မောင်လူမွှေး ပြုစုပျိုးထောင်ခွင့်မရတဲ့ ပန်းခင်းတစ်ခင်းကို ကြည့်နေရတဲ့ ခံစားချက်
မောင်လူမွှေး ပြုစုပျိုးထောင်ခွင့်မရတဲ့ ပန်းခင်းတစ်ခင်းကို ကြည့်နေရတဲ့ ခံစားချက်
မိုးမခ ၊ ဇန်နဝါရီ ၁၅ ၊ ၂၀၂၆
ဥယျာဉ်မှူးတစ်ယောက် ပန်းပင်တွေကို ပျိုးပင်လေးတွေဘဝကနေ စတင်ပြုစုလာခဲ့တယ်။ ပျိုးပင်ဘဝမှာ နေပူမမိအောင၊ ထိုက်သင့်တဲ့ နေရောင်လည်းရအောင် ထားတယ်။ ပန်းခင်းထဲမှာ အပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးချိန်ကစလို့ နေ့နေ့ညည ပန်းပင်တွေကို သူ စောင့်ကြည့်တယ်။ လိုအပ်တဲ့ ရေ၊ မြေသြဇာထည့်တယ်။ အနားက ပေါင်းပင်တွေကို ရှင်းလင်းတယ်။ ပိုးမကိုက်အောင် အပင်တွေကို ဂရုစိုက်ကာကွယ်ပေးတယ်။ ပန်းပင်လေးတွေ ရှင်သန်စပြုပြီ။ ပင်စည်လေးတွေ တုတ်ခိုင်စပြုပြီး အရွက်တွေလည်း လှလာပြီ။ မကြာမီမှာ ဖူးတော့၊ ပွင့်တော့မယ်။ ဒီလိုအခြေအနေမှာ ဥယျာဥ်မှူးအတွက် တားမြစ်ချက်တစ်ခု ရောက်လာတယ်။ ပန်းပင်တွေကို ရေမလောင်းရ။ မပြုစုရ။ ပြုစုလျှင် ပန်းပင်တွေကို ခုတ်ပစ်မယ်။ ဒီလို အခြေအနေမှာ ဥယျာဥ်မှူးတစ်ယောက် ဘယ်လိုခံစားရမလဲ။ အဲဒီဥယျာမှူးရဲ့ခံစားချက်ဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ကျောင်းပိတ်လိုက်ရတဲ့ ဆရာတစ်ယောက်ရဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်ခင်ဗျာ။
"Grade 2 လေးတွေဆို အရှိန်ရနေပြီ ဆရာရယ်။ ဆရာတို့ သင်တန်းတုန်းက ဟာလေးတွေ အသုံးချပြီး သင်လိုက်မဟဲ့ လို့ အားတက်နေတာ ကျောင်းကပိတ်လိုက်ရရော။ တအားကို နှမျောတယ်" လို့ မောင်လူမွှေးနဲ့ ရင်းနှီးတဲ့ စစ်ရှောင်ကျောင်း တာဝန်ခံဆရာမက ပြောပါတယ်။
ဆရာမဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်တွေကြောင့် စာမသင်ရဘူး။ ခုဆို ကျောင်းပိတ်ထားရတာ နှစ်လဝန်းကျင်ရှိပြီပေါ့။ စစ်ရှောင်စခန်းမှာ အတူနေပြီး ကလေးတွေကို မြင်နေရပါရက်နဲ့ စာမသင်ရတဲ့ ဆရာမတစ်ယောက်ရဲ့ အဖြစ်။ သူ့ခံစားချက်ကို မောင်လူမွှေး ကောင်းကောင်းကြီး နားလည်ပါတယ်။ တောကျောင်းဆရာ မောင်လူမွှေးလည်း ဒီခံစားချက်တွေကို အကြိမ်ကြိမ် ခံစားခဲ့ရပြီးပြီကိုး။
နောက် အရေးကြီးပြီး လူတွေ သိပ်မစဥ်းစားမိတဲ့ အချက်က ကျောင်းပိတ်နေစဥ်ကာလအတွင်း ဆရာ၊ ဆရာမတွေရဲ့ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာပါ။ အရပ်တပါးကနေလာပြီး စစ်ရှောင်အဖြစ် နေကြရင်း မလောက်မငရတဲ့ ဆရာ၊ ဆရာမ လစာလေးတစ်ခုကိုသာ အားကိုးနေရတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းပိတ်တော့ လစာမရကြပါဘူး။ "ပိုက်ဆံ သုံးစရာမရှိတော့ ဘူး"၊ "မနက်ပိုင်း စပါးရိတ်လိုက်တယ် ဆရာ" ဆိုတဲ့ ရင်ဖွင့်သံတွေ၊ မြေပဲနုတ်လိုက်သွားတာဆရာ..ဖုန်းက အိမ်မှာထားခဲ့တာ။ သူ ရောက်ရင် ပြန်ဆက်ခိုင်းလိုက်မယ်နော ဆရာ" ဆိုတဲ့ ဖုန်းထဲက အသံတွေကို မောင်လူမွှေး ကြားရပါတယ်။
လကုန်ခါနီးရက် မောင်လူမွှေး သွားရင် ကျောင်းဖွင့်ချိန်ကို မျှော်လင့်နေတဲ့ သူတို့ကို တွေ့ရပါတယ်။ မောင်လူမွှေးလည်း သူတို့ကို လစဥ် စနစ်တကျ ပေးအပ်ဖို့ စီစဥ်ထားတဲ့ ငွေကလေးအနည်းငယ်ကို ပေးအပ်ပြီး အားပေးစကားပြောရပါတယ်။ ကလေးတွေ စာမသင်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လေ့လာမှု လုပ်ကြဖို့လည်း တိုက်တွန်းဖြစ်ပါတယ်။ သူတို့ဆီက ပြန်ခဲ့ပြီးရင် မောင်လူမွှေးစိတ်ထဲမှာ မကောင်းဘူး။ ကလေးတွေအတွက်ရော၊ သူတို့အတွက်ရော ခံစားရ။ ပြီးတော့ လူ့အဖွဲ့အစည်းရဲ့ အနာဂါတ်အတွက် ရင်လေးစိတ်တွေ ဝင်လာတတ်ပါတယ်။
ဥယျာဥ်မှူးတစ်ယောက်ရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ကဗျာဆရာကြီး တင်မိုးရဲ့ " ပန်းခူးသမားသို့" ဆိုတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။
ပန်းခူးသမားသို့
မကြိုက်လျှင်ချန်၊ ကြိုက်လျှင်ပန်လော့။
ပန်ပါစေလို၊ ချိုပါစေကြောင်း
ကောင်းပါစေချင်၊ ငါစီရင်လည်း
သင်၏လက်တွင်း၊ ပန်းတစ်ခြင်းမို့
သင်မင်းသင်ပိုင်၊ သင်ပြုနိုင်၏။
ဆိုင်ပေါ်တင်တင်၊ စင်ပေါ်ခင်းခင်း
နင်းလိုနင်းစေ၊ ချေလိုချေလော့။
ပန်းဝေငှသူ၊ ငါ့မှာမူကား
ဝေသူဖြစ်ရ၊ ကျေနပ်လှပြီ။
ရလေယူလေ၊ ပိုင်ကြစေသတည်း။
အခု မောင်လူမွှေးတို့ ဆရာ၊ ဆရာမတွေ ကြုံနေရတာကတော့ ပန်းတွေ မဖူးခင်၊ မပွင့်ခင် ရေမလောင်း ပေါင်းသင်ခွင့်မရဘဲ ကြည့်နေရတဲ့အဖြစ်။ ဝင်ပြီး ရေလောင်းပေါင်းသင်လိုက်လို့ ပန်းပင်တွေကို အမြစ်မကျန်လာခုတ်လှဲခံခဲ့ရရင် ဆရာ၊ ဆရာမကို အပြစ်ပုံချခံရမယ့်အနေအထား။
မောင်လူမွှေးတို့ ဆရာ၊ဆရာမတွေဆိုတာ လူ့အဖွဲ့အစည်း အတွက်အခြေခံအကျဆုံး ပညာရေးကို ပေးနေသူတွေဖြစ်တယ်။ ကလေးတွေကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ စွဲမြဲအောင် သင်မပေးနိုင်ခဲ့ရင်၊ အခြေခံပညာကို ထိုက်သင့်တဲ့ အနေအထားအထိ တတ်မြောက်အောင် သင်ပေးခွင့်မရခဲ့ရင်ကော ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူ့ကို အပြစ်ပုံချမှာလဲ။ တကယ်သေမှာက ကလေးတွေရဲ့ အနာဂတ်။ နိုင်ငံရဲ့အနာဂတ်။ အပြစ်ပုံချဖို့ ကြိုးစားကြတာက မြန်မာ့အစဥ်အလာ။ မောင်လူမွှေးတစ်ယောက် စဥ်းစားရင်း ခေါင်းတွေ ရှုပ်လာလို့ အတွေးကို ခဏရပ်ပြီး ကော်ဖီခွက်ကို ကောက်ကိုင်မော့ပစ်လိုက်တယ်။
"ဆရာ" ဆိုပြီး လမ်းမပေါ်က ကလေးတွေရဲ့ခေါ်သံကို ကြားရတယ်။ ကျောင်းပိတ်ထားတုန်း အချိန်ပိုဖွင့်မှာလား ဆရာတဲ့။ မောင်လူမွှေးတစ်ယောက် အသက်ရှုကျပ်ရသလို မောင်လူမွှေးတို့ထက် အခြေအနေပိုဆိုးတဲ့ နေရာက ဆရာ၊ ဆရာမတွေရဲ့ ခံစားချက်ကို ပိုမိုနားလည်ခံစားမိပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar