မောင်လူမွှေး - နှုတ်ဆက်သံတွေ၊ အပြုံးတွေ
မောင်လူမွှေး - နှုတ်ဆက်သံတွေ၊ အပြုံးတွေ
မိုးမခ ၊ ဇန်နဝါရီ ၁ ၊ ၂၀၂၅
နှစ်ဟောင်း ကုန်တော့မယ်။ ကုန်ခဲ့တဲ့နှစ်အတွင်း မောင်လူမွှေး ဘာတွေများ ရခဲ့သလဲ။ ဒီနှစ်အတွင်း မောင်လူမွှေး အများဆုံးရပြီး၊ တန်ဖိုးအထားရဆုံးကတော့ ကလေးလေးတွေရဲ့ နှုတ်ဆက်စကားသံတွေနဲ့ အပြုံးတွေ ဖြစ်တယ်။ မနက်ထ ကျောင်းသွားရင် လမ်းမှာတွေ့တဲ့ ကလေးတိုင်းက "ဆရာလေး.. ကျောင်းသွားပြီလား" လို့ နှုတ်ဆက်ကြတယ်။ နေ့လယ် ကျောင်းပြန်လာရင်လည်း "ဆရာလေး.. ကျောင်းပြန်လာပြီလား" လို့ နှုတ်ဆက်ကြတယ်။ တချို့ စကားကို ပြည့်ပြည့်စုံစုံ မပြောတတ်သေးတဲ့ ကလေးအများစုကတော့ "ဆရာလေး" လို့ပဲ အော်သွားကြတယ်။
မောင်လူမွှေးဟာ အလယ်တန်းအဆင့်ကို သင်ကြားပေးနေတဲ့ ဆရာ ဖြစ်တယ်။ ဒါပေမဲ့ မောင်လူမွှေးကို အများဆုံး နှုတ်ဆက်ကြတာက မူလတန်းအောက်ဆင့် ကလေးတွေ ဖြစ်တယ်။ KG ၊ Grade 1 ၊ Grade 2 ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ မောင်လူမွှေးကို နှုတ်ဆက်ဖော်အရ ဆုံးကျောင်းသူ၊ ကျောင်းသားလေးတွေ ဖြစ်တယ်။
ပြီးခဲ့တဲ့ ရက်ကပဲ မောင်လူမွှေး အလယ်တန်းတွေကို အချိန်ပိုသင်ဖို့ သွားတော့ လမ်းမှာဆော့နေတဲ့ KG ကလေးနှစ်ယောက်ရဲ့ ငြင်းခုံသံကို လမ်းလျှောက်ရင်းကြားရတယ်။ လမ်းလျှောက်လာနေတဲ့ မောင်လူမွှေးကို အရှေ့ကနေ လှမ်းကြည့်ရင်း ဆရာလေး လာပြီလို့ တစ်ယောက်က ပြောတယ်။ နောက်တစ်ယောက်က "ဆရာလေး မဟုတ်ဘူး။ ဆရာ" လို့ ငြင်းတယ်။ မောင်လူမွှေး သူတို့နားယောက်တော့ ငြင်းတဲ့ကလေးက "ဆရာ" လို့ မောင်လူမွှေးကို နှုတ်ဆက်တယ်။ မောင်လူမွှေးက "ဟေ..." လို့ အသံပြုပြီး ပြုံးပြတယ်။ မောင်လူမွှေး ထူးသံကြားပြီးနောက် ခေါ်တဲ့ကလေးက ဘေးက သူ့သူငယ်ချင်းကို အောင်နိုင်တဲ့ အပြုံးနဲ့ လှမ်းကြည့်နေတာ မြင်ရတယ်။ မောင်လူမွှေး ထပ်ပြုံးမိရပြန်တယ်။
နောက် မောင်လူမွှေးကို ပြုံးပြပြီး တွေ့ရာနေရာကနေလည်း အော်နှုတ်ဆက်ကြတာကတော့ စစ်ရှောင်ကျောင်းက ကလေးတွေ ဖြစ်တယ်။ မောင်လူမွှေး သူတို့ဆီ သွားရင် မောင်လူမွှေးကို မြင်တာနဲ့ "ဆရာ..လာတယ်ကွ" လို့ သူတို့အချင်းချင်း သတင်းပို့ကြသေးတယ်။ တကယ်တော့သူတို့လေးတွေကိုလည်း ကြုံကြိုက်မှ ပုံပြင်လေးတွေ ပြောပြနိုင်တာက လွဲလို့ မောင်လူမွှေး စာသင်မပေးနိုင်ဘူး။ စစ်ရှောင်ကျောင်းက အလယ်တန်းတွေကို ကြိုးစားကြဖို့ တိုက်တွန်းပြောဆိုတာမျိုး ရှိပေမယ့် မောင်လူမွှေးကို ထက်ထက်သန်သန် နှုတ်ဆက်ကြတဲ့ သူတို့ မူလတန်းလေးတွေကိုတော့ မောင်လူမွှေး အတန်းဝင်ပြီး သီးသန့် စကားပြောတာမျိုးတောင် မရှိဖူးဘူး။ ဆရာကန်တော့ပွဲ၊ အထိမ်းအမှတ်နေ့ တစ်ခုခုတို့မှာ အလယ်တန်းတွေနဲ့ ရောပြီး စကားပြောဖူးတာမျိုးပဲ ရှိခဲ့တယ်။
သူတို့ စာသင်ခန်းထဲ ဝင်စကားမပြောဖူးပေမယ့် စစ်ရှောင်ကျောင်းက မူလတန်းလေးတွေဟာ မောင်လူမွှေးကို အင်မတန် ရင်းနှီးကြတယ်။ မောင်လူမွှေး သူတို့ဆီ ရောက်ရင် KG တန်းကလေးတွေက မောင်လူမွှေးနားမှာ ရစ်သီ၊ ရစ်သီ နေပြီး ဆော့တတ်ကြတယ်။ မောင်လူမွှေးလည်း သူတို့ဆော့တာတွေကို ကြည့်ပြီး အားပေးရတာပေါ့။ ရွာကျောင်းက ကလေးလေးတွေရော၊ စစ်ရှောင်ကျောင်းက ကလေးလေးတွေရော မောင်လူမွှေးကို ပြုံးပြ၊ နှုတ်ဆက်ကြတာဟာ သူတို့နဲ့တွေ့တိုင်း မောင်လူမွှေးက အားရပါးရ ပြုံးပြီး နှုတ်ဆက်လို့ ဖြစ်မယ် ထင်တယ်။ အပြုံးဆိုတာ ချက်ချင်းကြီး ကူးစက်နိုင်တာကိုး။
စစ်ရှောင်ကျောင်း ဆရာကန်တော့ပွဲတုန်းက မောင်လူမွှေးနဲ့ မစ်(စ)မွှေးကို သူတို့ ကန်တော့ကြတယ်။ မောင်လူမွှေးအတွက်က ပုဆိုးလေးတစ်ထည်၊ မစ်(စ)မွှေးအတွက်ကျတော့ ထူးထူးခြားခြား ဖိနပ်တဲ့။ မစ်(စ)မွှေးကတော့ ကလေးတွေကို ပုံပြင်လေးတွေနဲ့ ကြိုးစားဖို့ ပြောတယ်။ မောင်လူမွှေးကတော့ သူတို့ကို "ပစ်မထားဘူး" လို့ ကတိပေးခဲ့တယ်။
ဒီနှစ် သြဂုတ်လတုန်းက အဖြစ်အပျက်ကလေးတစ်ခုကိုလည်း အမှတ်ရမိတယ်။ မောင်လူမွှေး စစ်ရှောင်ကျောင်းသွားတဲ့တစ်ရက် ညနေပြန်ခါနီး စစ်ရှောင်ကျောင်းလေးမှာ ထိုင်နေတုန်း Grade 1 ကျောင်းသူလေးနှစ်ယောက် ကလေးစားတဲ့ မုန့်ထုပ်လေး တစ်ယောက် တစ်ထုပ် မောင်လူမွှေးကို လာပေးတယ်။ ထွေလီကာလီ အစားအစာတွေ စားလေ့မရှိတဲ့ မောင်လူမွှေး ဒီမုန့်ထုပ်လေး နှစ်ထုပ်ကိုတော့ မြိန်ရေရှက်ရေ စားလိုက်ပါတယ်။ အစားမက်တဲ့ အရွယ်လေးတွေက အစားအစာဝယ်စားဖို့ ခက်ခဲတဲ့ အခြေအနေမှာ သူတို့မုန့်လေးကို လာပေးတာ နည်းတဲ့ သဒ္ဓါတရားတော့ မဟုတ်တန်ရာ။
ခုနှစ်ဟောင်း ကုန်တော့မယ်။ နှစ်ဟောင်းကုန်ပြီး မကြာမီ ဒီနှစ်ပညာ သင်နှစ်လည်း ကုန်တော့မှာဖြစ်တယ်။ မောင်လူမွှေး စာသင်ပေးနေတဲ့ ရွာ၊ မောင်လူမွှေး ဥစ္စာရော၊ ပညာပါ ထောက်ပံ့ပေးနေရတဲ့ စစ်ရှောင်ကျောင်းတွေ။ အခက်အခဲတွေကတော့ ရှိကြတယ်။ စိတ်ညစ်စရာဆိုတာတွေလည်း ရှိကြတယ်။ နှစ်သစ်မှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် အားသစ်မွေးရမယ်။ ပိုအပင်ပန်းခံနိုင်အောင် မောင်လူမွှေး ဆေးလိပ်ဖြတ်ရမယ်။
ရွာကလေးတွေရဲ့ အပြုံးနဲ့ အသံတွေ။ ကျောင်းသားမိအချို့ရဲ့ အပြုံးတွေ။ စစ်ရှောင်ကျောင်းက ကလေးတွေရဲ့ အပြုံးနဲ့ အသံတွေ။ စစ်ရှောင်စခန်းက ကိုယ့်ကို အားကိုယ်းနေတဲ့ စစ်ရှောင်ဆရာ၊ ဆရာမလေးတွေရဲ့ မျက်လုံးတွေ။ မိဘတွေရဲ့ ယုံကြည်ကိုယ်းစားမှုတွေ။ ပြီးတော့ Grade 1 ကျောင်းသူလေး နှစ်ယောက် လာပေးတဲ့ မုန့်ထုပ်လေးနှစ်ထုပ်။ ဒီလို အားအင်တွေနဲ့ မောင်လူမွှေးတို့လင်မယားနှစ်ယောက် နှစ်သစ်ကို ရဲရဲဝံ့ဝံ့ ခရီးဆက်ကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar