ဖလော်ဒါဟန် - ၅ နှစ်တာအတွင်း ကြွေခဲ့ရတဲ့ လူသားစွမ်းအားအရင်းအမြစ်များနဲ့ မြန်မာပြည်ကြီး ကျဆုံးမှု
ဖလော်ဒါဟန် - ၅ နှစ်တာအတွင်း ကြွေခဲ့ရတဲ့ လူသားစွမ်းအားအရင်းအမြစ်များနဲ့ မြန်မာပြည်ကြီး ကျဆုံးမှု
မိုးမခ ၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆
၅ နှစ်ခရီးမှာ ကျွန်မရဲ့စကားသံတွေက ပြည်သူတွေရဲ့စကားသံ ဖြစ်သလို ကျွန်မနဲ့ ရင်ဘတ်ချင်းတူ 'စီ' သူများရဲ့ ရင်ဖွင့်သံတွေ များပါတယ်။
တခါတရံမှာ ကျွန်မတို့အတွက် ရှေ့တန်းစစ်မျက်နှာအထိ စစ်မျက်နှာဖွင့် တိုက်ပွဲဝင်နေသူများရဲ့လိုအပ်ချက် အခက်အခဲ ကြိုးစားမှုရလဒ်တွေကိုပါ ကျွန်မ သိသလောက်လေး ပြည်သူကို မျှဝေခဲ့ပါတယ်။
အထူးသဖြင့် စစ်ရှောင်ကလေးများရဲ့ ပညာရေးကဏ္ဍနဲ့အတူ ကျွန်မနဲ့ ယနေ့အချိန်အထိ လက်တွဲ နေကြတဲ့ မိသားစုများအကြောင်းကို အခါအခွင့်သင့်တိုင်း ပညာရေးကဏ္ဍရဲ့ရပ်တည်မှု၊ ကြိုးစားမှု ရလဒ်များကို ပြည်သူတွေ ထပ်ဆင့်လေ့လာလို့ရအောင် သတင်းစကားအဖြစ်လည်း ဖြန့်ဝေခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစလို့ ကျောပိုးအိတ်ထဲမှာ အနှစ်နှစ်အလလ ပညာသင်ကြားခဲ့တဲ့ ဘွဲ့ဒီဂရီတွေရယ်၊ ဖုန်လေးတလုံးရယ် ထိုခေတ်ထိုအခါက လူတယောက်မှာ မရှိမဖြစ် လိုအပ်တဲ့ ကွန်ပျူတာတလုံးရယ်၊ ဝတ်စုံ လေး ငါးစုံနဲ့ ထွက်ခွာခဲ့တဲ့ ခရီးမှာ တလုတ်မြို့ဟောင်းလေးက နားခိုရာအဖြစ် စတင်ခဲ့ပါတယ်။
အခုတော့ တလုတ်မြို့ဟောင်း ဆိုသည်မှာ အမည်နာမတခုသာ ကျန်ရစ်ခဲ့သလို မီးရှို့ခံ ကျွန်းတိုင်များဖြင့် အထိမ်းအမှတ်ပြတိုက်သဖွယ် ရှိနေခဲ့ပါပြီ။
ယနေ့အချိန်အထိ စီ များဘဝသည် ဝမ်းနည်စရာတွေ၊ အားငယ်စရာတွေကို ဖုံးကွယ်ခဲ့ကြတယ်။
ငွေကြေးမပြည့်စုံမှုတွေရဲ့ နောက်ကွယ်မှာ လုံခြုံမှု ဆိုသည်ကို အဓိကထားလို့ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။
စားဝတ်နေရေး ဆိုသည်ထက် အာဏာရှင်များရဲ့ အနိုင်ကျင့်မှု အမျိုးမျိုးကို လူသားဆန်တဲ့စိတ်ဖြင့်ဖြတ်ကျော်ခဲ့ကြတယ်။
အချို့အတွက်တော့ ၅ နှစ်တာ ခရီးက သက်သောင့်သက်သာနဲ့ နေထိုင်နေကြသူတွေလည်း ရှိကြမှာပါ။
အများကတော့ အိုးအိမ်စွန့်ခွာရသူ၊ စစ်ဘေးစစ်ဒဏ်ကို အချိန်ရှိသရွေ့ ခံစားနေရသူ၊ အသက်တွေ ပေးစွန့်ခဲ့ရသူ၊ ဥစ္စာပစ္စည်း ငွေကြေးဂုဏ်တွေကို စွန့်ခဲ့ရသူ၊ ဒီကြားထဲ သဘာဝဘေးဒဏ်ကိုလည်းပြည်သူတွေ အလူးအလဲခံစားခဲ့ကြရတယ်။
အခက်အခဲဆုံး ဖြစ်တဲ့ ဘဝတွေကို ပြပါဆို သံတိုင်နောက်က မတရားမှုများဖြင့် ဥပဒေကို ကျော်လွန်ပြီး အနိုင့်ကျင့်ခံဘဝတွေပါ။
ယခုလက်ရှိ ကျောင်းနေပညာရေးမှာပင် အလယ်တန်းအဆင့်ကျောင်းသားများ အုပ်စုဖွဲ့ ရမ်းကားလာကြပါတယ်။
ဒုစရိုက်အလုပ်တွေပါ လုပ်လာကြပါတယ်။
၅ နှစ်တာ ကာလအတွင်း မကြုံဖူးတဲ့ လူလိမ် ငွေလိမ်ဂိုဏ်းတွေလည်း ကမ္ဘာကြီးအနှံ့ လူသားအားလုံးအပေါ် မှာ သက်ရောက်ခဲ့သလို ဒါထက်ဆိုးတာက မူးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ်ဖြန့်ကြက်လာခြင်းဖြင့် လူစိတ်ပျောက်လို့ အသက်ရန်ကိုပါ ထိပါးနေကြပါပြီ။
အခုလို လူနေမှုဘဝ ကျရှုံးနေခြင်းကို အတွင်းကျကျ သိနေသည်များထက် ကျွန်မလို မြင်သိသလောက်ကလေး ပြည်သူတွေ အယောက်ချင်းစီတိုင်း မြင်နိုင်ဖို့ လိုပါလိမ့်မယ်။
မြန်မာပြည်ရဲ့ ဆုံးရှုံးခဲ့ရတဲ့ လူအခွင့်အရေးနဲ့ လွတ်မြောက်မှုသက်တမ်းခရီးကို ပြန်ပြောင်းကြည့်မယ်ဆို နှစ်ဆယ်ချီကာလဆီကို မတွေးပါနဲ့။
ယခုလက်ရှိ အခြေအနေသည်ကပင် ယခင်အခြေအနေများကို ၅ နှစ်သက်တမ်းကကွက်ကွက်ကွင်းကွင်း မြင်နိုင်တဲ့ သက်သေတွေပါ။
လူထုရဲ့စကားသံသည် ကျွန်မရဲ့စကားသံများ ဖြစ်သလို ကျွန်မရဲ့ အဆင်မပြေမှုဟာ လူထုရဲ့ အဆင်မပြေမှုတွေသာ ဖြစ်ပါတယ်။
ကျွန်မကိုယ်ကျွန်မ စီ တယောက်အဖြစ် အပြည့်အဝခံယူခဲ့သလို ပြည်သူတယောက်အဖြစ် ပြည်သူများကိုယ်စား ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ ကျွန်မအတွက် အခက်ခဲအမျိုးစုံနဲ့အတွေ့အကြုံအသစ်၊ သင်ခန်းစာအသစ်တွေ ရခဲ့ပါတယ်။
ကျွန်မ ရောက်ရှိတဲ့ နေရာတိုင်းမှာ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေသာမက လူငယ်များရဲ့လုပ်ငန်းခွင်ရောက်ရှိခဲ့ရတဲ့ မိသားစုတွေရဲ့ ဆင်းရဲမွဲတေမှု မပြည့်စုံခြင်းသည် လူငယ်များရဲ့အနာဂတ်ခရီးကို ပိုမိုဝေဝါးခဲ့ရတာပါ။
ကျွန်မအပါအဝင် အားလုံးသော ပြည်သူများသည် နေရာဒေသအစုံမှာ အခက်အခဲအမျိုးစုံကိုကိုယ်ချင်းစာတရားအပြည့်နဲ့ နားလည်ပေးကြမှသာ အာဏာရှင် ဆိုတဲ့ စနစ်ဆိုး လက်အောက်မှရုန်းထွက်နိုင်ကြမှာပါ။
၅ နှစ်တာခရီးရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်များမှ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီး အပါအဝင် ပြည်သူတွေအားလုံး မတရားမှုကြီးမှ လွတ်မြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဖလော်ဒါဟန်
၃၁ .၁.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar