Breaking News

ဂျိုတီဖာ - နာကျင်မှုနယ်နိမိတ်အလွန်

Art- Aung Htet
 
နာကျင်မှုနယ်နိမိတ်အလွန်
ဂျိုတီဖာ

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆


ပြိုကျသွားတဲ့ ဆောက်လက်စ အဆောက်အအုံမှာ 
ပြားချပ်သွားတဲ့ သံချောင်းလေးဟာ လူငယ်ပါ။

ခိုးကူးခွေနဲ့  ကြီးပြင်းခဲ့ပြီး ခိုးဝင်ဘဝနဲ့
ရှင်သန်ရတဲ့ လူငယ်
သောင်ရင်းမြစ်တစ်ဖက်ကမ်းမှာ 
ခွေးလိမ္မာဇာတ်ကားနဲ့ အမီတာဘဂျမ်းကို
ရင်ထဲမစွဲတော့ဘူး။

လူငယ်မှာ သားအိမ်ခေါင်းကင်ဆာရှိတယ်။
ဖွတ်ဖွတ်ကြေသွားတဲ့ မွေး​ရပ်မြေလေး ရှိတယ်။
အီဖယ်မျှော်စင်လိုမြင့်မားတဲ့ အနိဋ္ဌာရုံတွေရှိတယ်။
လေယာဉ်ပျံသံကြားရင် တုန်လှုပ်တတ်တဲ့ ကိုယ်ပိုင်ငလျင်ကြောတစ်ခု ရှိတယ်။
လူငယ်ဟာ VPN ကနေတဆင့် ကမ္ဘာကြီးကိုချောင်းကြည့်ရတဲ့ သူခိုးတစ်ယောက်ဖြစ်တယ်။
လူငယ်က အိပ်မက်တွေ မမက်တော့ဘူး။
e=mc2 ဆိုတဲ့ ​ဖော်မြူလာတွေ မသိတော့ဘူး။
လူငယ်ဟာ ဂျူးတွေကို စာနာသွားပြီ။
ဆီးရီးယားပြည်သူတွေကို နားလည်သွားပြီ။

​နိုင်ငံက လူငယ်ကို မလွမ်းတော့သလို
လူငယ်ကလည်း နိုင်ငံကို မလွမ်းတော့ဘူး။
မလွယ်ကူတဲ့လက်ကွက်တွေကို သင်ယူခဲ့ရတဲ့
နှလုံးသားနုနုမှာ
မိုးပြိုတေးဟာ သွေးကြောထဲက ကိုယ်ပိုင်ဂီတ ...။      ။

​10 Feb 2026 
 -