Breaking News

လက်နက်ကိုင်တွေအချင်းချင်း ပွတ်တိုက်မှု ဘယ်လို ဖြေရှင်းကြမလဲ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၇ မြင်ကွင်း

ဇန်နဝါရီ ၁၈၊ ၂၀၂၆


လက်နက်ကိုင်တွေအချင်းချင်း ပွတ်တိုက်မှု ဘယ်လို ဖြေရှင်းကြမလဲ

မြန်မာစစ်တပ်က ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ သူတို့စိတ်တိုင်းကျ အောင်မြင်မှု ရရှိနေလို့ သူတို့သတင်းမီဒီယာတွေမှာ စည်စည်ကားကား ထုတ်ပြန်နေပါတယ်။ ထို့အပြင် အိုင်စီဂျေတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု တရားခွင်မှာ မြန်မာစစ်တပ်ဘက်က လျောက်လဲချက်တွေကို သတင်းဆောင်းပါးတွေနဲ့ အသေးစိတ်တင်ဆက်နေတာ တွေ့ရပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကိုလည်း မြန်မာစစ်တပ်က အသိအမှတ်ပြုသုံးစွဲခဲ့ကြောင်းကိုလည်း ဝန်ခံထားတာကို တွေ့ရပါတယ်။

၁၉၆၁ ခုနှစ် မူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ချအခမ်းအနားမှာ ဗိုလ်မှူးချုပ်အောင်ကြီး မိန့်ခွန်းပြောသွားတဲ့အထဲမှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာ မူဂျာဟစ်လက်နက်ကိုင် အဖွဲ့တွေကနေ သူတို့တွေကို ဘင်္ဂါလီလို့မသုံးဘဲနဲ့ ရိုဟင်ဂျာလို့ပဲ သုံးပေးပါလို့ တောင်းဆိုတဲ့အခါမှာ အစိုးရရဲ့ အာဏာသက်ရောက်စေဖို့အတွက် လိုက်လျောတဲ့သဘောအနေနဲ့  သုံးစွဲခဲ့တယ်လို့ ဖော်ပြထားတာ ဖတ်ရှုရပါတယ်။ နောက်တချက်ကတော့ မြန်မာစစ်တပ်က မြန်မာပြည်တွင်းရှိ လူမျိုးစုအသီးသီးကို တိုင်းရင်းသားတွေနဲ့ လူမျိုးခြား ဆိုပြီး ခွဲခြားအုပ်ချုပ်တဲ့သဘောထား တန်းတူဆက်ဆံခြင်း မရှိဘူးဆိုတဲ့အကြောင်းကို သူတို့၏ ချေပချက်တွေထဲမှာ တွေ့ရှိရတာကို မှတ်သားရပါတယ်။ ဖော်ပြထားတဲ့ အချက်မှာ - အဲဒီအချိန် မြန်မာ့အသံမှာ တိုင်းရင်းသားဘာသာ အစီအစဉ်နဲ့ နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး နှစ်ခုကို ခွဲထားပါတယ်။ ဘင်္ဂါလီ ဆိုတဲ့ ရိုဟင်ဂျာအသံလွှင့်အစီအစဉ်က တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့် အဲဒီအချိန်ကတည်းကိုက နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး ထည့်သွင်းထားတာကို ၁၉၆၁ ခုနှစ် နေ့စဉ်ထုတ်သတင်းစာတွေမှာ လေ့လာတွေ့ရှိခဲ့ရပါတယ်လို့ ပြောထားပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာလည်း အင်္ဂလိပ်အစိုးရက တောင်ပေါ်နဲ့ မြေပြန့်ဆိုပြီး ခွဲခြားအုပ်ချုပ်ခဲ့တဲ့ အစဉ်အလာကို မြန်မာစစ်တပ်က ဆက်လက်ယူဆောင်ခဲ့တာကိ သတိပြုစရာအဖြစ် တွေ့နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

စစ်တပ်၏ ရွေးကောက်ပွဲ တတိယပိုင်းဆီသို့ ဦးတည်နေချိန်မှာ လက်ရှိအချိန်အထိ ရလဒ်တွေကို ကြေညာတဲ့ဆီမှာ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ကြံ့ခိုင်ရေးပါတီက အများဆုံးအနိုင် ရနေတယ်လို့ သတင်းများက ထုတ်ပြန်ပါတယ်။ ပြည်သူ့လွှတ်တော်နေရာ ၁၄၆ ရထား ပြီးပြီလို့ စစ်တပ်၏ကျောထောက်နောက်ခံရထားတဲ့ ပြည်ခိုင်ဖြိုး ခေါ် ကြံ့ခိုင်ရေးပါတီက ထုတ်ပြောထားပါတယ်။ မြန်မာစစ်တပ်က စေလွှတ်တဲ့ စစ်သားကိုယ်စားလှယ် ၂၅% နဲ့ ပေါင်းရင် ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်ပြီလို့  ထုတ်ပြောတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

ရွေးကောက်ပွဲအပိုင်း (၂)မှာ အနိုင်ရခဲ့တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးရဲ့ အမည်စာရင်းနဲ့ မဲရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီ ၅၂ နေရာထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်အရေအတွက် ၄၄ ဦးအထိ ရွေးကောက်ခံထားတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၁)မှာ ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်အရ USDP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦးအထိ နေရာရထားပြီး လက်ရှိ အပိုင်း (၂) မှာ အနိုင်ရရှိသူနဲ့ ပေါင်းရင် စုစုပေါင်း ၁၄၆ နေရာအထိ အနိုင်ရထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၃ ဖြစ်မြောက်ခဲ့ရင်လည်း သူတို့ပဲ တဖက်သတ်အနိုင်ရကြမှာဖြစ်လို့ ခုကတည်းက သူတို့၏ အစိုးရအိပ်မက် လွှတ်တော်အိပ်မက်ကို တကယ်ဖြစ်မြောက်တော့မယ်လို့ ထုတ်ဖော်ပြောကြတာ ဖြစ်နိုင်ပါတယ်။

ရွေးကောက်ပွဲသတင်းနဲ့ ဂမ်ဘီယာ၏ ICJ တရားရုံးမြင်ကွင်းတွေနဲ့အတူ အများပြည်သူစိတ်ဝင်စားကြတာကတော့ အညာဒေသက ဗိုလ်နဂါးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့နဲ့ NUG လက်အောက်ခံ ပကဖ လက်နက်ကိုင်အဖွဲ့များကြား တင်းမာမှုတွေ အချင်းချင်း အပြန်အလှန် ဖမ်းဆီးမှု စွပ်စွဲပြစ်တင်မှုတွေ ဖြစ်ပါတယ်။ မြန်မာနောင်းသတင်းအရ - စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂိတ်တစ်ခုကို ဒေသအခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) က ယနေ့နံနက်တွင် ပစ်ခတ် စီးနင်းခဲ့စဉ် ဂိတ်တာဝန်ခံတစ်ဦး ဖမ်းဆီးခံရကာ သေနတ် နှစ်လက် သိမ်းသွားကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရတယ်လို့ ဖော်ပြပါတယ်။ ဗိုလ်နဂါးတပ်ဟု လူသိများသည့် BNRA တပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ပန်းရွာရှိ NUG အခွန်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် သေနတ်ပစ်ဖောက် စီးနင်းခဲ့ပြီး ဂိတ်တာဝန်ခံ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့ဝင် ကိုမင်းခိုင်ကို ဖမ်းဆီးသွားသည်ဟု မြို့နယ်ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းက ပြောတယ်လို့ ဆိုပါတယ်။ အဲသည်ဖြစ်ရပ်မတိုင်ခင်မှာ NUG တပ်တွေက ဗိုလ်နဂါး၏ အခွန်ဂိတ်ကို ဝင်စီးနင်းပြီး လက်နက်သိမ်းဆည်းတဲ့ အရေးယူမှု ဖြစ်စဉ် ရှိခဲ့ပြီးပါပြီ။ နယ်မြေအတွင်း အောက်ခြေရဲဘော်တွေကြားထဲ အငြင်းပွားမှုတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိတယ်လို့လည်း သတင်းတွေမှာ ဖတ်ကြရပါတယ်။ 

မြန်မာပြည်တွင်းမှာ လက်နက်ကိုင်တပ်တွေ အများအပြား ထွက်ပေါ်ပြီးနောက် အစဦးပိုင်းမှာတော့ တင်းမာမှုတွေ အငြင်းပွားမှုတွေကို အင်န်ယူဂျီ၏ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ တရားစီရင်ရေးတို့ဆီ တိုင်ကြားကြတာ၊ သတင်းပို့တာ၊ အမှုစီရင်ဖို့ တောင်းဆိုတာတွေ ကြားရလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ မိမိသဘောထား မိမိ ပြောဆိုကြတာ၊ တဖက်ကို စွပ်စွဲပြစ်တင်တာတွေ ထုတ်ပြန်ကြတာက အရင် ဖြစ်လာပါတယ်။  ပြေလည်အောင် နည်းလမ်းရှာကြမယ် ဆိုတဲ့ စကားသံက တိုးသွားပါတယ်။ တဖက်နဲ့တဖက် ပြန်လည် ဆွေးနွေးညှိနှိုင်းကြဖို့  ကြားဝင်စေ့စပ်တဲ့အဖွဲ့အစည်း သို့မဟုတ် ယန္တရား တခုခုသာ မတည်ဆောက်နိုင်ကြရင် ရန်မီးကို ငြှိမ်းနိုင်ကြဖို့ မလွယ်ကြောင်း မှတ်ချက်ပြုလိုပါတယ်။

ကြားဖြတ် သာဓကတခု ဆွဲယူပြရရင် နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက် သဘောထားတွေ ကွာဟလာတာကြောင့် ယခင်က အတူတူ ဖွဲ့စည်းခဲ့ကြတဲ့ NUCC အဖွဲ့ကနေ နိုင်ငံရေး စစ်ရေးအဖွဲ့တွေ အသီးသီးက နုတ်ထွက်တာ သို့မဟုတ် ယာယီရပ်ဆိုင်းကြတာတွေ ဖြစ်ပျက်ခဲ့ပါပြီ။ တော်လှန်ရေးကာလ စေ့စပ်ဆွေးနွေး အဖြေရှာရေး ပူးပေါင်းလုပ်ဆောင်ကြရေး ယဉ်ကျေးမှုတခု၊ ယန္တရားတခုအနေနဲ့ သပိတ်အဖွဲ့၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ကျောင်းသားသမဂ္ဂများ၊ လူနည်းစုလှုပ်ရှားသူများ၊ လက်နက်နဲ့ နိုင်ငံရေးမကိုင်စွဲသူများပါ ပါဝင်တဲ့ NUCC လိုမျိုး အဖွဲ့တခုက ဆုံမှတ်လိုမျိုး စတင်ခဲ့ကြတာ ဖြစ်ခဲ့ပုံရပါတယ်။ သို့သော် အဲသည်ကနေ လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအကျိုးစီးပွား အာရုံပြုသည့်အဖွဲ့များ နုတ်ထွက် ဆုတ်ခွာခဲ့ကြပြီးနောက် အဆိုပါလက်နက်ကိုင်များ၊ နိုင်ငံရေးအဖွဲ့များ အငြင်းပွားစရာ ဖြေရှင်းစရာ အရေးကြုံတဲ့အခါ ကြားဝင်စေ့စပ်နိုင်တဲ့ ဖြောင်းဖြနိုင်တဲ့ မဏ္ဍိုင်တခု၊ အဂတိကင်းတဲ့ ယန္တရားတခု လိုအပ်တဲ့ကြောင်း အရေးပါကြောင်း သိရှိကြစေလိုပါတယ်။

အခုချိန်မှာကတော့ တော်လှန်ရေးထဲမှာ - မိမိတို့နဲ့ သဘောချင်းတူသူတွေနဲ့ တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်ကြမယ် ဆိုတာက နားထောင်လို့ ကောင်းတဲ့ ဆင်ခြေတခု ဖြစ်နိုင်ပေမယ့် လမ်းခုလတ်မှာ အငြင်းပွားစရာ၊ မတူညီတာတွေကြောင့် လမ်းခွဲကြတာ ပဋိပက္ခဖြစ်ကြတာနေ အဆိုးရလဒ်တွေ မဖြစ်လာဖို့ တားဆီးနိုင်ဖို့ ကာကွယ်နိုင်ဖို့ကို စဉ်းစားထားကြဖို့ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက မှန်တယ်လို့ တင်းခံနေကြရင် စေ့စပ်ဆွေးနွေး အဖြေရှာရေးလုပ်တဲ့ ယဉ်ကျေးမှု၊ ရပ်ရွာအတွင်းမှာ တရားသဖြင့် ဖျန်ဖြေပေးနိုင်တဲ့ အများယုံကြည်ကိုးစားတဲ့ လေးစားတဲ့ အစုအဖွဲ့ စီစဉ်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး ကိုယ့်ဘက်က အကာအကွယ် အစီအရင်မျိုးမရှိရင် ကြားဝင်လာမယ့် ကိုယ် မလိုလားတဲ့အဖွဲ့အစည်းတခုခု ၊ နိုင်ငံတခုခု၏ အင်အားသုံးစွက်ဖက်မှုကို ခံကြရဖို့သာ ရှိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar