၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃၁ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁ ၊ ၂၀၂၆
၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ
နှစ် ၁၀၀ နီးပါးအတွင်း အပြင်းထန်ဆုံး စစ်ကိုင်းငလျင်
မြန်မာနိုင်ငံရဲ့ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်ကို ဖြတ်သန်းတည်ရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ နီးကပ်စွာတည်ရှိတဲ့ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပျဥ်းမနား၊ နေပြည်တော်၊ မြစ်သား၊ ပျော်ဘွယ်တို့ကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့ခင်း ၁ နာရီမထိုးမီ မိနစ်အနည်းငယ်အလိုမှာ ပြင်းအား ၇.၇ မက်ဂနီကျု့ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ ပျဥ်းမနား၊ နေပြည်တော် နဲ့ အင်းလေးဒေသတွေမှာ မိနစ်ပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်တဲ့ ငလျင်ဒဏ်နဲ့ အပျက်အစီး အသေအပျောက်များပြားခဲ့တာ ဖြစ်ပါတယ်။
လူဦးရေထူထပ်တဲ့ မန္တလေးမြို့မှာ ထိခိုက်သေဆုံးမှု အရေအတွက် အများဆုံး ဖြစ်ပြီး စစ်ကိုင်းမြို့၊ ပျဥ်းမနား၊ နေပြည်တော်၊ ပျော်ဘွယ်၊ မြစ်သား၊ ရမည်းသင်း အစရှိတဲ့မြို့တွေမှာလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာတွေ့ရပါတယ်။ စုစုပေါင်း သေဆုံးသူ ၄၅၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၁၁၀၀၀ ကျော်ရှိကာ ပျက်စီးမှုပမာဏ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ လီလျံကျော်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။
နေအိမ် အလုံးရေ ၅၅၀၀၀ ကျော် ပျက်စီးခဲ့ပြီး လမ်း၊ တံတားနဲ့ အများနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတင် ဒေါ်လာ ၂ ဘီလျံဖိုးလောက်ရှိတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းအချို့က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ဒုတိယအများဆုံးမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ လူနေအိမ် အထပ်တိုက်တွေ မြေကြီးထဲ နစ်ဝင်ပျက်စီးတာ၊ တုံးလုံးလဲတာ၊ အောက်ခြေထပ်တွေ ပျက်စီးပြီးတိမ်းစောင်းကျန်ခဲ့တာတွေ တမြို့လုံးနီးပါး ဖြစ်ပွားခဲ့တာပါ။ Sky Villa အမည်ရှိတဲ့ ကွန်ဒိုမီနီယံ အဆောက်အဦ ပြိုလဲပြီး ပိတ်မိသေဆုံးရတဲ့ အဖြစ်အပျက်တခုထဲတွင် လူ ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး အပျက်အစီးတွေကို ဖယ်ရှားတာ လနဲ့ချီကြာမြင့်ခဲ့တာပါ ။
ပျဥ်းမနားမြို့ မှာလည်း များပြားတဲ့ပျက်စီးမှုနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို၊ အာဏာသိမ်းစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာလည်း ဝန်ထမ်းအိမ်ယာအများအပြား ပျက်စီးကာ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တာပါ။ လွှတ်တော်၊ သမ္မတအိမ်တော် ၊ ဝန်ကြီးရုံးတို့အထိ ထိခိုက်ပျက်စီးခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ထိခိုက်စေသည့် အထိ ပျက်စီးမှုများပြားခဲ့ပါတယ်။
စစ်ကိုင်း ပြတ်ရွေ့နဲ့ မနီးသည့် အင်းလေးလို ဒေသလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။ အင်းလေးကန်ထဲက လူနေအိမ်၊ ဘုန်းတော်ကြီးကျောင်းတွေ ယိုင်လဲသည်အထိ ပျက်စီးမှုဒဏ်ကိုခံခဲ့ကြရပါတယ်။ စစ်ကိုင်းငလျင်ဒဏ်ရဲ့ အဖျားခတ်မှု ရှိခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပင် ဆောက်လက်စ အထပ်မြင့်အဆောက်အဦ ပြိုကျပြီး ဆောက်လုပ်ရေး လုပ်သားရာဂဏန်းထိ ထိခိုက်သေဆုံးခဲ့ရပါတယ်။
စစ်ကိုင်းငလျင်က အာဏာသိမ်းစစ်တပ်အနေနဲ့ လူသားချင်းစာနာမှု အကူအညီကို အကြောင်းပြုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ အတူထိတွေ့ဆက်ဆံမှုတချို့ကို ရရှိခဲ့တာတွေ့ရပါတယ်။ နိုင်ငံအများအပြားမှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေစေလွှတ်ပြီး အပျက်အစီးများအောက် ပိတ်မိနေသည့်သူများကယ်ဆယ်ရေး၊ ငလျင်ကြောင့် နေစရာ မရှိဖြစ်သွားသည့်သူများကို ယာယီအဆောက်အဦ၊ ရိက္ခာအစားအသောက် ဆေးဝါးကုသရေး အကူအညီများပေးအပ်ခဲ့ကြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ခြုံ၍ ပြောရရင် အာဏာသိမ်းစစ်တပ် အနေနဲ့ ငလျင်ဘေးအန္တရာယ်ကို အကြောင်းပြုပြီး နိုင်ငံတကာနဲ့ ထိတွေ့မှု တချို့ကို ပြန်ရဖို့ အားထုတ်ခဲ့တာတွေ့ရတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၅-၂၆ ရွေးကောက်ပွဲ
၂၀၂၅ ခုနှစ်ထဲ အခြားထင်ရှားတဲ့ ဖြစ်ရပ်က စစ်အာဏာသိမ်းပြီး ၅ နှစ်ပြည့်ဖို့ ၁ လခန့်အလိုမှာ စစ်တပ်က တာဝန်ယူကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ စစ်အာဏသိမ်းစဥ်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကို စိစစ်ပြီးနောက် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဇတ်ကြောင်းဖေါ် ပြောဆိုမှုဖြစ်ပေမယ့် အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပချိန်မှာ ၅ နှစ်ပြည့်ဖို့ တလ ဝန်းကျင်သာလိုတော့တဲ့ အချိန်ဖြစ်ပြီး နိုင်ငံရဲ့ နယ်မြေ ထက်ဝက်ကျော်က ၄င်းတို့စိုးမိုးထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ အနေအထား ရောက်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲမသမာမှုဆိုတဲ့ ဇတ်ကြောင်းဖော်မှုနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ၂၀၂၅-၂၆ ရွေးကောက်ပွဲကို ကျင်းပချိန် လိုသလို ပြင်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပြိုင်ဘက်ဖြစ်နိုင်တဲ့ ပါတီတွေကို ကန့်သတ်ခဲ့ကာ နိုင်ငံရဲ့ နယ်မြေအများအပြားမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အထိ စစ်ရေးလုံခြုံရေး အခြေအနေ ဖြစ်ပေါ်နေတာပါ။ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ နဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့ကတော့ ရွေးကောက်ပွဲဟာ စစ်တပ်ကို တရားဝင်မှုဖြစ်စေမယ့် နိုင်ငံရေး ဖြစ်စဥ်တရပ်အဖြစ် ရှုမြင်ထားကြကာ ရွေးကောက်ပွဲ ဖြစ်စဥ်မှာ ပါဝင်ခြင်း မပြုကြဖို့ ပြည်သူလူထုကို နှိုးဆော်ထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဖြစ်စဥ်က မြန်မာနိုင်ငံအဖို့ အကြမ်းဖက်မှုတွေကို ပိုမိုဖြစ်ပွားစေတဲ့ အဖြစ်အပျက်တရပ် အဖြစ် နိုင်ငံအချို့က ရှုမြင်ကြသလို ကုလသမဂ္ဂအဖွဲ့ကလည်း အဆိုပါအတိုင်း ပြောဆိုခဲ့ပါတယ်။ အာဆီယံ အနေနဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း မရှိဘဲ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့တော့ နိုင်ငံတနိုင်ငံချင်း မတူတဲ့ သဘောထားမျိုးနဲ့ ချဥ်းကပ်ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ ဆန့်ကျင်ခြင်း မပြုပေမယ့်လည်း ရွေးကောက်ပွဲက ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အဆင့်တခု ဖြစ်ဖို့ မျှော်လင့်တယ်ဆိုပြီး သံတမန်ဆန်တဲ့စကားကို ပြောဆိုခဲ့ပါတယ်။
သေချာတာတချက်ကတော့ ယခု ရွေးကောက်ပွဲက လက်နက်ကိုင် ပဋိပက္ခတွေကို လျော့ကျခြင်း မရှိစေသလို တွေ့ဆုံဆွေးနွေးပြောဆိုမှုတွေကိုလည်း ဦးတည်စေခြင်း မရှိဘဲ လက်နက်ကိုင် ပဋိပက္ခဒေသနဲ့ အာဏာသိမ်းစစ်တပ် က ၄င်းတို့ လက်လွှတ်ခဲ့ရတဲ့ အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့တာသာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားသေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး အချို့သော ဖြစ်ရပ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ဆေးရုံတက်နေတဲ့ လူနာတွေ၊ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ ကျောက်တော်က စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်၊ မြောက်ဦက ဆေးရုံလေကြောင်းတိုက်ခိုက်မှု၊ ချောင်းဦးမြို့နယ် အစပ်က ကျေးရွာ သီတင်းကျွတ်မီးသပိတ်ပွဲကို လေကြောင်းတိုက်ခိုက်မှု နဲ့ မိုးကုတ်မြို့ လူနေရပ်ကွက် လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် စီးပွားရေး
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေးဟာ လက်နက်ကိုင် ပဋိပက္ခ၊ ငလျင်ကပ်ဘေးနဲ့ ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်တို့ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများအပြားရှိခဲ့တာပါ။ ငလျင်ကပ်ဘေးက စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ငလျင်ဘေးရင်ဆိုင်ပြီးခါစမှာ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းက ခန့်မှန်းခဲ့ပြီး စက်တင်ဘာလ အကဲဖြတ်ချက်မှာတော့ စီးပွားရေး နှေးကွေးဆုတ်ဆိုင်းမှုက နကိုခန့်မှန်းချက်ထက် .၅ ရာနှုန်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ သယံဇာတနဲ့ အခွန်အကောက်က ကောက်ခံရရှိငွေတွေနဲ့ စစ်ပွဲအသုံးစရိတ်တွေကို ဆက်လက် ဖြည့်တင်းနေနိုင်သေးတဲ့ အနေအထားတွေ့ရပြီး တော်လှန်ရေး အင်အားစုတွေ အနေနဲ့လည်း သယံဇာတ တူးဖေါ်မှုနဲ့ အခွန်အကောက်တွေက ရတဲ့ ငွေကြေးနဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အသုံးစရိတ်ကို ဖြည့်ဆည်းနေကြရတာ တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချဖို့ နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ အခွန်အကောက်ကောက်ခံရရှိတာတွေကို ဖြတ်တောက်ဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ယခင်က မလုပ်ဖူးတဲ့ အတိုင်းအတာနဲ့ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။
ထိုင်းနယ်စပ်ကုန်သွယ်မှုကို တင်းကြပ်စွာ ကန့်သတ်လိုက်ခြင်းက ပြည်တွင်းမှာ ပြည်ပကတင်သွင်းတဲ့ လူသုံးကုန်၊ ဆေးဝါး စတဲ့ ကုန်ပစ္စည်းတွေ စျေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေကြရပြီး မြန်မာကျပ်ငွေ တန်ဖိုးသိသိသာသာ မကျဆင်းပေမယ့် ပြည်ပက လာတဲ့ ကုန်ပစ္စည်းတွေ မတန်တဆစျေးနှုန်းမြင့်ကုန်တာ ဒါမှမဟုတ် စျေးကွက်ထဲ ပြတ်လတ်တဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။
ခြုံပြီးဆိုရရင် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ စီးပွားရေးဟာ ပိတ်ဆို့မှုနဲ့ လက်နက်ကိုင် စစ်ပွဲကာလတွေ အတွင်း ရုန်းကန်ရှင်သန်နေကြရတဲ့ စီးပွားရေး လူနေမှု စရိတ်ကြီးမြင့်လာသည့်တိုင် ဝင်ငွေ မြင့်တက်ခြင်း မရှိတဲ့ အခြေအနေအောက်မှာ အသက်ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ နှစ်တနှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar