Breaking News

တဖြည်းဖြည်း နုတ်ထွက်ကုန်ကြတဲ့ NUCC အဖွဲ့နဲ့ မြန်မာနိုင်ငံရေး အစဥ်အလာ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၄ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၆


တဖြည်းဖြည်း နုတ်ထွက်ကုန်ကြတဲ့ NUCC အဖွဲ့နဲ့ မြန်မာနိုင်ငံရေး အစဥ်အလာ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစမှာ ပထမဆုံး စတင် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ National Unity Consultative Council ကနေ အဖွဲ့အစည်းတချို့ နုတ်ထွက်ခဲ့ကြရာမှာ အခုနောက်ဆုံး နုတ်ထွက်တယ်လို့ တိုက်ရိုက် မသုံးနှုန်းပေမယ့် ယာယီရပ်ဆိုင်းလိုက်တယ် ဆိုတဲ့ အဖွဲ့အစည်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖြစ်ပါတယ်။ မကြာသေးတဲ့ လပိုင်းအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ နုတ်ထွက်ကြောင်း စာပေးပို့ခဲ့ကြပြီး ၂ လအကြာမှာ CRPH လည်း ပါဝင်မှုကို ယာယီရပ်ဆိုင်းတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

အခုနောက်ဆုံး နုတ်ထွက်တဲ့ CRPH ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထိန်းကျောင်းနေတဲ့ အဖွဲ့အစည်းအဖြစ် နားလည်ထားကြတာ ဖြစ်ပါတယ်။ 

NUCC ဟာ စစ်အာဏာသိမ်းပြီးနောက် အစောဆုံး ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး နဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားမဟာမိတ် အဖွဲ့အစည်းလို့ ဆိုရင် မမှားပါဘူး။ စတင်ဖွဲ့စည်းစဥ်က ကြားကာလပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် ကော်မတီ/ကောင်စီတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ နောက်ပိုင်းမှာ ကြားကာလပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် ကော်မတီ/ကောင်စီတွေ ပါဝင်လာတာ ဖြစ်ပါတယ်။ 

NUCC က  ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့ စွဲနဲ့  ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ အုပ်စု ၅ စု ခွဲခြားဖေါ်ပြထားတဲ့ အဖွဲ့အစည်း နဲ့ လူပုဂ္ဂိုလ် အရေအတွက် ၆၁ ခုပါရှိတာတွေ့ရပါတယ်။ အဆိုပါ ၂၀၂၅ မေလ မတိုင်ခင်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ KPICT နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ (ပြည်ပရောက်) တို့ က NUCC ကနေ နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာတော့ NUCC ဟာ တော်လှန်ရေးအင်အားစု အားလုံး မဟုတ်သည့်တိုင် အတော်များများ ပါဝင်ခဲ့ကြသလို NUG အစိုးရ ဖွဲ့စည်းပေါ်ထွက်ဖို့ NUCC ကို အခြေပြုပြီး အားယူဖွဲ့စည်းခဲ့ကြသလို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဏ် (charter) တို့ကို ပြုစုခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေး နှစ်ကာလတခုအတွင်းမှာ NLD ပါတီ၊ CRPH၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တို့နဲ့ သဘောထား အမြင်မတူကွဲလွဲတာတွေ ဖြစ်ပွားလာပါတယ်။ လာရာလမ်းကြောင်း မတူကြသလို၊ ရပ်တည်မှု တခုတည်းမဟုတ်ကြတဲ့ အဖွဲ့အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်လို့ သဘောထား မတူညီတာ၊ ကွဲလွဲတာတွေက ရှိကိုရှိကြမှာ သဘာဝလို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ မတူညီတဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေကို ဘုံရည်မှန်းချက်ပန်းတိုင်နဲ့ ဘုံလမ်းစဥ် ရှိခဲ့ကြရင်သော် လည်းကောင်း၊ မတူညီတဲ့ ရပ်တည်ချက်၊ အမြင်တွေကိုအဖွဲ့ရဲ့ ရပ်တည်မှု မထိခိုက်စေအောင် ဆွေးနွေးပြီး ရှေ့ဆက်ကြတဲ့ လုပ်နည်းလုပ်ဟန်၊ သဘောထားတွေ ရှိခဲ့ကြရင် NUCC အဖွဲ့ဟာ ရှေ့ဆက်သွားနိုင်မယ့် သဘောလို့ ကောက်ချက်ချချင်ပါတယ်။ 

လက်တွေ့မှာတော့ အဲဒီလို အခြေအနေတွေ ရှိမနေ ဖြစ်မနေတဲ့ သဘောလို့ ဆိုရမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တခုပြီးတခု နုတ်ထွက်တာ၊ ပြည်ပရောက် NLD ပါတီ နုတ်ထွက်တာ၊ ခုနောက်ဆုံး CRPH က နုတ်ထွက်တာတွေက အဖွဲ့ကို အားပျော့စေပြီး အဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လမ်းစဥ်တွေအတိုင်း ဆက်လက် လုပ်ဆောင်နိုင်စွမ်းကိုပါ မေးခွန်းထုတ်ရမယ့် အနေအထား ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေးမှာ တူတာစုပေါင်းလုပ်ပြီး မတူညီတဲ့အပိုင်းကို သီးခြားခွဲလုပ်ကြတဲ့ အလေ့အထ အားနည်းသလို၊ အဖွဲ့အစည်း စတင်ဖွဲ့စည်းခဲ့စဥ်က ဦးတည်ချက်၊ ရည်မှန်းချက်၊ လမ်းစဥ်၊ လုပ်ထုံးလုပ်နည်း အစရှိတဲ့ ဖွဲ့စည်းတည်ထောင်မှု နည်းစနစ်တွေ ပြည့်ပြည့်စုံစုံ ဆွေးနွေးပြုစုတာမျိုး အားနည်းခဲ့ကြတယ်လို့ ကောက်ချက်ချချင်ပါတယ်။ 

မြန်မာနိုင်ငံက နိုင်ငံရေး၊ စစ်ရေး မဟာမိတ်တပ်ပေါင်းစု အဖွဲ့အစည်းတွေ သက်တမ်း မရှည်ကြာကြခြင်းက အထက်က အကြောင်းရင်းတွေကြောင့်လို့လည်း ဆိုချင်ပါတယ်။ 

NUCC နဲ့ ပတ်သက်ပြီး အချို့သော အမြင်အယူအဆတွေ ရှိကြရာမှာ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အခု NUCCမှာ ပါဝင်နေကြတာကို သဘာဝမကျဘူး၊ မဖြစ်သင့်ဘူးဆိုတဲ့ အမြင်အယူအဆတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။ NUCC မှာ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေရဲ့ ကိုယ်စားပြုပါဝင်သင့်သလားဆိုတဲ့ မေးခွန်းနဲ့ ဝေဖန်ပြောဆိုကြတာ ဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း၊ သပိတ်ကော်မတီ၊ ကျောင်းသားနဲ့ အလုပ်သမား အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့လိုမျိုးတွေကို NUCC လို နိုင်ငံရေး၊ စစ်ရေး အရ တပ်ပေါင်းစုမှာ ကိုယ်စားပြုနေရာပေးကြတာလဲ ဆိုတဲ့မေးခွန်းမျိုးနဲ့ ဝေဖန်ကြတာဖြစ်ပါတယ်။ 

အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စံနှုန်းကိုင်စွဲမှု ရပ်တည်ချက်တွေကို နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းအချို့က လက်မခံနိုင်ကြတာမျိုးလည်း ဖြစ်ပါတယ်။ 

လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ လူနည်းစု အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက လူနည်းစု အရေးကိစ္စလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သဘောထား မတူတာတွေ ဖြစ်ပေါ်ကြတဲ့အကြောင်း NUCC အဖွဲ့ထဲက အဖွဲ့ဝင်တချို့က လူမှုကွန်ရက်မှာ ရေးသားထားကြတာလည်း တွေ့ကြရပါတယ်။ 

နွေဦးတော်လှန်ရေး ပေါ်ပေါက်စ ကာလတွေမှာတော့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ လူနည်းစု အခွင့်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ ဦးဆောင်ခဲ့ကြတာ ဖြစ်လို့ အဲဒီကာလတွေမှာတော့ လက်တွေ့ နိုင်ငံရေး၊ လက်တွေ့ စစ်ရေး အမြင်တွေ ရှုထောင့်တွေ၊ ရလဒ်ဦးစားပေးတဲ့ ရပ်တည်ချက် လမ်းစဥ်တွေက ရေပန်းမစားခဲ့တဲ့သဘော ဖြစ်ပါတယ်။ 

တော်လှန်ရေး ကာလ တခု ရောက်ရှိလာချိန်မှာ တော်လှန်ရေး အစပိုင်း ကာလလို တက်ကြွလှုပ်ရှားသူတွေ၊ လူနည်းစု အခွင့်အရေး  ဦးစားပေးမှုတွေထက် ရလဒ် အခြေပြုတဲ့ စဥ်းစားမှုတွေ နဲ့ ရပ်တည်ချက်တွေက ရှေ့ရောက်လာကြတာ ဖြစ်ပါတယ်။ လက်တွေ့ မြေပြင်မှာ ရှင်သန်နိုင်ဖို့ အကျိုးရလဒ် ထွက်ဖို့အတွက် စံနှုန်းတွေ၊ တန်ဖိုးတွေကို ရှေ့တန်းတင်ခြင်း မရှိကြတော့ဘဲ ဖြစ်နေတဲ့ အခြေအနေအောက်မှာ ရှင်သန်နိုင်အောင် ကြိုးစားကြရတာလည်း ဖြစ်ပါတယ်။ 

NUCC ကို နိုင်ငံရေး သမိုင်းတွေထဲမှာ အချိန်ကာလတခု ပေါ်ထွက်ပြီး ချုပ်ငြိမ်း ရပ်ဆိုင်းသွားခဲ့ရတဲ့ အချို့သော အဖွဲ့တွေလို တဖြည်းဖြည်း စွန့်ထားခဲ့ကြတော့မှာလား၊ သို့မဟုတ် ပြန်လည်အားကောင်းလာအောင် ညှိနှိုင်းပြောဆိုကြပြီး ရပ်တည်ချက် ရှုမြင်ချက်တွေ ပြန်လည်သုံးသပ်ကာ အားကောင်းအောင် ပြန်ကြိုးစားကြမှာလား ဆိုတဲ့ လမ်းဆုံကို ရောက်နေပြီလို့ ဆိုချင်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar