် (Lee Nelson) က ထိုကဲ့သို့ သားမွေးဖူးသောမိခင်မှာ Y-ခရိုမိုဇုန်းကို တွေ့ရှိခဲ့သည်။ နယ်ဆင် လေ့လာနေသည်မှာ ခုခံအားနှင့်ပတ်သက်သည့် (autoimmune disease) ဝေဒနာသည်များ ဖြစ်သည်။ အထူးသဖြင့် ထိုရောဂါသည်များမှာ အသက်အရွယ်၊ အလယ်အလတ်ကိုယ်ဝန်ဆောင် လူနာများ ဖြစ်ကြသည်။ အထူးသဖြင့် ယခင်က ဤကဲ့သို့သော ရောဂါဝေဒနာကို တွေ့လျှင် ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။
ထိုရောဂါများထဲမှ ရောဂါတမျိုးဖြစ်သော (seleroderma) မှာ ပြင်ပမှ လှူဒါန်းသော အင်္ဂါအစိတ်အပိုင်းများကို လက်ခံသူ၏ တစ်သျှူးများအား တိုက်ခိုက်လာခြင်းပင် ဖြစ်သည်။ ဤဖြစ်ရပ်ကို (GVHD – Graft–Versus-host disease) ဟုလည်း ခေါ်သည်။ ချီမေရာဆဲလ်များ အကြောင်းသိနေသဖြင့် မစ္စတာနယ်ဆင်က ကောက်ချက်ချသည်မှာ ရောဂါဖြစ်ရခြင်းသည် ဟိုမုန်းကြောင့် မဟုတ်ဘဲ ချီမေရာဆဲလ်များ လက်မခံခြင်းကြောင့် ဖြစ်သည်ဟူ၍ ဖြစ်၏။ ထိုဝေဒနာရှင်များတွင် မိုက္ကရိုချီမေရာဆဲလ်များကို အများထက်ပို၍ မြောက်မြားစွာ တွေ့ရှိခဲ့ကြသည်။
ထို့နောက် ဘာနိုကမိခင်၏ မိုက္ကရိုချီမေရီဆဲလ်များသည် သားသမီးတို့အပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိပါသနည်းဟု မေးသည်။ ဝီလီယံဘာလင်ဟန် ( William Burlingham ) ဆိုသော အင်္ဂါအစိတ်အပိုင်း အစားထိုးကုသသူက မိုက္ကရိုချီမေရာဆဲလ်များအကြောင်း သူ သိလာရပုံကိုရှင်းပြသည်။ ၁၉၈၀ ပြည့်နှစ်များဆီက သူသည် ဆယ်ကျော်သက်တစ်ယောက်၏ ကျောက်ကပ်ကို အစားထိုး ကုသပေးခဲ့ရသည်။ ထိုစဉ်က မိခင်ဖြစ်သူက ပေးသော ကျောက်ကပ်မှာ သားဖြစ်သူ၏ ခုခံမှုစနစ်က မည်သို့မျှ တုံ့ပြန်မှုမပေးဘဲ လက်သင့်ခံခဲ့ပါသည်။
ဘာလင်ဟန်၏ အဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ရသည်မှာ မိခင်၏ ဆဲလ်များသည် သားဖြစ်သူ၏ ခုခံမှုကိုဖြစ်စေသော ဆဲလ်များကို လုံးဝထိန်းချုပ်ထားလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် မိခင်ဖြစ်သူ၏ တစ်သျှူးများ တူညီမှုကြောင့် သူ ပေးသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် လက်ခံသူတွင် ပိုမို၍ တာရှည်ခိုင်ခံ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လက်ခံသူတွင် မိုက္ကရိုချီမာရီဆဲလ်များကို များနိုင်သမျှများအောင် ရှိနေခြင်းသည် သားဖြစ်သူအတွက် ပြင်ပမှ အင်္ဂါများကို လက်ခံနိုင်စေခဲ့သည်။
ထို့ကြောင့် မိုက္ကရိုချီမေရာ ဆဲလ်များသည် မည်မျှပင် နည်းပါးသည်ဟု ဆိုစေ၊ ၄င်းတို့၏ ဘိုင်အိုလိုဂျီဆိုင်ရာ လွှမ်းမိုးမှုကို တွေ့ရှိကြရပြီ ဖြစ်သည်။ ထိုအရာများတွင် ရောဂါများကို ကာကွယ်ခြင်း၊ ကူးစက်ခြင်းများလည်း ပါဝင်ပါသည်။
ဥပမာ T-cell များကို ကြည့်ပါ။ ၄င်းတို့ကို Orchestra conductor of the immune system ဟုခေါ်သည်။
၄င်းတို့သည် လူတစ်ယောက်၏ ဘဝတလျှောက်လုံး၌ ပြင်ပပစ္စည်း (foreign elements) များကို မှတ်တမ်းတင်ထားကြသည်။ ပြင်ပဆဲလ်များက တိုက်ခိုက်လာပါက သင့်တော်သော တုံ့ပြန်မှုကိုပေးသည်။ မိခင်၏ မိုက္ကရိုချီမာရီ T-cell များသည် သားသမီး၏ ခုခံအားဆဲလ်များဆီသို့ သတင်းပို့နိုင်သည်။ ထိုမှတ်ဉာဏ်သည် ကလေး၏ ခုခံအားစနစ်တွင် သိမ်းဆည်းထားပြီး မိခင်၏ သားအိမ်မှ ကျွတ်လွတ်သည်နှင့် အန္တရာယ်ကိုကာကွယ်ရန် အမှတ်ရနေပေလိမ့်မည်။
မိုက္ကရိုချီမာရီဆဲလ်များသည် လူတို့၏ ကိုယ်ခန္ဓာတွင် လူဟူသော အဓိပ္ပာယ်ကို သတ်မှတ်ပေးပါသည်။ လူတို့သည် မိမိကိုယ်ကိုယ် အခြားသူများနှင့် ကွဲပြားသည်ဟု ယူဆနိုင်ပါသည်။ သို့သော် ကျွန်တော်တို့၏ ကိုယ်ပိုင်ဆဲလ်များသည် အခြားလူ၏ ကိုယ်ခန္ဓာထဲတွင် အမြဲတစေ ရှိနေစေရန် ဝင်ရောက်နေကြပြီ။ ထို့ကြောင့် အသက်သေခြင်း၊ ရှင်ခြင်းသည် ယခင်ကကဲ့သို့ မကွဲပြားတော့ဘဲ ၄င်းတို့၏ နယ်နိမိတ်လမ်းကြောင်းမှာ မှုန်ဝါးသွားတော့သည်။
(၃)
အိုင်းစတိုင်းက လူတို့၏ စိတ်ကူးစိတ်သန်းချဲ့ခြင်းကို မိမိတို့ သိရှိပြီးဖြစ်သော ဗဟုသုတနှင့် ခိုင်းနှိုင်း၍ ပြောခဲ့ဖူးသည်။ စိတ်ကူးစိတ်သန်းသည် ဗဟုသုတထက် ပို၍အရေးကြီးသည်ဟု ဆိုခဲ့သည်။ လူတို့သည် စိတ်ကူးစိတ်သန်းရှိမှ ဗဟုသုတနယ်ပယ်သည် ချဲ့နိုင်သမျှချဲ့ပြီး တိုးတက်လာနိုင်ပါသည်။
သို့သော် ဤနေရာတွင် စိတ်ကူးစိတ်သန်းများက ရှေ့ကိုရောက်လွန်းနေပါသည်။ စိတ်ကူးစိတ်သန်းကို ထိန်းချုပ်ရန်လည်း မဖြစ်နိုင်ပါ။ မိုက္ကရိုချီမာရီများက ရှေ့ကိုသွားရန် အတင်းစေ့ဆော်နေပါသည်။ သိပ္ပံက အဆုံးအဖြတ်ပေးပါလိမ့်မည်။
ကိုသန်းလွင်
Ref: The Cell carry from our Mother and beyond, By Sing Sing Way, Nature, 1 January 2026
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar