ကျော်လွင်အောင် - ဆေးရုံ ည (၃)
ကျော်လွင်အောင် - ဆေးရုံ ည (၃)
မိုးမခ ၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆
သွားအထူးကုဆေးရုံမှ ခုတင် ၁၀၀၀ ဆေးရုံကြီးသို့
ဝါးမောင်းတံဂိတ်၊ ဝါးတားဂိတ်အောက်မှာ၊ အမာခံလမ်း -- စာအုပ်တွေ ပြန့်ကျဲ၊ ပစ်လဲနေတဲ့ ဆိုင်ကယ်နဲ့ မှောက်နေတဲ့ ဦးကျော်ပါ။
"ကျမတို့ကတော့ သတင်းကြားကြားချင်း ဦးကျော်တော့ (သေ)သွားလိုက်ပြီ ထင်နေတာ" လို့ ဖြစ်ပြီး တစ်ပတ်ကြာတော့ ရုံးက ဖုန်းဆက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း သေသွားနိုင်တယ်လို့ တွက်တယ်။ ခုဟာက ဝါးမောင်းတံဂိတ်ကို ကိုယ့်ပါးစပ်နဲ့ ဝင်ဆောင့်မိတာမို့၊ မတော်လို့ အောက်နည်းနည်းရောက်ပြီး လည်ချောင်းနဲ့ ချိတ်မိလို့ကတော့ တန်းလန်းလေး ပွဲပြီးသွားနိုင်ပါတယ်။
ကျွန်တော်သေရင် အသက် ၂ သက် သေမှာပါ၊ တကယ်နော် ဖြစ်ခဲ့တာတွေကို စက္ကန့်မလပ် သတိရနေတယ်>
Shock ရှော့ခ် ရတယ်၊ သတိမလစ်ဘူး။
"ဟာကွာ ဘာကြောင့် ငါ့မှာမှ လာဖြစ်ရတာလဲ။ Why me?" လို့
စိတ်မကောင်းဖြစ်မိတယ်၊ သူတို့ ဖြစ်စေချင်တဲ့သူဟာ ဘာကြောင့် အသက်ခြောက်ဆယ်ကျော် မျက်စိမှုန်ဝါးနေတဲ့ စာရေးအိုကြီး ဖြစ်ရတာလဲ။
ခုလို ဖြစ်သွားးတော့ ဦးကျော်က ပြုစုပေးနေရတဲ့ လမ်းမလျှောက်နိုင်တော့တဲ့ အသက်ရှစ်ဆယ့်ငါးနှစ် အဘွားအိုကို ဘယ်သူ ပြုစုမှာလဲ။
ကိုယ့်အတွက် လူနာစောင့်ကော ဘယ်လိုရှာရမလဲ၊ အတွေးတွေ တသီတတန်းနဲ့ ကွန်ပျူတာဆိုင်က ညီလေးက ဆေးခန်းလိုက်ပို့တယ်၊ ကိုယ်ကပဲ ရောက်ဖူးနေကျမို့ သွားအထူးကုဆေးရုံကို ဦးတည်ပေးလိုက်တယ်၊ အဲဒီဆေးရုံထဲမှာ သောကြာနေ့ ရုံးဆင်းခါနီးမှ ရောက်လာတဲ့ မောင်းတံဂိတ်ဝင်တိုက်တဲ့ အဘိုးအိုကြီးကို ပထမဆုံး မေးရိုး ဓာတ်မှန်ရိုက်ပါတယ်၊ ခုံပေါ် ထိုင်ခိုင်းပြီး ဆရာဝန်၊ဆရာမတွေ ဝိုင်းဝန်းလို့ သွေးစက်လက်နဲ့ ဦးကျော်ပါးစပ်ကို ဟခိုင်း၊ ယိုင်နဲ့နေတဲ့ အပေါ်သွားတွေကို သံနန်းကြိုးလေးနဲ့ ချိတ်ကြ၊ သွေးတွေကို ဂွမ်းနဲ့ လိုက်တို့ကြ၊ ကြေကွဲနေတဲ့ အောက်နှုတ်ခမ်းအတွင်းအပြင် ချုပ်လိုက်ကြတာ ဘယ်နှချက်မှန်းတောင် မသိတော့၊ ဖြစ်ဖြစ်ချင်း ထုံဆေးဖြန်းထားပေးလို့သာ တော်တော့တယ်။
"အဘ ဒီက ဆရာဝန်မလေးက အဘကို ခုတင် ၁၀၀၀ ဆေးရုံကြီးကို သွားစေချင်တယ်၊ လွှဲပေးမယ်၊ ဖုန်းလည်း ကြိုဆက်ထားပေးမယ်၊ ခု အဘကို လိုက်ပို့တဲ့ကားက ပြန်သွားပြီ၊ ဘယ်လိုလုပ်မလဲ၊ ဒီဆေးရုံက ဖယ်ရီနဲ့ လိုက်လို့ရတယ်" ပြောနေတုန်းမှာပဲ သူ့သား ကျောင်းဆင်းသွားကြိုနေတဲ့ ကွန်ပျူတာညီလေး ပြန်ရောက်လာတယ်။ သွားနဲ့ခံတွင်းအထူကုဆေးရုံ ကနေ ဆေးစာအုပ်၊ သောက်ဆေး၊ လိမ်းဆေးထုပ်တွေနဲ့ ခုတင် ၁၀၀၀ ဆေးရုံကြီးရောက်တော့...
ည တစ်ညရဲ့ အစ ....
မှောင်ရီ ပျိုးပျ .....
ဆေးရုံည ....
(ဆေးရုံ ည (၄) - ဆက်ပါဦးမည်)
👉ကျော်လွင်အောင် - ဆေးရုံ ည (၁)
👉ကျော်လွင်အောင် - ဆေးရုံ ည (၂)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar