Breaking News

သီအိုဇော် - ဂုဏ်အသရေ ကင်းမဲ့လေသည့် ဂုဏ်ထူးမဆောင်နိုင်သော ဂုဏ်ထူးဆောင်အမည်ခံဘွဲ့

သီအိုဇော် - ဂုဏ်အသရေ ကင်းမဲ့လေသည့် ဂုဏ်ထူးမဆောင်နိုင်သော ဂုဏ်ထူးဆောင်အမည်ခံဘွဲ့

မိုးမခ ၊ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၆


‘ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’တခု ပေးအပ်လိုက်တယ် ဆိုတာနဲ့ တပြိုင်နက်၊ လက်ခံရရှိသူအပြင် ချီးမြှင့်တဲ့တက္ကသိုလ်၊ အဖွဲ့ အစည်းနဲ့ ထိုဂုဏ်ထူးဆောင်ဘွဲ့  ပတ်သက်တဲ့အထူးပြု နယ်ပယ်တို့ကိုပါ ဆက်စပ်စဉ်းစားမိလေ့ ရှိကြပါတယ်။

နိုင်ငံတကာမှာ တက္ကသိုလ်အသီးသီးက ‘ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’တွေကို ပေးအပ် လေ့ရှိကြလေတော့၊ ဒီထုံးတမ်းအစဉ်အလာကို အထွေအထူး ပြောစရာတော့ မရှိပါ ဘူး။ ဒါပေမဲ့ ပေးအပ်သူ၊လက်ခံသူ၊ အပ်နှင်းခံရတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တို့ရဲ့ ဂုဏ် သိက္ခာတို့နဲ့ တိုက်ရိုက်ဆက်နွယ် နေတာကိုလည်း မေ့ထားလို့မရပါဘူး။

မိမိတို့ တက္ကသိုလ်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသူများကတော့ လေးလေးနက်နက် စဉ်းစားရွေးချယ်လေ့ရှိကြပါတယ်။ လက်ခံသူများဘက်ကလည်း ထိုနည်း၎င်း တွေးရပါလိမ့်မယ်။ အခု လက်ခံရရှိမယ့် ဂုဏ်ထူးဆောင်ဘွဲ့က မိမိအတွက် ထိုက်တန်ပါရဲ့လား ဆိုတာကိုပါ။

‘အိပ်ချ်အယ်လ်မန်းကင်း’ (H.L. Mencken)ကို အမေရိကန်စာပေနဲ့ ယဉ်ကျေးမှုအပေါ်  ကြီးမားတဲ့ လွှမ်းမိုးမှုရှိတဲ့ ထင်ရှားတဲ့ စာရေးဆရာ၊ ဂျာနယ်လစ်တဦးအဖြစ် သိရှိကြပါတယ်။ အမေရိကန်စာပေဘက်ကကြည့်ရင် ဘားနဒ်ရှော’(Bernard Shaw)နဲ့ ခေတ်ပြိုင်လို့လည်း ညွှန်းကြပါတယ်။ ‘Mencken’s Theory of Democracy’ ကလည်း လူသိများတဲ့ သူ့ရဲ့အယူအဆ တခုပါပဲ။ သူရေးသားထားခဲ့တာတွေအနက် ‘The American Language’စာအုပ်က အမေရိကန်သုံး အင်္ဂလိပ်စာအတွက် ကိုးကားစာအုပ်လို့  ပြောရလောက်အောင် နာမည်ကြီးပါတယ်။ အခုက သူ့အကြောင်းကို အဓိကပြောလိုတာ မဟုတ်ပါဘူး၊ သူ ပြောကြားထားချက်တခုကို ဒီနေရာမှာ ရည်ညွှန်းချင်တာပါ။

‘No honest person would accept a degree he hadn't worked for’ ဆိုပြီး သူ့ရဲ့ ‘Minority Report: H. L. Mencken's Notebooks’ မှာရေးထားတယ်လို့ ကိုးကားကြသလို တချို့ကျ ‘No decent man would accept a degree he hadn’t earned’ လို့ သူ ရေးသားခဲ့တယ် ဆိုပါတယ်။ အဓိပ္ပါယ်အားဖြင့်ကတော့ အတူတူပါပဲ၊ ‘သိက္ခာရှိတဲ့၊ ရိုးသားတဲ့သူသာ ဆိုရင်တော့ ကိုယ်နဲ့မထိုက်တန်တဲ့ ဘွဲ့ကို လက်ခံကြမှာ မဟုတ်ဘူး’ လို့ ဆိုလိုကြတဲ့အတွက်ပါ။ Mencken ကိုယ်တိုင်လည်း ‘ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’ တွေကို သူ့ဘဝ တလျှောက်လုံးငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီထဲမှာ University of Maryland က ပေးအပ်တဲ့ ‘ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’လည်း ပါပါတယ်။

သူ့လိုပဲ  သူနဲ့ခေတ်ပြိုင် ‘ဘားနဒ်ရှော’ကလည်း ဘွဲ့တွေ ဂုဏ်ထူးတွေ ငမ်းငမ်းတက် လိုချင်ခဲ့သူတဦး မဟုတ်ခဲ့ပါဘူး။ သူကလည်း ‘ဟားဗတ်တက္ကသိုလ်’က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ငြင်းပယ်ခဲ့ဖူးသူပါ။ ‘ကင်းဘရစ်၊ အောက်စ်ဖိုဒ့်၊ အီဒင်ဘာရာ တက္ကသိုလ်’တွေရဲ့ ကမ်းလှမ်းချက်တွေကိုလည်း လက်မခံခဲ့ပါဘူး။ သူတို့တတွေမှာ ခိုင်မာတဲ့ ကိုယ်ပိုင် ခံယူချက်တွေ ရှိကြပါတယ်။

ဖော်ပြခဲ့တဲ့ ‘Mencken’ ရဲ့ ခံယူချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်တော့ ကိုယ်နဲ့မထိုက်တန်တဲ့ ၊ ဒီထက်ပိုစကားလုံးပြင်းပြင်းကို သုံးစွဲရရင် မတန်မရာ ဘွဲ့ထူးဂုဏ်ထူး ရာထူးများကို မျက်နှာပြောင်ပြောင်နဲ့ လက်ခံယူနိုင်ဖို့ကတော့ အရှက် တရား အင်မတန်ကို ကင်းမဲ့မှသာ ဖြစ်နိုင်ပါလိမ့်မယ်။

ဒါ့အပြင်လူထုခေါင်းဆောင်ချီးမြှင့်ခံရတဲ့ ကမ္ဘာ့အထင်ကရ တက္ကသိုလ်တွေရဲ့ ‘ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’စာရင်းရှည်ကိုကြည့်ပြီး မနာလိုစိတ်ကြီးမားစွာ ပေါ် ပေါက်နေသူ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ 

အသိဥာဏ်ပညာဟောင်းလောင်း ဖြစ်နေတာကို ဒီ’ဂုဏ်ထူးဆောင်ပါရဂူ’ ဘွဲ့ဝတ်စုံကြီး ခြုံလိုက်ရင်တော့ ဖုံးနိုင်ကောင်းပါလေရဲ့ဆိုပြီး ၊ စိတ်မလုံမခြုံ ခံစားနေရသူ တဦးလည်း ဖြစ်ရပါလိမ့်ဦးမယ်။

အများအားဖြင့်တော့ တက္ကသိုလ်တွေဘက်ကလည်း သူတို့ပေးသင့်ပေးထိုက်သူလို့ ထင်မှသာ ပေးကြပါတယ်။ ၁၉၈၅ခုနှစ် ဇန်နဝါရီလတုန်းက အောက်စ်ဖိုဒ့် တက္ကသိုလ်အနေနဲ့ အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာကို ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့ မပေးအပ်ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ဖူးတာကို ကြည့်ရင်၊ အာဏာရှိသူတိုင်းကို ဦးညွတ်စရာမလိုတဲ့ လွတ်လပ်တဲ့ စီမံခန့်ခွဲမှုနဲ့ လည်ပတ်တဲ့ တက္ကသိုလ်ကြီးတွေရဲ့ ရပ်တည်ချက်ကို တွေ့မြင်နိုင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဆိုတာ အစဉ်အလာကြီးမားခဲ့တဲ့ တက္ကသိုလ်ပါ။ ဘာသာရပ်ဆိုင်ရာမှာ ထူးချွန်သူများကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးသလို ပြည်တွင်းပြည်ပ နိုင်ငံရေးနယ် ပယ်ကလူတွေလည်း ချီးမြှင့်ခံရဖူးပါတယ်။ အဲဒီထဲ ‘ဆာဘဦး၊ ဦးဧမောင်၊ ပျော်ဘွယ်ဦးမြ’တို့လိုလူတွေ ပါသလို ‘ဟိုချီမင်း၊ မာရှယ်တီးတိုး၊ သီဟာနု’တို့လည်း ပါဝင်ပါတယ်။

တက္ကသိုလ်တွေဟာ သင်ကြားခဲ့ဖူးတဲ့ ကျောင်းသားကျောင်းသူဟောင်းတွေကို အလျဉ်းသင့်တဲ့အခါ ဂုဏ်ထူးဆောင်ဘွဲ့ ပေးတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်က အရင်ပေးအပ်ခဲ့တဲ့ ‘ဂုဏ်ထူးဆောင် ဥပဒေပါရဂူ’ဘွဲ့က ရသင့်ရထိုက်တဲ့သူတွေပဲများလို့၊ မရသင့်မရ ထိုက်တဲ့ ဥပဒေတွေကို ပျော်ပျော်ကြီး ချိုးဖောက်နေသူ ရန်ကုန်တက္ကသိုလ်ရဲ့ ဥပဒေကျောင်းသားဟောင်းကို မပေးခဲ့တာများလားလို့လည်း တဘက်က တွေးကြည့်မိပါသေးတယ်။

‘ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူ’ ဆိုတာကျပြန်တော့လည်း သရော် တဲ့ အမြင်နဲ့ ပေးလိုက်ကြတာများလို့တောင် ထင်စရာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်အခန်းကဏ္ဍကိုမှ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းမရှိသူ ဖြစ်နေလို့ပါ။ လက်ရှိ အညွှန်းကိန်းနဲ့ ရလဒ်များ၊ ပြည်သူ့သဘောထားများကို ကြည့်ရုံနဲ့ သိသာပါတယ်။ အာဏာမသိမ်းခင်နှစ်တွေက ကိန်းဂဏန်းတွေနဲ့  ပြန်ရှာပြီး နှိုင်းယှဉ်ကြည့်ဖို့တောင် မလိုအပ်တော့ပါဘူး။

‘အဆီအငေါ်မတည့်ဆုံး မလျော်ကန်ဆုံး ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’၊ ဒါမှမဟုတ်ရင်လည်း ‘သေနတ်နဲ့ထောက်ပြီး ရယူတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့’ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ‘ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်း (Guinness World Records)’ ထဲ ပါဝင်လာခဲ့မယ် ဆိုရင်တော့လည်း မြန်မာပြည်သူတွေက တအံ့တဩ ဖြစ်ကြလိမ့်မယ် မထင်မိပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar