မောင်လူမွှေး - ဒရာမာ မခင်းကြတဲ့ ကျနော့် ဘောလုံးသမားတွေ
မောင်လူမွှေး - ဒရာမာ မခင်းကြတဲ့ ကျနော့် ဘောလုံးသမားတွေ
မိုးမခ ၊ ဇန်နဝါရီ ၈ ၊ ၂၀၂၆
ဒီနှစ် ဒီဇင်ဘာ အကစားပြိုင်ပွဲမှာ အမေရိကားက မောင်လူမွှေး ဆရာတွေ ထောက်မထားတဲ့ စစ်ရှောင်ကျောင်းက ကလေးတွေ ဘောလုံးအသင်းတသင်း ထွက်ပြီး ဝင်ပြိုင်ကြတယ်။ မူလတန်းအဆင့် ဘောလုံးအသင်းဟာ ဝတ်စုံတွေနဲ့ဆိုတော့ ကလေးတွေဟာ မြူးကြွနေကြတယ်။ သူများအသင်းတွေလို အင်္ကျီနောက်ကျောမှာ နံပါတ်မပါတာကလွဲရင် မောင်လူမွှေးတို့ရဲ့ စစ်ရှောင်ကျောင်းဘောလုံးအသင်းဟာ တန်းဝင်အသင်းတစ်သင်းပါပဲ။
ပြီးခဲ့တဲ့ လကမှ စစ်ရှောင်ကျောင်း ကျောင်းကော်မတီအသစ်ကို မောင်လူမွှေးတို့ ဖွဲ့စည်းနိုင်ခဲ့တယ်။ အမျိုးသမီး ခုနစ်ယောာက်နဲ့ အမျိုးသား နှစ်ယောက်ပါတဲ့ ကျောင်းကော်မတီ ဖြစ်တယ်။ ကျောင်းကော်မတီမှာ အမျိုးသမီးတွေ ပါဝင်တာ သိပ်အားကိုးရတယ်။ ကလေးတွေအတွက် ဘောလုံးဝတ်စုံတွေရအောင် သူတို့ပဲ စွမ်းဆောင်ကြတာ။ ကော်မတီဝင်တစ်ယောက်ကို တစ်သောင်းထည့်ဝင်ကြပြီး စစ်ရှောင်စခန်းထဲကိုလည်း အလှူနည်းနည်းခံကြသတဲ့။ တစ်သောင်း ဆိုတာ သူတို့စစ်ရှောင်တွေအတွက် နှစ်မနက်စာ လုပ်အားခဖြစ်တယ်။ ဒေသခံတောင်သူတွေလည်း သီးနှံတွေမကောင်းကြတော့ တစ်လမှာ ဆယ့်ငါးမနက်စာ အလုပ်ရကြရင် ကံကောင်းတယ် ဆိုရမယ်။ ဒီတော့ကျောင်းကော်မတီတွေဟာ ကလေးတွေ အားကစားအတွက် သူတို့ တစ်လတာဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းနီးပါးတောင် ထည့်ဝင်ထားတာဖြစ်တယ်။ အဲဒီလို ထည့်ဝင်မှုအားနဲ့ ကလေးတွေဟာ ဘောလုံးဝတ်စုံနဲ့ ဖြစ်လာတာပေါ့။
အခြားအသင်းတွေနဲ့ တန်းသိပ်မတူတာက မောင်လူမွှေးတို့ ဘောလုံးအသင်းက အရပ်ကလေးတွေ ပုကြတယ်။ ဖွံ့ထွားစိုပြည်မှု နည်းနည်း အားနည်းတယ်။ လေ့ကျင့်မှုအားနည်းတယ်။ ဘောလုံးပွဲကန်နေစဥ်အတွင်း လူလဲစရာ အရန်နှစ်ယောက် ပါတာကတော့ မဆိုးဘူးပေါ့။ မောင်လူမွှေးတို့ လင်မယား နှစ်ယောက် တပည့်ကျော်တွေကို အားပေးဖို့ အသွားအပြန် ဆယ့်ငါးမိုင်လောက်ခရီးကို ဆိုင်ကယ်နဲ့သွားရတယ်။ ပြိုင်ပွဲပထမနေ့မှာ စစ်ရှောင်စခန်းက ပရိတ်သတ်တွေ လိုက်ပါအားပေးချင်လျက်နဲ့ နေခဲ့ကြရတယ်။ အကူအညီပေးမယ့်ကားက လေဘာကြိုးပြတ်သွားလို့ တဲ့။
ကလေးတွေလည်း အဆင်ပြေအောင်၊ စစ်ရှောင်စခန်းက လူတွေလည်း ကလေးတွေရဲ့ ဘော်လုံးပွဲကို လိုက်ပါအားပေးနိုင်အောင် ကျောင်းကဆရာ၊ ဆရာမတွေက ကားတစ်စီးကို ဓာတ်ဆီဖိုးလောက်နဲ့ အကူအညီတောင်းထားတာ။ တစ်ခေါက်ကို လေးသောင်း။ အုပ်စုတင် ပြုတ်မှာပါကွာဆိုပြီး မောင်လူမွှေးက ပြိုင်ပွဲနှစ်ရက်စာအတွက် ရန်ပုံငွေထဲက တစ်သိန်းထုတ်ပေးခဲ့တယ်။ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ မောင်လူမွှေးတို့ ကိုယ့်တပည့်တွေကို ဒီလို ယုံကြည်ကြပါတယ်။
မောင်လူမွှေးတို့ စစ်ရှောင်ကျောင်းက အထက ကျောင်းနှစ်ကျောင်းနဲ့ အုပ်စုတစ်စုတည်း ကျပါတယ်။ ပထမနေ့ ပြိုင်ပွဲမှာ ကလေးတွေက ကြိုးစားကန်ကြတယ်။ သူတို့ဘဝအတွက် ပရိသတ်အများဆုံးရှေ့မှာ ပထမဆုံး ကန်ဖူးတဲ့ အတွေ့အကြုံပေါ့။ မူလတန်းချင်းတူပေမယ့် အရပ်အမောင်းနဲ့ ခန္ဓာကိုယ် ဖွံ့ထားမှု တွေကွာတယ်။ ကန်နိုင်တဲ့ အားလည်း ကွာတယ်။ ပထမပိုင်း တစ်ဂိုးပဲ ပေးရတယ်။ ဒုတိယပိုင်း ခြောက်ဂိုး ပေးရတယ်။ ဒါတောင် ဂိုးသမား တပည့်ကျော်က လက်စွမ်းကောင်းပေလို့။ ပွဲပြီးတော့ တပည့်ကျော်တွေကို နှစ်သိမ့်မယ် ရှိသေး။ " နောက်ပွဲနိုင်အောင် ကန်မယ်နော ဆရာ" လို့ မောင်လူမွှေးကို ဦးအောင် နှစ်သိမ့်တာ ခံလိုက်ရတယ်။
နောက်တစ်ရက်ခြားမှာ နောက် အ.ထ.က အသင်းတစ်သင်းနဲ့ ကန်ကြရပြန်တယ်။ အဲဒီနေ့ မနက်ကတည်းက "သွားရမှာနော်။ ကလေးတွေက ဆရာက ရှုံးလို့မလာတာ ထင်နေဦးမယ်" လို့ မစ်(စ)မွှေးက သတိပေးတယ်။ မောင်လူမွှေးတို့ ရောက်တော့ ကွင်းမှာ စစ်ရှောင်စခန်းက ပရိတ်သတ်တွေလည်း ရောက်နှင့်နေပြီ။ ဒီနေ့တော့ ကားနဲ့မို့ အားပေးမယ့် လူတွေ လိုက်ခွင့်ရကြတယ်။ ကလေးတွေကလည်း အားတက်နေကြတယ်။
ဒုတိယအကြိမ်တွေ့တဲ့ အသင်းကတော့ အ.ထ.က ကျောင်းဆိုပေမယ့် အလုံးအရပ်တွေက မောင်လူမွှေးတို့ ကျောင်းက ကောင်တွေနဲ့ သိပ်မကွာဘူး။ တကယ်ကန်ကြတော့ ပွဲချိန်အားလုံးနီးပါးကို မောင်လူမွှေးတို့ စစ်ရှောင်အသင်းက စီးထားတယ်။ ဂိုးတော့မလို၊ ဂိုးတော့မလိုနဲ့ ဂိုးမရှိသရေကျခဲ့ရတယ်။ တစ်ဂိုးလေးသာသွင်းပြီး အနိုင်ရခဲ့ရင် မောင်လူမွှေးတို့အသင်း အုပ်စု တက်ရမှာ ။ သရေကျတဲ့ အတွက် အုပ်စုကနေ ထွက်ခဲ့ရတယ်။ ပွဲပြီးတာနဲ့ ကလေးတွေကို ချီးကျူးပြီး သူတို့ကိုလည်း လက်ခုပ်တီးခိုင်းတယ်။ အတွေ့အကြုံသစ်တွေ သူတို့ရပါပြီ။
ဘောလုံးပွဲမှာ တစ်ခုသိသိသာ သတိထားမိတာက အားပေးကြတဲ့ ပရိသတ်ပါ။ စစ်ရှောင်ကျောင်း ဘောလုံးအသင်းကို အားပေးကြတယ်။ မောင်လူမွှေးတို့ စစ်ရှောင်ကျောင်းနဲ့ ကန်ရတဲ့ တစ်ဖက်အသင်းက ပရိသတ်တွေတောင်မှာ သူတို့အသင်းကို တစ်ဖက်သတ် စိတ်လွတ်အားပေးတာမျိုး မရှိတာကို တွေ့ရတယ်။ ကရုဏာတရားထားခြင်းခံရတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။
မောင်လူမွှေးကိုယ်တိုင်တောင် ကိုယ့်တပည့် ဘောလုံးသမားလေးတွေကို ကြည့်ပြီးတော့မှာ "သြ.. ငါ့ကောင်တွေ နေရာထိုင်ခင်းမကောင်း၊ အစားအသောက် ချို့တဲ့တဲ့ကြားက ရှိသမျှ အားထုတ်ကြရှာတယ်" လို့ တွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ကလေးတွေကတော့ သူတို့ဘဝကို သူတို့ ဒရာမာတွေ ခင်းမနေပါဘူး။
ဘောလုံးကွင်းထဲရောက်ရင် ဘောလုံးသမားလေးတွေလို ကြိုးစားကန်ကြတာပဲ။ အနစ်နာခံသူတွေကြီးအဖြစ် ပြောဆိုမှုတွေကို ကြားနေရတာများတော့ ဒရာမာမခင်းတတ်တဲ့ မောင်လူမွှေး တပည့်တွေကို စိတ်ထဲက ချီးကျုးမိပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ့်ဘဝကိုယ် သနားစရာဖြစ်အောင် ဒရာမာတွေ မခင်းဘဲ ကြိုးစားရုန်းကန်ကြတဲ့ ဘောလုံးသမားလေးတွေ၊ ဘဝမေ့သွားလောက်တဲ့ထိ အားပေးကြတဲ့ စစ်ရှောင်ပရိသတ်တွေဆီကနေ မောင်လူမွှေးတစ်ယောက် အားအင်တွေရရှိခဲ့ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar