Breaking News

နွေဦးတော်လှန်ရေး လမ်းခုလတ် ၂၀၂၆

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၅ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၆၊  ၂၀၂၆


နွေဦးတော်လှန်ရေး လမ်းခုလတ် ၂၀၂၆

မြန်မာစစ်တပ်ကို ထိန်းချုပ်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်တွင်းက ခံစားချက်တွေ သဘာထားတွေကို သတင်းတွေ၊ ဆောင်းပါးတွေမှာ ဖော်ပြကြပါတယ်။ မြန်မာပြည်သူတွေက ရွေးကောက်ပွဲကို အယုံအကြည်မရှိသော်လည်း အတင်းအကြပ် ခြိမ်းခြောက်ဖိအားပေးလို့ မဲပေးကြရတဲ့အကြောင်းကို ဖော်ပြကြပါတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေအများအပြားရှိတဲ့ကြားက အကန့်အသတ်နဲ့ ကျင်းပကြတဲ့ရအချက်၊ မြန်မာစစ်တပ်၏ ကျောထောက်နောက်ခံနဲ့ စစ်အုပ်စု၏ နိုင်ငံရေးပါတီက လွှတ်တော်နဲ့ အစိုးရကို ဖွဲ့စည်းဖို့ အလားအလာရှိတဲ့ အချက်နဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်က အာဏာကို လက်မလွှတ်ဘဲ ဆုတ်ကိုင်ထားဖို့ ခြေလှမ်းအဖြစ် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေပြဋ္ဌာန်းလိုက်တဲ့ အချက်တွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ်လို့ အတိအလင်း ပြောပေမဲ့ အာဆီယံနိုင်ငံတွေကတော့ သူတို့အသင်းဝင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို အကန့်အသတ်နဲ့ တုံ့ပြန်ကြတာ တွေ့ရပါတယ်။ အိန္ဒိယကတော့ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို နည်းပညာထောက်ပံ့ပေးတယ်လို့သာ ထုတ်ပြန်တာမို့ သူလည်း အတိုင်းအတာတခုအထိ ထောက်ခံတဲ့သဘောလို့ ဆိုရပါမယ်။

ဥရောပသမဂ္ဂက မြန်မာရွေးကောက်ပွဲကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ မြန်မာပြည်က အခြေအနေကို ရွေးကောက်ပွဲမတိုင်ခင်က အကောင်းရှုမြင်တယ်လို့ ထုတ်ပြန်ပြီး သူတို့ လက်ခံထားတဲ့ TPS ယာယီခိုလှုံခွင့်ပေးထားတဲ့ အမေရိကန်ရောက် မြန်မာပြည်သူတွေ နေထိုင်ခွင့်ကို ရုပ်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ သို့သော် ရွေးကောက်ပွဲအပြီးမှာတော့ မြန်မာပြည်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ပြီး အရေးပေါ်ကြေညာချက်သက်တမ်းကို ၁ နှစ် ထပ်တိုးလိုက်ပြန်ပါတယ်။ 

မြန်မာ့ရွေးကောက်ပွဲတွေအပြီးမှာ ထိုင်းနိုင်ငံကတော့ မြန်မာပြည်နဲ့ ဆက်ဆံရေးတိုးတက်လာဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့ သဘောထားရှိကြောင်း အာဆီယံနိုင်ငံတွေကို ထုတ်ဖော်ပြောဆိုတာကို တွေ့ရပါတယ်။ ဆိုလိုချက်ကတော့ မြန်မာပြည်ဟာ ရွေးကောက်ပွဲများအပြီးမှာ တစုံတခုသော အသွင်ကူးပြောင်းရေးကာလတခုအဖြစ် ရှုမြင်ခြင်း၊ အဲသည်အခြေခံအချက်ကို စဉ်းစားခြင်းနဲ့ အဲသည် ရှုထောင်ကနေ မြန်မာ့ပြည်အရေးကို ချဉ်းကပ်ပြီး အရွေ့တခုကို ဖော်ဆောင်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ အချက် ဖြစ်နိုင်ပါတယ်။ 

အရပ်ဘက်နဲ့ ပညာရှင်များ အမြင်တွေ သုံးသပ်ချက်တွေ ထင်ထင်ရှားရှား မတွေ့ကြရပေမဲ့ အမေရိကန်ပြည်ထောင်စုက အထင်ကရ နယူးယောက်တိုင်းစ် သတင်းစာကတော့ မြန်မာ့စစ်တပ်၏ ရွေးကောက်ပွဲအလွန်မှာ မြန်မာတွေထဲက သဘောထားတွေကို စုစည်းပြီး ဆောင်းပါးတပုဒ် ထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။ အဲသည်ထဲက အချက်တွေကို ကောက်နုတ်ကြည့်ရင် နွေဦးတော်လှန်ရေး၏ တပ်ဦးအဖြစ် ရပ်တည်နေတဲ့  NUG အစိုးရအဖွဲ့ကို ပြည်တွင်းက ပြည်သူတွေနဲ့ ကင်းကွာနေတယ်လို့ ကောက်ချက်ဆွဲထားပြီး စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ လုပ်ပြီး အထွေထွေအကျပ်အတည်းကျနေတဲ့ ပြည်သူတွေကို အာရုံလွှဲပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲက သံသယတွေ၊ ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ၊ အပြန်အလှန် စွပ်စွဲနေကြတာတွေကိုလည်း သူက ထုတ်ပြထားပါသေးတယ်။ လက်ရှိမှာ တော်လှန်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG အစိုးရတို့ အပြည့်အ၀ မဟာမိတ်များအဖြစ် မဖော်ဆောင်နိုင်သေးတာကိုလည်း ရေးသားထားပါတယ်။ အခုအချိန်ထိ ပြည်သူတွေ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးတာ ဖြစ်ပါတယ်၊ ဘာမှ မလုပ်ဘဲ နေတာမျိုးတော့ မဟုတ်ပါဘူး ဆိုတဲ့ မှတ်ချက်ကိုလည်း ဖော်ပြထားပါတယ်။

စစ်အစိုးရတွေ စစ်အုပ်စုတွေက သမိုင်းအဆက်ဆက်မှာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပပေးခဲ့ကြပေမဲ့ ရွေးကောက်ပွဲတွေကနေ နိုင်ငံရေး သို့မဟုတ် တိုင်းပြည်အတွက် အကြပ်အတည်များကနေ ထွက်ပေါက် သို့မဟုတ် အဖြေ မဟုတ်ဘူးဆိုတာကိုတော့ လက်ရှိဖြစ်ရပ်ကနေလည်း သင်ခန်းစာ ကြိုယူထားနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးကလည်း ဘယ်ရွေးကောက်ပွဲတွေကိုမှ နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားအရေးအတွက် (တနည်း ပြည်ထောင်စုအရေး) အဖြေတခုအဖြစ် လက်ခံခဲ့ကြခြင်း မရှိတာမို့ သူတို့တွေ၏ လက်နက်တွေစွန့်ပြီး မြန်မာစစ်တပ်၏ ရွေးကောက်ပွဲတွေကို ပါဝင် ဆင်နွှဲခြင်း မရှိခဲ့ကြတာ တွေ့ရမှာပါ။ စစ်အုပ်စုနဲ့ အပစ်ရပ်ထားတာ၊ ထိန်းချုပ်နယ်မြေတွေ ညှိနှိုင်း တိုးလျော့လုပ်ကြတာ၊ အကျိုးစီးပွားအခြေပြုပြီး သဘောတူညီချက်တွေ အကန့်အသတ်နဲ့ လုပ်ကြတာမျိုးတွေပဲ များပါတယ်။

နွေဦးတော်လှန်ရေးမှာ မြေပြန့်နဲ့ အညာဒေသက မြန်မာတော်လှန်ရေးအဖွဲ့များနဲ့ လက်တွဲပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ KIA ဦးဆောင်တဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ KNU ဦးဆောင်တဲ့ ကရင်တိုင်းရင်းလက်နက်ကိုင်အဖွဲ့နဲ့  AA ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆက်လက်ပြီး စစ်အုပ်စုနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကို သာဓကအဖြစ် ကြည့်နိုင်ပါတယ်။ သတင်းတခုမှာ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုချက်ကို ဖော်ပြရရင်  - စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ နွေဦးတော်လှန်ရေးအင်အားစုနဲ့အတူ စစ်ရေးနဲ့နိုင်ငံရေး အောင်မြင်မှုတွေ ပိုပြီး ရရှိစေဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က စနစ်တကျ စီမံဆောင်ရွက်နေပြီး စစ်တပ်ရဲ့ သွေးခွဲမှုတွေကို မခံကြဖို့ ပြောလိုက်တာကို ကြည့်ရင် နွေဦးတော်လှန်ရေး၏ လမ်းကြောင်းမှာ တိုင်းရင်းသားတွေလည်း အတူတူ ရပ်တည်နေတာ ထင်ရှားပါတယ်။

ပြန်ပြီး ကောက်ရရင်တော့ ၂၀၂၆ ဟာ အာဏာရှင်တွေအတွက်ကော တော်လှန်ရေးအင်အားစုတွေအတွက် လမ်းခုလတ်တခုကို ရောက်လာပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတခု ဖန်တီးနိုင်တဲ့ စစ်အုပ်စုကလည်း ရွေးကောက်ပွဲရလဒ်ကနေ သူတို့ ထွက်ပေါက်ဖြစ်စေ၊ အချိုးအကွေ့တခုဖြစ်စေ အသွင်ကူးပြောင်းရေး မဟုတ်ရင်တောင်မှ အပြောင်းအလဲတခုကို ဖော်ဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်၏ ထက်ဝက်နီးပါးကို မထိန်းချုပ်ထားနိုင်သည့်တိုင် စစ်အုပ်စုလက်ထဲကနေ ဖဲ့ထုတ် လှုပ်ရှား နေရာယူထားနိုင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း မငြိမ်သက်တဲ့ နယ်မြေတွေထဲက ပြည်သူတွေကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ကျွေးမွေးပြီး လက်တွဲမဖြုတ်သွားအောင် စည်းရုံး တည်ဆောက်ပြီး ဆက်တိုက်ပွဲအရှိန် ဆက်မြှင့်တင်နိုင်မလား၊ သို့မဟုတ် အင်အားတွေ နောက်ဆုတ်သွားမှာလား ဆိုတာကို အလုပ်နဲ့ သက်သေပြကြရမယ့် အချိန်ကို ရောက်နေပြီ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar