Breaking News

ကုန်လွန်ခဲ့တဲ့ ၅ နှစ်တာမှာ ခံစားခဲ့ကြရတဲ့ မြန်မာလူထုရဲ့ ဒုက္ခ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၊  ၂၀၂၆


ကုန်လွန်ခဲ့တဲ့ ၅ နှစ်တာမှာ ခံစားခဲ့ကြရတဲ့ မြန်မာလူထုရဲ့ ဒုက္ခ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တာ အခုဆို ၅ နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ဇန်နဝါရီ ၃၁ ရက်နေ့ ညသန်းခေါင်မှာ နေပြည်တော်၊ တိုင်းနဲ့ပြည်နယ်မြို့တွေနဲ့ နယ်မြို့အချို့မှာပါ အဲဒီအချိန်က ပြည်ထောင်စု အစိုးရအဖွဲ့ဝင်အများစု၊ ပြည်နယ် တိုင်းအစိုးရအဖွဲ့ဝင် အချို့နဲ့ NLD ပါတီက ဥက္ကဋ္ဌတို့လို သူတွေကို တပြိုင်နက်ထည်း ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ နောက်တနေ့ နံနက်မှာ လွှတ်တော်တက်ရောက်ဖို့ နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းခိုနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဝင်းတံခါးကို စစ်တပ်နဲ့ လုံခြုံရေးတပ်တွေက ဝိုင်းပိတ်ဆို့ထားလိုက်တာ ဖြစ်ပါတယ်။ 

စစ်အစိုးရအုပ်ချုပ်မှု ၂၂ နှစ် အကြာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလလို့ ဆိုကြတဲ့ ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ် ၁၀ နှစ်ကြာပြီးနောက်မှာ စစ်အာဏာသိမ်းမှုချောက်ထဲမြန်မာနိုင်ငံ တကျော့ပြန်ကျဆင်းခဲ့ပြန်ပါတယ်။ အခုတကြိမ် ကျဆင်းတဲ့ ချောက်က ပြည်တွင်းစစ်မီးလို့ဆိုတဲ့ ချောက်ထဲဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးလအနည်းငယ်အကြာမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခဲ့ပြီး နောက် ၁ လအကြာမှာ အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းကာ အဲဒီနောက်မှာတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ၅ နှစ်တင်းတင်းပြည့်ချိန်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က မြန်မာလူထုရဲ့ ဒုက္ခတွေ ပိုကျပ်တည်းလာခဲ့တယ်လို့ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အခြားဖမ်းဆီးခံထားတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်သလို မြန်မာစစ်တပ်က နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့်တိုင် အပြစ်ပေးခံရခြင်း မရှိဘဲလွတ်ကင်းခွင့်ရနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မိမိတို့ နေအိမ်၊ မြို့ရွာတွေကနေ စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသူ အနည်းဆုံး ၃.၆ သန်းရှိနေသလို ပြည်ပမှာ မြန်မာနိုင်ငံသား ၅.၂ သန်းနီးပါးက ပြည်ပမှာ တိမ်းရှောင်နေထိုင် လုပ်ကိုင် နေကြရတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီဖော်ပြမှုတွေက အရေအတွက် ကိန်းဂဏန်းတွေ ဖြစ်လို့ ဒီသန်းနဲ့ချီတဲ့ ကိန်းဂဏန်းတွေထဲက တဦး တယောက်ချင်းစီရဲ့ ခက်ခဲကျပ်တည်းတဲ့ဘဝတွေ ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်တွေ၊ ခက်ခဲကျပ်တည်းမှုတွေကြား ဆက်ရှင်သန်ခွင့်မရတော့ဘဲ လူ့လောကကနေ အချိန်မတန်မီ စွန့်ခွာသွားရသူတွေရဲ့ အဖြစ်အပျက် တခုစီတွေက ပိုမိုကြေကွဲဖွယ်ရာ ကောင်းလှပါတယ်။ 

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အခုလို ပြောဆိုချက်က ဘာအကျိုးသက်ရောက်မှု ရှိမလဲလို့ဆိုရင် ထူးထူးခြားခြား သက်ရောက်မှုတော့ ရှိဖို့အလားအလာ မမြင်ပါဘူး။ မြန်မာ့အရေးမှာ အဓိကပါဝင်နေသူ၊ အဖွဲ့အစည်းတွေကို တိုက်တွန်းပြောဆိုချက်တွေ ပြောဆိုပေမဲ့လည်း အဓိကပါဝင်နေသူတွေ အနေနဲ့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်ကို အလေးအနက်ထား စဥ်းစားကြမယ့် လက္ခဏာ သိပ်မမြင်ရပါဘူး။ အဓိကပါဝင်နေသူတွေ ဆိုရာမှာ အထူးသဖြင့် အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ဒုတိယအနေနဲ့ဆိုရရင် အာဏာသိမ်းပြီးနောက် အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အာဏာမသိမ်းမီကတည်းကရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ တို့ကို ရည်ညွှန်းဆိုလိုတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်တာ ပြည်တွင်းစစ်မှာ အဓိကပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ထိ အောင်မြင်ပေါက်မြောက်ကြပါသလဲ။ နယ်မြေ ထိန်းချုပ်နိုင်မှုအရဆိုရင်တော့ အာဏာသိမ်းတဲ့ စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်းမှာ မြန်မာနိုင်ငံရဲ့ နယ်မြေ ၄၀ ရာနှုန်းကနေ ၅၀ ရာနှုန်းလောက်ထိ လက်လွှတ်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး စတဲ့ဒေသတွေမှာ လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့တာ၊ စိတ်ချစွာ ဖြတ်သန်းသွားလာခြင်း မပြုနိုင်တော့တဲ့ နယ်မြေတွေအများအပြားရှိလာခဲ့ပါတယ်။ 

ဒီအချက်ကိုကြည့်ရင် အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်စွမ်း မရှိတဲ့အချက်က ထင်ရှားပါတယ်။ စစ်အာဏာသိမ်းစဥ်အချိန်က တည်ငြိမ်နေသေးတဲ့ မိမိတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို လုပ်ကိုင်ပြီး ရှင်သန်နေထိုင်နိုင်တဲ့ နေရာဒေသအများအပြားဟာ အခုနေအခါမှာ စိုက်ပျိုး မွေးမြူ ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်နိုင်ခြင်း မရှိကြတော့တာတွေ့ရပါတယ်။ သူတို့နေထိုင်ရာ မြို့တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာ၊ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ရွာတွေ ပျက်စီးကုန်တာ၊ လမ်းပန်းခရီးမှာ လုံခြုံမှုမရှိတာကြောင့် သို့မဟုတ် လမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် စိုက်ပျိုးမွေးမြူရေး မလုပ်ကိုင်နိုင်ကြတော့တာ စတဲ့ အခြေအနေတွေက အဆိုပါဒေသတွေက လူထုတွေအဖို့ စားဝတ်နေရေး အသက်ရှင်ရေးကို နေ့စဥ်နဲ့ အမျှ ခြိမ်းခြောက်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၅ နှစ်တာကို ပြန်လှည့်ကြည့်ကာ သုံးသပ်ကြည့်မယ်ဆိုရင် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဆယ်စုနှစ်များစွာအတွင်း ၄င်းတို့ ထိန်းချုပ်အုပ်ချုပ်နိုင်ခြင်း မရှိတဲ့ဒေသတွေကို လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ကိုးကန့်၊ တအာင်းပလောင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း ပြည်နယ်တွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြတဲ့လူငယ်အများအပြား ၄င်းတို့ဆန္ဒအလျောက် ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့တွေက ဆင့်ခေါ် ၊ ဖိအားပေးမှုကြောင့် လက်နက်ကိုင် တပ်သားသစ် အများအပြား စုဆောင်းလာနိုင်တာ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အခုလို နယ်မြေ အများအပြား သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေထဲက အချို့ကို အာဏာသိမ်းစစ်တပ် အနေနဲ့ ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေလည်း ရှိနေတာ ဖြစ်လို့ ဒီဒေသတွေ နယ်မြေတွေမှာ လူထုအနေနဲ့ စိတ်ချလက်ချ နေထိုင်နိုင်ကြတဲ့ အနေအထားတော့ ရှိမနေပါဘူး။ အဲဒီလို မတည်မငြိမ် အခြေမကျ ဖြစ်နေတဲ့ နေရာဒေသတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ တပြန်တလှန် သိမ်းယူခံရတဲ့ မြို့တွေ၊ မကြာခဏ စစ်ကြောင်းထိုးခံရပြီး ဖျက်ဆီးခံရတဲ့ ဒေသတွေက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ကရင်၊ ရှမ်း နဲ့ ချင်းပြည်နယ်တွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ကျောက်မျက်၊ သစ် နဲ့ ရွှေ၊ မြေရှား၊ သတ္တုလို နိုင်ငံရဲ့ သဘာဝသယံဇာတတွေလည်း အမြန်ဆုံးနှုန်းနဲ့ ပြုန်းတီးနေတာ တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ မဟာဗျူဟာမြောက် သယံဇာတလို့ ဆိုကြတဲ့ မြေရှား ထုတ်လုပ်မှုက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ဘက်ဒေသတွေမှာ အများအပြား ရှိနေပြီး သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးတဲ့ အကျိုးဆက်တွေ ရှိနေတာဖြစ်ပါတယ်။ ရွှေတူးဖော်မှုကိုလည်း မြစ်ချောင်းတွေရဲ့ အဖျားပိုင်းတွေ ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်းနဲ့ ရှမ်းပြည်နယ် နေရာအများအပြားမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ 

ရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းတွေ တိမ်ကောလာတာ မိုးရာသီမှာ ရေကြီးတာ စိုက်ပျိုးမြေပျက်စီးသွားတာ စတဲ့ အကျိုးဆက်တွေက ခုလတ်တလောတင်မက အနာဂတ်ကာလတွေမှာ သက်ရောက်ခံစားကြရဦးမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက အလောင်းတော်ကဿပ ဘေးမဲ့တော အဖြစ်နဲ့ သတ်မှတ်ထားတဲ့ နယ်မြေထဲက သစ်တွေလည်း လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အများအပြားထုတ်ယူ ရောင်းချနေကြတာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်ရဲ့ နောက်အကျိုးဆက်တခုက မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ် ကြတဲ့ပြဿနာဖြစ်ပါတယ်။ ပြည်တွင်းစစ် ကျယ်ပြန့်စွာ ဖြစ်ပွားလာချိန်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဘိန်းစိုက်ပျိုးမှုတွေကို နှိမ်နှင်းနိုင်ခြင်း မရှိတော့သလို များပြားတဲ့ ပမာဏဖြစ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်မှုကရရှိတဲ့ ငွေကြေးက လက်နက်ကိုင် တပ်ဖွဲ့တွေ အဖို့ အရေးပါတဲ့ ဝင်ငွေရရှိရာ လမ်းကြောင်းတခုဖြစ်လာနေတာ တွေ့ရပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာသလို မူးယစ်ဆေးပြား၊ အမှုန့် စတဲ့ ဓာတုနည်းနဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိကြောင်း ကြေညာနေကြပေမယ့် ဖမ်းဆီးရမိခြင်း မရှိတဲ့ ပမာဏ၊ ကိန်းဂဏန်းတွေကို ဘယ်သူမှ တိတိကျကျ မသိရှိနိုင်ကြပါဘူး။ 

စစ်အာဏာသိမ်းမှု ၅ နှစ်တာ ကာလမှာ ဆုတ်ယုတ်မှု၊ ပျက်စီးမှုနဲ့ ဆုံးရှုံးမှုတွေက အများအပြားရှိနေပြီး အခြားတဖက်မှာ ပြည်သူလူထုအနေနဲ့ ဒီအခြေအနေတွေကို နောက်ထပ် ဘယ်လောက် ခါးစည်းခံနိုင်ကြဦးမလဲဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနေပါလိမ့်မယ်။ 

စစ်အာဏာသိမ်းခါစက ၂ လ၊ ၃ လ တောင့်ခံနိုင်ရင် ငါတို့ နိုင်ပြီလို့ ဟောပြောခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ အာဏာသိမ်းပြီးခါစ နှစ်တွေမှာ ဒီနှစ်က တော်လှန်ရေး အောင်ပွဲအတွက် အဆုံးအဖြတ်ပေးမဲ့ နှစ်၊ နောက်နှစ်က အဆုံးအဖြတ်ပေးမဲ့နှစ်လို့ပြောဆိုခဲ့ကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့ လူထုကို ပြန်လည်ရှင်းလင်းပြောဆိုကြဖို့ တောင်းပန်ကြဖို့လည်း တာဝန်ရှိမယ်လို့ တခါတခါမှာ အတွေးပေါ်မိပါတယ်။ 

ပြည်သူလူထုကို ခေါင်းဆောင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ အနေနဲ့ ကုန်လွန်ခဲ့တဲ့ ၅ နှစ်တာကာလကို ပြန်လည်သုံးသပ်ပြီး မိမိတို့ အဖွဲ့၊ မိမိတို့ရဲ့ လမ်းစဥ်တွေကို မှန်ကန်စွာပြန်လည် သုံးသပ်ကာ ပြည်သူလူထုအပေါ်လည်း ကိုယ်ချင်းစာနာစွာနဲ့ ရှေ့လမ်းစဥ်၊ နည်းလမ်း၊ ရည်မှန်းချက်တွေကို ချမှတ်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ သူများကိုချည်း အားကိုးတဲ့ ပေါ်လစီမျိုး၊ မိုးပေါ်က ကျလာတာကို မျှော်လင့်နေတာမျိုး၊ ဖြစ်သမျှအကြောင်း ကိုယ့်ဘက်ချည်း တဖက်သတ်အမြင်တွေနဲ့ ဆုံးဖြတ်နေတာမျိုးတွေကို ပြန်ဆန်းစစ်ကြဖို့ လိုမယ် ထင်ပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar