မောင်တူး - နိုင်ငံတော်အတိုင်ပင်ခံရာထူး တီထွင်ခဲ့သူ ဦးကိုနီ
မောင်တူး - နိုင်ငံတော်အတိုင်ပင်ခံရာထူး တီထွင်ခဲ့သူ ဦးကိုနီ
မိုးမခ ၊ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆
အောင်ဆန်းစုကြည်၊ အားကိုးသည်ဆို
ဦးကိုနီ ခေါ်၊ ရှေ့နေကျော်ကား
တရားဥပဒေ၊ မြန်မာပြေထက်
အောင်ပွဲဆက်ရေး၊ ကြံဆတွေးလျှက်
တိုက်ပွဲဆက်ရင်း၊ လှော်တက်ကျိုးခဲ့
ကိုးနှစ်ပြည့်ခဲ့ပါလေပြီ။ ။
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ သမ္မတ ဖြစ်ခွင့် ရစရာ မလိုအပ်ဘဲ သမ္မတအထက်မှာ နေနိုင်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးကို ပေါ်ပေါက်လာဖို့ အဓိကအကြံပေးခဲ့သူကတော့ ရှေ့နေကြီး ဦးကိုနီ ဖြစ်ပါတယ်။ ဒီလိုအကြံပေးနိုင်ခဲ့တာကြောင့်ပဲ အညှိုးထားခံခဲ့ရပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြခံရ၊ ပွဲချင်းပြီး ဦးကိုနီ သေဆုံးသွားခဲ့ရတာပါ။ ဒီနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ အာဇာနည်သူရဲကောင်း ဦးကိုနီ ကွယ်လွန်ခဲ့တာ ၉ နှစ်ပြည့်ပါပြီ။
အာဇာနည်သူရဲကောင်း ဦးကိုနီနဲ့ တက္ကစီဆရာ ကိုနေဝင်း
ဦးကိုနီ လုပ်ကြံခံရပြီးနောက် သေနတ်သမား ကြည်လင်းကို အသေခံ တိုက်ခိုက်ခဲ့တဲ့ တက္ကဆီဆရာ ဦးနေဝင်းနဲ့ ဦးကိုနီတို့ ၂ ဦးကို အာဇာနည် သူရဲကောင်းတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံက ဂုဏ်ပြုပြောကြားခဲ့ဘူးပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ဦးကိုနီ နဲ့ ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
"ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အခြေအနေမှာ မလုပ်သင့် မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲတဲ့အချိန်မှာ ဒီလို ကျမတို့အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ (ဦးကိုနီ၊ ဦးနေဝင်း) ကျမတို့ အဖွဲ့ရဲ့ သားကောင်းများ၊ နိုင်ငံတော်ရဲ့သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အတိတ်ကိုအမြဲတမ်းအောက်မေ့ ပြီးတော့ အင်အားဖြစ်ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်၊ ကျေးဇူးတင်ပါတယ်"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဟာ ဥပဒေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပုံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါပုံတွေကို ကောင်းစွာသိရှိ သူဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကူညီကြိုးစားပေးခဲ့တာကို ချီးကျူး စကားလည်းပြောခဲ့ပြီး ဦးကိုနီ သေဆုံးမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် တယ်လို့ ပြောခဲ့ပါတယ်။ တပြိုင်နက်တည်းပဲ လုပ်ကြံသူကို ဝိုင်းဖမ်းဆီးပေးခဲ့တဲ့ သာမန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ အငှားယာဉ်မောင်း ဦးနေဝင်း ဟာ ရာထူးရှိသူတွေထက် ပိုပြီး တာဝန်သိတတ်သူဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
အမှန်တရားဆိုတဲ့
ကိုယ်ယုံကြည်ရာတခုအတွက်
အသက်ကိုပဓာနမထားပဲ
ခရီးဆက်နေဆဲဖြစ်တဲ့
ရှေ့နေကြီးဦးကိုနီကို ပစ်လိုက်တဲ့
ကြည်လင်းရဲ့သေနတ်ဟာ
အားပေးအားမြှောက်ပြုနေကြတဲ့
အဓမ္မ ဘက်တော်သားတွေကို
ကိုယ်စားပြုသလို
ကိုနေဝင်းပစ်လိုက်တဲ့
အုတ်နီခဲဟာလည်း
အမှန်တရားကိုချစ်မြတ်နိုးကြတဲ့
ဓမ္မ ဘက်တော်သားတွေကိုကိုယ်စားပြုတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဦးကိုနီ (၁၁ ဖေဖော်ဝါရီ ၁၉၅၃ - ၂၉ ဇန်နဝါရီ ၂၀၁၇) ဟာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာဇာတိ ဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့တဲ့ နာမည်ကျော် ရှေ့နေတဦးပါ။ သူဟာ ကသာမြို့ အထက (၁) ကျောင်းက ၁၉၇၁ ခုနှစ်မှာ ၁၀ တန်းအောင်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်က ၁၉၇၅ ခုနှစ်မှာ B.A(Law) ဘွဲ့ရရှိခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာ LL.B ( ဥပဒေဘွဲ့) ထပ်ရတယ်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်း ဒုဥက္ကဋ္ဌ ဖြစ်ပြီး ၁၉၇၇ က ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန နည်းပညာဆရာလုပ်ခဲ့ပါတယ်။
ရှေ့နေကြီး ဦးကိုယုဆီမှာ အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေလုပ်ခဲ့ရာက သူဟာ ၁၉၉၅ ခုနှစ်မှာ Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌလုပ်ခဲ့တယ်။ သူဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကျွမ်းကျင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထူးထူးဆန်းဆန်း လျှို့ဝှက် တည်ရှိနေတဲ့ ပုဒ်မတခုကို ဖော်ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အကြံပေး အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး ရစေအောင် စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူပါ။ ဒါတွေကြောင့်လည်း စစ်တပ်က သူ့ကို အညှိုးထားနေခဲ့တာလို့ သုံးသပ်နေကြတာလေ။
ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံက Senior Leadership Programme ကို တက်ရပြီးအပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။
(ဦးကိုနီ လုပ်ကြံခံရတဲ့အပေါ် အမြင်အမျိုးမျိုးနဲ့ ပြောဆိုခဲ့ကြ)
ဦးကိုနီ လုပ်ကြံမှုကို အမြင်အမျိုးမျိုးနဲ့ ပြောဆိုခဲ့ကြပါတယ်။ ရှု့ထောင့်စုံပါပဲ။ အခု ကိုးနှစ်တိုင်အောင်လည်း မေးခွန်းတွေရှိနေကြဆဲပါပဲ။ တရားခံတွေ အားလုံး မမိသေးဘူးလား။ နောက်ကွယ် ကြိုးကိုင်ခဲ့ကြတဲ့ လက်မည်းကြီးတွေကိုရော ထင်ရှားစွာ မြင်ကြရပြီလား။ ဦးကိုနီမိသားစုက ပြောသလို ဦးကိုနီအတွက် တရားမျှတမှုကော ရပြီလား။ အမေးကားရှိ၏။ အဖြေကတော့ မရေရာသေး။ မသေခြာသေး။ သေခြာတာကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက် အထင်ကရ နေရာကြီးမှာ ဦးကိုနီ သေနတ်ပစ် လုပ်ကြံခံခဲ့ရမှုဟာ ဆိုးရွားတဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေနဲ့ မြန်မာပြည်ဆိုတာ ထင်ရှားသွားစေတာပါ။ အခု နွေဦးမှာဆို စစ်အာဏာသိမ်းလက်ထက် တရားဥပဒေစိုးမိုးခြင်းဆိုတာ ပျောက်ကွယ်နေရပြီပေါ့။
ဦးကိုနီ အမှု ရှေ့နေ ဦးခင်မောင်ဌေး အမြင်
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွှားမယ့် ထွက်ပေါက်ကို ဦးကိုနီက ဖန်တီးပေးခဲ့တာလို့ ရှေ့နေဦးခင်မောင်ဌေး ပြောပါတယ်။ “ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရဖွဲ့ရင်တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံက ကန့်ထားတယ်။ ဒီဟာရဲ့ ထွက်ပေါက်က နိုင်ငံတော်အတိုင်ပင်ခံဥပဒေပဲ။ ဦးကိုနီက ဖွဲ့စည်းပုံကို ကြည့်ပြီးတော့ပဲ ထွက်ပေါက်တစ်ခုရအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို လုပ်ခဲ့တာ” လို့ ဦးခင်မောင်ဌေးက ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မရတော့ ဖွဲ့စည်းပုံပေးထားချက်ကို မဆန့်ကျင်ဘဲ ဆောင်ရွက်နိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးကိုနီက Laurel Law Firm လုပ်ဖော်ကိုင်ဖက်ရှေ့နေတွေနဲ့ ဆွေးနွေးပြီး ဒေါ်စုကို တင်ပြခဲ့တယ်။ နောက် လွှတ်တော်မှာတင်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခဲ့တာပါ။
ဦးသန်းရွှေအတွက် ကြံစည်ထားသော ပုဒ်မ
၂၀၀၈ ဥပဒေထဲမှာ သမ္မတအထက်မှာ တဦးဦးက ရာထူးတခုခု ဖန်တီးပြီး သမ္မတကို ချုပ်ကိုင်နိုင်ဖို့ ပုဒ်မတခု ထည့်ထားခဲ့ပုံပါပဲ။ ဒါဟာ ဦးသန်းရွှေက နေရာယူဖို့ ကြိုပြင်ဆင်ထားခဲ့တာလို့ ပြောခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသန်းရွှေက သူစိတ်ချရသူ သမ္မတ ဖြစ်သွားတာမို့ ဒီနေရာကို ဝင်မယူတော့တဲ့သဘောပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၂၁၇ မှာ-
“ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦး အားလည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ”
ဆိုပြီး ပြဋ္ဌာန်းထားတာကို သေသေခြာခြာ စိစစ်လေ့လာခဲ့သူ ဦးကိုနီက သိလို့ အကြံပေးခဲ့တာပါ။ ဒီအကြောင်းကို ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကလည်း သူ့ရဲ့ “သံသရာတကွေ့” စာအုပ်ထူကြီးထဲမှာလည်း ရေးသားထားခဲ့ပါတယ်။
အကယ်ဒမီ ဦးကျော်သူရဲ့ အမြင် သဘောထား
ကိုကျော်သူက အခုလို ပြောခဲ့တယ်။ "ဒီလို လုပ်ကြံတယ်ဆိုတာ ယောက်ျားချင်း သတ္တိရှိရှိ လုပ်တာမဟုတ်ဘူး။ ယောက်ျားတန်မဲ့ အနောက်ကနေပြီးတော့ကလေးချီထားတဲ့သူကို ဒီလို တေ့ပြီးပစ်တယ်ဆိုတာဟာ ဒါဟာ တော်တော်ကို ဆိုးဝါးတဲ့ကိစ္စပဲ။ ဒါတွေက လူစိတ်ပျောက်နေတာ။ လူစိတ်ပျောက်နေတာက ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးတဲ့အတွက်ပဲ။ ဗြဟ္မစိုရ်တရားကို ကျနော်တို့ ပြည်သူပြည်သားတွေ အားလုံးကလည်း လက်ကိုင်ပြုရမှာ ဖြစ်သလို တိုင်းပြည်အုပ်ချုပ်သူတွေကလည်း ဗြဟ္မစိုရ်တရားကို လက်ကိုင်ပြုပြီး အုပ်ချုပ်ဖို့ အရေးကြီးတယ်။ " လို့ မေးမြန်းခန်းတခုမှာ ဦးကိုနီ လုပ်ကြံခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ လူသတ်သမား ကြည်လင်းကို ဖမ်းစဉ် သေဆုံးသူ တက္ကစီသမား ကိုနေဝင်းရဲ့ မိသားစု ပညာရေး ကျန်းမာရေးတွေအတွက်လည်း နာရေးကူညီမှုအသင်းကနေ တာဝန်ယူပေးခဲ့ပါသေးတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပက္ခာ ဗြဟ္မစိုရ်တရား ၄ ပါးကို တကမ္ဘာလုံး လက်ကိုင်ထားကြရင် ကမ္ဘာလုံး ငြိမ်းချမ်းမယ်လို့ ဦးကျော်သူက ဆိုခဲ့ပါတယ်။ ဦးကိုနီကို လုပ်ကြံမှုလိုပဲ တရားမဲ့တာတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ကစပြီး ၅ နှစ်အတွင်းမှာ အဆိုးဆုံး အရက်စက်ဆုံးဖြစ်လာနေပါပြီ။ စစ်အာဏာရှင် ရှိနေသမျှ မြန်မာပြည်မှာ ဗြဟ္မစိုရ်တရားတွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပက္ခာ ဆိုတာတွေ ပျောက်ကွယ်နေဦးမှာပါ။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေ့စ်ဘုတ်စာသား
ကိုနေမျိုးဇင်က ဦးကိုနီ လုပ်ကြံခံရတဲ့ ၉ နှစ်မြောက် ဇန်နဝါရီ ၂၉ ရက်မှာပဲ အခုလို ရေးထားပါတယ်။
"သူ လုပ်ကြံ မခံရခင် ရက်ပိုင်းအလို ကျနော်နဲ့ တွေ့တုန်းက သူ့ကို လူတစုက လုပ်ကြံဖို့ ကြိုးစားနေကြောင်း ကျနော့်ကို ပြောပြခဲ့တယ်။ ဦးကိုနီ ဟောပြောနေတဲ့ တာမွေက ကွင်းရှေ့ မဘသ အရေခြုံ ဘုန်းကြီးတုတွေနဲ့ ကျနော် စင်အရှေ့မှာ ဆွဲလွဲတွန်းထိုးဖြစ်ကြတယ်။ အဲဒီ ရုန်းရင်းဆန်ခတ် အခြေအနေတွေထဲ ကျနော် ဖြတ်ကနဲ မြင်လိုက်မိတာက သင်္ဃန်းအောက် ခါးကြားက လက်ထနေအောင် သွေးထားတဲ့ ဓါးရှည်တချောင်း…..အခုထိ မျက်စိထဲက မထွက်သေးဘူး။ ခု (၉) နှစ်တောင် ပြည့်ပြီ။ ဆရာဦးကိုနီဟာ ကျနော် လေးစားရတဲ့ လူသားတဦးဖြစ်တယ်။
ကိုနေမျိုးဇင်ရဲ့ စာအရဆို ဦးကိုနီဟာ သူ့အန္တရာယ် အရိပ်အငွေ့တွေကို ကြိုသိနေတာပဲ။ ဒီလို သိနေတဲ့ကြားကပဲ လုပ်သင့်တာကို ရဲရဲဝင့်ဝင့် နောက်မတွန့်ပဲ ရှေ့ဆက်သွားခဲ့တဲ့သူပါလား။ နောက်ပြီး ကိုနေမျိုးဇင်ရဲ့ စာအရပဲ သင်္ဃန်းအောက်မှာ ထက်မြတဲ့ ဓားတွေဝှက်ပြီးတော့ကို ဖြစ်နေတဲ့ပုံတွေကလည်း မြန်မာပြည်ရဲ့ ဗုဒ္ဓသာသာနတော်ကြီး ဆုတ်ယုတ်လာနေတဲ့ အခြေအနေကို လယ်ပြင်ဆင်သွား ထင်ရှားအောင်ပြနေသလိုပါပဲ။ ဒီလိုနဲ့ဘဲ ဒီနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ အာဇာနည် သူရဲကောင်း ဦးကိုနီ ကွယ်လွန်ခဲ့တာ ၉ နှစ်ပြည့်လာပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ အပုပ်နံ့တွေက လှိုင်လှိုင်နံဆဲ။ တရားဥပဒေ မစိုးမိုးမှုတွေက တိုးလာနေဆဲပေါ့။
ဓမ္မနှင့်အဓမ္မ
အမှောင်နဲ့အလင်းစစ်ခင်းကြတဲ့
အားပြိုင်ကြတဲ့ပွဲမှာ
ကိုနေဝင်းရဲ့ အုတ်နီခဲဟာ
အရှိန်အဟုန်နဲ့ယနေ့ထိအားကောင်းနေဆဲမို့
ဘုရားသူခိုးလူသတ်သမားကြည်လင်းကိုမှန်တယ်။
ထမင်းဝအောင်စားထားဆိုတဲ့
လူသတ်သမားရဲ့ဆရာ
မသမာသူ ဝီရသူနဲ့သူ့ရဲ့
အပေါင်းပါတွေကိုပါမှန်တယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မြန်မာပြည် အာဇာနည် သူရဲကောင်း ဦးကိုနီရဲ့ ကွယ်လွန်ခြင်း ၉ နှစ်မြောက်နေ့မှာ ဦးကိုနီရဲ့ သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်ရဲ့ သူ့ဖခင် ကွယ်လွန်ည လွန်ခဲ့သော ၉ နှစ်က ပြောကြားချက်ကိုပဲ ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
"ကျမအဖေ ဆုံးသွားလို့ သူ ဒီအလုပ်လုပ်တာ
မှားတယ်လို့ ကျမမထင်ဘူး။
သူ ဒီအလုပ်လုပ်လို့ သေသွားရတယ်လို့
ကျမ နောင်တရတဲ့စိတ် မဖြစ်ဘူး။
လုပ်ဖို့လိုလို့ လုပ်တယ်။
သေဖို့ရှိလို့ သေသွားတယ်။
သူရဲကောင်းဆိုတာဒီလိုပဲ သွားကြတာပါပဲ။ ။
ကိုးကား—
အာရ်အက်ဖ်အေ အသံလွှင့်သတင်းများ
ဒီဗွီဘီ သတင်းများ
မြန်မာနောင်း သတင်းဆောင်းပါးများ
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar