Breaking News

ကျော်လွင်အောင် - ဆေးရုံ ည (၂)


ကျော်လွင်အောင် - ဆေးရုံ ည (၂)

မိုးမခ ၊ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆


ဝါးတားဂိတ် ဗာတီကန်စီးတီး ဝါးတားဂိတ်

မည်းနက်မှောင်နေတဲ့ ကတ္တလမ်းက အောက်ဘက်ဆီ ပြေပြေလေးဆင်းသွားပါတယ်။ လျှိုပိတ်တမံကွေ့ကောက်ကောက်လေးကို ဖြတ်ထိုးထားတဲ့ ချစ်စရာ တံတားလေးတစ်စင်း ရှိပါတယ်။ နယ်နိမိတ် ဘောင်ဒရီပေါ့။

 ဥပမာဆိုရရင် --- ရောမမြို့ကြီးထဲ တည်ထားတဲ့ "#ဗာတီကန်စီးတီး"  သီးခြားဧရိယာရဲ့ ပရဝဏ်အစ တံတားအလွန် ကုန်းတက်လေးမှာ အခုပြောမယ့် "#ဝါးတားဂိတ်" တပ်ဆင်ထားတာကို ဦးကျော်က ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တာပါ။

ရိုးမ‌တောင်ကုန်း လျှိုမြောင်တောင်ကျောတွေမှာ သဘာဝအတိုင်း ပေါက်နေတဲ့ ဝါးဘိုးဝါး ဖြောင့်ဖြောင့်တလုံး ပြေးခုတ်တဲ့ပြီး တိုင်စိုက်ကာ တားထားတဲ့ #ဝါးတားဂိတ် ကို  နှစ်ရက်၊ သုံးရက်အတွင်း လတ်လတ်ဆတ်ဆတ် ချထားလိုက်တာများဗျာ။ ဘာသတိပေးဆိုင်းဘုတ်မှ မထား၊ "အန္တရာယ်ရှိသည်၊ ရှေ့ __ တွင် မောင်းတံဂိတ်ရှိသည်" စသည်ဖြင့် ဘာဆိုင်းဘုတ်မှ မရှိ၊ လုံခြုံရေးဝန်ထမ်းမထား၊ ဒီအတိုင်း #ဝါးတားဂိတ် တစ်ခုတည်း ထီးတည်းလုပ်ထားလိုက်တာ အပြီးသတ် ဆေးတောင် မသုတ်ရသေး ထင်ပါရဲ့။

တကယ့် #ထောင်ချောက်တစ်ခု ဆင်ထားသလို၊ လာတိုက်မယ့် ကံဆိုးသူ "မောင်ရှင်" ကို စောင့်နေရတာ မသကာ ၂ ရက်လောက်ရှိပေါ့၊ 

ဟော... လာ ပါ ပြီ ဗျား ----

၁၆ ဇန်၊ ၂၀၂၆၊ သောကြာနေ့ မွန်းလွဲ ၃ နာရီခွဲ ဆိုင်ကယ်နဲ့ မျက်နှာကာ မလုံ့တလုံပါ ဦးထုပ်‌ဆောင်းထားတဲ့ နေ့စား #စာရေးအိုကြီးတစ်ယောက် ဆင်းလာတဲ့ အရှိန်နဲ့ "ဒုန်းခနဲ" ပစ်တိုက်လိုက်တာ ခန္ဓာကိုယ်အောက်ပိုင်းက ဆိုင်ကယ်နဲ့ပါသွားသလို  လူက မေးနဲ့ချိတ်ပြီးကျန်ခဲ့၊ #ဝါးတားဂိတ် ကိုဦးတည်ပြီး မျက်နှာနဲ့ ကတ္တရာလမ်းမာမာနဲ့ ပစ်ရိုက်တာ၊ ဦးထုပ်ဆောင်းထားလို့သာပေါ့ဗျာ၊ နို့မို့ဆို #ဗာတီကန်စီးတီး နယ်စပ်နားမှာ အသက်ကုန်နေလောက်ပြီ။


(ဆေးရုံ ည (၃) - ဆက်ပါဦးမည်)

👉ကျော်လွင်အောင် - ဆေးရုံ ည (၁)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar