ကျော်လွင်အောင် - ဆေးရုံ ည (၅)
ကျော်လွင်အောင် - ဆေးရုံ ည (၅)
မိုးမခ ၊ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၆
မျက်နှာနှင့်မေးရိုးလူနာဆောင်၊ ခုတင် ၁၀၀၀ ။
'ဖျတ်ခနဲ'လန့်နိုးလိုက်တာနဲ့
"အား .... ဟား .... ဟား"
အောက်နှုတ်ခမ်းက နာကျင်မှုက စူးစူးဝါဝါး။
တင်ပါးညာဘက်ခြမ်း၊ ဒူးခေါင်းနှစ်ဘက်က စပ်ဖျင်းဖျင်း၊ လည်ပင်းက နှစ်ဆ ကြီးထွားလာသလို၊ တံတွေးမျိုချရင်တောင် နာနေပြန်၊ ဗိုက်ထဲမှာ အစာမရှိတော့လို့ ဟာတာတာ၊ ပေါင်မုန့် သေးသေးလေးနဲ့ ပဲနို့ဘူးလေး စုပ်သောက်လိုက်ပြီး ပါရာတစ်ပြား ကောက်မျိုလိုက်ရတယ်။
ကျွတ် .... ကျွတ် ..... ကျွတ်
စုတ်သပ်ရင်း ခုတင်ပေါ်က ဆင်းတော့ လူနာစောင့် ကိုသက် က နိုးလာတာနဲ့ သန့်စင်ခန်းဘက် လက်ညှိုးညွှန်ရတယ်၊ စကားမပြောနိုင်လို့။
တကယ်သန့်ပါတယ်၊ ဘာအနံ့ဆိုး၊ အစွန်းအညစ်မရှိ၊ ဘေစင် ၂ ခုက ဘယ်လိုဖွင့်ဖွင့် ရေမကျပေမဲ့ အခန်းထောင့်က ဘေစင်ကတော့ ပိတ်မရလို့ ရေတစက်စက် ကျနေတယ်။ သည်ဘက်မှာ တွိုင်လက်သုံး ကုလားထိုင်တစ်လုံး၊ ခြေထောက်လေးဘက် မညီတော့ပေမဲ့ နောက်မှီ၊ လက်တန်းပါပါတယ်၊ အဲဒါကြီးကို အိမ်သာခန်းထဲ ကိုသက် က သွင်းပေးလို့သာ ကိစ္စပြီးရတယ်၊ ဆောင့်ကြောင့်မထိုင်နိုင်ဘူး၊ လူက ကွတကွတနဲ့ ပုဆိုးကို အသာမထားလျက်နဲ့ ခုတင်ဆီကို ရောက်အောင် ပြန်ရတယ်။
ဪ ဒုက္ခ ဝေဒနာနုဿတိပွားများရင်း ခုတင်ပေါ် ပြန်ရောက်မှ ပါရာတန်ခိုးပြလို့ သက်သာရာရတယ်။
စနေနေ့ လင်းအားကြီး အပြင်မှာအေးနေပေမဲ့ လူနာဆောင်ထဲမှာ နွေးနေပါတယ်။ အိပ်ပျော်နေကြတဲ့ လူနာနဲ့ အစောင့်တွေ၊ တစ်ခန်းလုံး တိတ်ဆိတ်လို့ရယ်၊ မိုဘိုင်းဒေတာ သုံးပြီး လိုင်းဖွင့်ကြည့်တော့ "ဖေဖေ မနက်ဖြန်ပိတ်ရက် သားမွေးနေ့အနေနဲ့ မုန့်လေး သွားစားချင်လို့ တစ်သောင်းလောက်လေး kpay လေး ရှိလောက်လား ဖေဖေ" တဲ့။
ချက်ချင်းပဲ၊ ကေပေးနဲ့ ငွေ ၂ သောင်းလွှဲပေးလိုက်တယ်၊ ပြန်မှိန်းနေတုန်း ညတုန်းက ညမအိပ်ခင် ကိုသက်ကို ဓာတ်ပုံရိုက်ခိုင်းမိတာ သတိရတာနဲ့ Kyaw Lwin Aung ပေ့ခ်ျကနေ 'ပို့စ်' တင်လိုက်တယ်။
အခန်းဟိုးဘက်အစွန် ဘုန်းကြီးလူနာခုတင်က ဖွင့်လိုက်တဲ့ ပရိတ်တရားတော် အသံကြားရတယ်၊ တချို့နိုးလာကြပါပြီ။ စနေနေ့ နံနက်ခင်းအလင်းရောင် မြင်ရပါပြီ၊ လူကို ဘာမှမလှုပ်ဘဲ ငြိမ်ငြိမ်လေး နေရင် သက်သာပါတယ်၊ ဖုန်းလေး ပွတ်လျက်ပေါ့။ လိုင်းသုံးရတာကလည်း ငွေကုန်ချက်၊ တစ်သောင်း ထည့်ထား ခဏလေး သုံးရသေးတယ်၊ "လက်ကျန်ငွေ လျော့နည်းနေပါသဖြင့် ... " တဲ့၊ ခြောက်နာရီကျော်လောက်မှာ အားလုံးနီးပါး နိုးကြပါပြီ။ ကိုယ်ကတော့ ပဲနို့လေး စုပ်လိုက်၊ ပေါင်မုန့်လေး ပစ်ထည့်လိုက်နဲ့ ဆရာဝန်လေးတစ်ယောက်က သွေးပေါင်ချိန်တိုင်းပြီး မက်ထရို ဘူးသေးလေး လာချိတ်ပေးပါတယ်။ ကုန်ရင် ပိတ်ထားပြီး လာပြောဖို့ မှာလို့ ကိုယ်လည်း သတိရသွားပြီး စနေနေ့ မနက်ခင်း သောက်ဆေးတစ်တွဲ ယူသောက်လိုက်ရတယ်၊ ခဏမှေးလိုက်တာ၊ အိပ်ပျော်သွားတယ်ဗျာ။
(ဆေးရုံ ည (၆) - ဆက်ပါဦးမည်)
👉ကျော်လွင်အောင် - ဆေးရုံ ည (၁)
👉ကျော်လွင်အောင် - ဆေးရုံ ည (၂)
👉ကျော်လွင်အောင် - ဆေးရုံ ည (၃)
👉ကျော်လွင်အောင် - ဆေးရုံ ည (၄)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar