Breaking News

ကသာမြို့ သိမ်းဖို့ တိုက်ခိုက်နေစဥ်မှာ နောက်ထပ် ဝန်းသိုမြို့ကို တိုက်ခိုက်မယ်လို့ PDF တပ်တွေ ကြေညာ



မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၆ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၆

ကသာမြို့ သိမ်းဖို့ တိုက်ခိုက်နေစဥ်မှာ နောက်ထပ် ဝန်းသိုမြို့ကို တိုက်ခိုက်မယ်လို့ PDF တပ်တွေ ကြေညာ


ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပဖို့ လုပ်ဆောင်နေစဥ်မှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းက ကသာမြို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်က PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၁၀ ရက်နီးပါး အကြာမှာ ကောလင်းခရိုင်ထဲမှာ ပါဝင်တဲ့ ဝန်းသိုမြို့ကိုလည်း PDF တပ်တွေက မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်မှာဖြစ်လို့မြို့ခံတွေ အနေနဲ့ ဇန်နဝါရီ ၉ ရက်နောက်ဆုံးထားပြီး တိမ်းရှောင်ကြဖို့ ဝန်းသို PDF တပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့ ကသာမြို့ကို သိမ်းယူနိုင်ခြင်း မရှိသေးမီမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာပဲ ကသာမြို့ရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ ဝန်းသိုမြို့ကို မြို့သိမ်းတိုက်ပွဲထပ်မံ ဆင်နွှဲမယ့် အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဝန်းသိုမြို့ရဲ့ တောင်ဘက်က ကောလင်းမြို့ကိုတော့ NUG လက်အောက် PDF တပ်တွေက ၂၀၂၃ နိုဝင်ဘာမှာ သိမ်းယူပြီးနောက် လအနည်းငယ်အကြာမှာ စစ်ကောင်စီတပ်တွေက ၂၀၂၄ ခုနှစ်ဦးပိုင်းမှာ ပြန်လည်တိုက်ခိုက်သိမ်းယူပြီး ယခုလက်ရှိအချိန်ထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ NUG အစိုးရ လက်အောက်က PDF တပ်တွေက ကောလင်းမြို့ကိုလည်း ယခင်လလယ်ပိုင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ကသာ စတဲ့ဒေသတွေမှာ NUG အစိုးရ လက်အောက်က PDF တပ်ရင်းတွေ၊ ABSDF လက်နက်ကိုင်တပ်ရင်းတွေနဲ့ မဟာမိတ် ဖြစ်တဲ့ KIA လက်နက်ကိုင် အဖွဲ့တို့ ပူးပေါင်း လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ NUG လက်အောက်က PDF တပ်ဖွဲ့တွေ အနေနဲ့ ကသာမြို့ သိမ်းတိုက်ပွဲကို ရွေးကောက်ပွဲ ရက်နဲ့ ချိန်ကိုက်ပြီး ဖေါ်ဆောင်ခဲ့တာလို့ ယူဆရပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ကသာမြို့လည်း ပါဝင်ပေမယ့် PDF တပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်မှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

စတင်တိုက်ခိုက်ပြီး ၉ ရက်ဝန်းကျင် အကြာ အနေအထားမှာတော့ ကသာမြို့ တမြို့လုံးကို PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ ရပ်ကွက် အချို့ကို သိမ်းယူထားနိုင်ပြီး မြို့မှာရှိတဲ့ စစ်ကော်မရှင် တပ်ရင်း ခမရ ၃၀၉ ကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

မြို့နေလူထု အများအပြား ကချင်ပြည်နယ်ဘက်နဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့တွေ၊ မန္တလေးတိုင်းဘက် အသီးသီး ဦးတည်တိမ်းရှောင်နေကြတယ်လို့ သတင်းဖေါ်ြပချက်တွေအရ သိရပါတယ်။ ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်မှာ တည်ရှိပြီး မြို့က ထွက်ပြေးတိမ်းရှောင်သူ အများစုက မန္တလေး-မြစ်ကြီးနားရထားလမ်းပေါ်က နဘားမြို့က တဆင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားမြို့တို့ ဘက်ကို သွားရောက်ကြတယ်လို့ သိရပါတယ်။

ကသာမြို့ဟာ ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိပြီး မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားရေလမ်းအရ သွားရောက်မယ်ဆိုရင် ကသာက လမ်းခရီးမှာ ရှိတဲ့ မြို့ဖြစ်သလို အရှေ့မြောက်ဘက် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်တို့နဲ့ ဆက်စပ်နေတဲ့ ပထဝီအနေအထားမှာ ရှိတဲ့မြို့ ဖြစ်ပါတယ်။

လူဦးရေ ၁ သိန်းခွဲကျော်ရှိတဲ့ ကသာမြို့ကနေ လူဦးရေမည်ရွေ့မည်မျှ ထွက်ပြေးတိမ်းရှောင်ခဲ့လဲ ဆိုတာတော့ တိကျတဲ့အရေအတွက်တော့ မသိရှိကြရသေးပါဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက KIA တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခဲ့ပြီး လက်ရှိအချိန်ထိ ဘယ်ဘက်ကမှ အပြတ်အသတ် အနိုင်မရသေးတဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲကို အထောက်အကူဖြစ်စေဖို့ KIA အနေနဲ့ စစ်မျက်နှာ အသစ်ထပ်မံ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိသလားလို့ ခန့်မှန်းကြည့်စရာလည်း ဖြစ်ပါတယ်။ NUG လက်အောက်က PDF တပ်ဖွဲ့၊ မကြာသေးခင်က ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA ရဲ့ အဖွဲ့ဝင် တပ်တွေ ပါဝင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ ဒီဒေသတွေက စစ်ရေးလှုပ်ရှားမှုတွေမှာ KIA ရဲ့ အကူအညီ၊ စစ်ရေးဗျူဟာ လမ်းညွှန်မှုတွေ ပါဝင်နေနိုင်တာလည်း ဖြစ်ပါတယ်။ တနှစ်ကျော်ကြာမြင့်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ အာဏာသိမ်းစစ်တပ် အတွက်သာမက KIA အတွက်လည်း ဂုဏ်သိက္ခာဆိုင်ရာ တိုက်ပွဲတပွဲ ဖြစ်နေတာပါ။ ဗန်းမော်ြမို့သိမ်းတိုက်ပွဲကို အောင်မြင်ဖို့ ဗန်းမော်၊ ကသာ၊ ဝန်းသို၊ ကောလင်း ဒေသတွေမှာ ရှိနေတဲ့ အာဏသိမ်းစစ်တပ်တွေရဲ့ အင်အားစုစည်းမနေအောင် ဗျူဟာချမှတ်ပြီး ကသာနဲ့ ဝန်းသိုမြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲတာလားလို့လည်း တွေးဆစရာရှိပါတယ်။

နယ်မြေသိမ်းပြီး ရန်သူရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ၊ အခွန်အကောက် အလွယ်တကူ ထုတ်ယူနိုင်တဲ့ ကျောက်မျက်ရတနာ၊ ရွှေတို့လို သယံဇာတအရင်းအမြစ်တွေ ရှိတဲ့မြို့တွေကို သိမ်းယူတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ ဖြစ်ပါတယ်။ NUG နဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း အလားတူ ဗျူဟာမျိုး ချမှတ်ကြမှာ အသေအချာပင် ဖြစ်ပါတယ်။ ကသာနဲ့ ဝန်းသို မြို့သိမ်းတိုက်ပွဲတွေဟာ အဆိုပါ ဗျူဟာတွေနဲ့ သက်ဆိုင်သလား မသက်ဆိုင်ဘူးလားတော့ လောလောဆယ်မှာ မပြောနိုင်သေးပါဘူး။

NUG အောက်က PDFတပ်နဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ အဲလို ဗျူဟာအရ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲတာမျိုးဆိုရင်တော့ အဆိုပါ မြို့တွေက မြို့ခံတွေ အနေနဲ့ တိမ်းရှောင်ရ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာ ဖြေသာကောင်း ဖြေသာပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ အခြားသော စစ်ဆင်ရေးတွေ အတွက် ဖြည့်ဆည်းပေးတဲ့အနေနဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာမျိုး၊ ကာလကြာရှည် ထိမ်းသိမ်းမထားနိုင်ဘဲ ရန်သူ့လက် ပြန်ပါသွားတဲ့ အဖြစ်မျိုး ဆိုရင်တော့ မြို့သိမ်းတိုက်ပွဲတွေကို ဒေသခံပြည်သူလူထုတွေ အနေနဲ့ စိတ်ပျက်လာကြပြီး ထောက်ခံမှု ကျဆင်းလာမယ့် အရေးကိုလည်း သတိပြုသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar