Breaking News

စစ်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ စီးပွားရေးကျပ်တည်းမှုတွေအောက်မှာ ရုန်းကန်အသက်ရှင်နေရတဲ့ ဘဝတွေ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၃ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊  ၂၀၂၆


စစ်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ စီးပွားရေးကျပ်တည်းမှုတွေအောက်မှာ ရုန်းကန်အသက်ရှင်နေရတဲ့ ဘဝတွေ

စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ပြီး ဖြစ်သလို ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်တောက်လောင်လာတာ ၅ နှစ်နီးပါး ရှိလာခဲ့ချိန်မှာ မြန်မာပြည်သူလူထုရဲ့ ဘဝတွေက အသက်ဘေး၊ ရောဂါဘေး၊ စီးပွားကပ်ဘေးတွေရဲ့ ဒဏ်ကို တပြိုင်နက်တည်း ရင်ဆိုင်ရင်း အသက်ရှင်သန်ဖို့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ 

ရှင်သန်နေသေးတာကို ကျေးဇူးတင်ရမလား သို့မဟုတ် အသက်သေသွားတာကပဲ လွတ်မြောက်ခြင်းလား ဆိုတဲ့ ရွေးစရာ ၂ ရပ်အနက် ဘယ်အရာက ပိုကောင်းသလဲဆိုပြီးတောင် ဆုံးဖြတ်ရခက်ခဲလာတဲ့ အခြေအနေမှာ ရောက်နေကြတယ်လို့ ဆိုရမှာပါ။ 

တသက်မှာ တခါမျှ မကြားဖူးတဲ့ အကြောင်းအရာမျိုးတွေ အဖြစ်အပျက်မျိုးတွေ ကုန်ဈေးနှုန်းတွေ အသက်ရှင်သန် နေထိုင်မှုမျိုးအောက်မှာ နေထိုင် အသက်ရှင်နေကြရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ ့ လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ အကြား လက်နက်နဲ့သာ တိုက်ခိုက်နေကြတာမကပဲ စီးပွားရေးအရ ပိတ်ဆို့တာ၊ လူထု အသက်မွေးဝမ်းကျောင်းလုပ်နေကြတဲ့ လယ်ယာမြေတွေ၊ ပင်လယ်တွေ၊ ကုန်သွယ်ကူးသန်းတဲ့ လမ်းတွေကိုပါ ပိတ်ဆို့ပြီး တဖက်ရန်သူကို ရိက္ခာ၊ လောင်စာ၊ လူသုံးကုန်၊ ဆေးဝါးတွေ ဖြတ်တောက်ပိတ်ဆို့ကြတဲ့ သက်ရောက်မှုတွေကို ဒီဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ ခံစားကြရတာ ဖြစ်ပါတယ်။ 

ယခင်က မန္တလေးနဲ့ မြစ်ကြီးနားမြို့ ကုန်းလမ်းခရီးနဲ့ သွားလာတဲ့အခါ တည အိပ်ခရီးနဲ့ ရောက်ရှိပေမယ့် အခုအခါမှာ စစ်ရေးအခြေအနေပေါ်မူတည်ပြီး ၃ ညအိပ်ကနေ သီတင်းပတ်တွေနဲ့ချီကြာမြင့်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နေတာ နှစ်နဲ့ချီရှိနေတာပါ။ မန္တလေး -မြစ်ကြီးနားလမ်းသာမကပဲ မန္တလေး မူဆယ်၊ မန္တလေး-မုံရွာ ဟားခါး၊ တီးတိန် စတဲ့ နယ်တွေ အကြား ဆက်သွယ်နေတဲ့ ကုန်းလမ်းခရီးတွေလည်း ယခင် ပြည်တွင်းစစ်တွေ မဖြစ်ခင်ကထက် ၄/၅ ဆယ်ဆမက ကြာမြင့်တဲ့ အခြေအနေတွေ ဖြစ်နေတာ တွေ့ရမှာပါ။ မြန်မာနိုင်ငံ အထက်ပိုင်း သာမက တောင်ပိုင်းဒေသဖြစ်တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆက်သွယ်ထားတဲ့ ကုန်းလမ်းခရီးတွေမှာလည်း ကုန်ပစ္စည်းနဲ့ ခရီးသည်တွေ မကြာခဏ လမ်းမှာပိတ်မိတာ၊ တခါတရံ ပစ်ခတ်မှုအကြား ထိခိုက်သေဆုံးရတဲ့ အဖြစ်တွေအထိ အန္တရာယ် နှောင့်နှေးမှု နဲ့ ကုန်ကျစရိတ်ကြီးမြင့်မှုတွေကို ခံစားနေကြရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့ခြင်း ခံထားရတဲ့ ရခိုင်ပြည်နယ် ထဲက မြို့နယ်တွေ အားလုံးနီးပါးမှာလည်း ကုန်ပစ္စည်း ရှားပါးပြီး မတန်တဆ စျေးကြီးမြင့်တဲ့ဒဏ်၊ မိမိတို့ ဒေသက ထွက်တဲ့ စိုက်ပျိုးရေး နဲ့ အခြားသော ထုတ်ကုန်တွေကို မြန်မာနိုင်ငံရဲ့ အခြားဒေသတွေကို ပို့ဆောင် ရောင်းဝယ်ဖို့ မလွယ်ကူတဲ့ဒဏ်တွေကို ခံစားနေကြရပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို အကန့်အသတ်ပမာဏ တခုအောက်မှာ လုပ်ပြီး အသက်ရှင်သန်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ရခိုင်ပြည်နယ်ကို နှစ်နဲ့ချီတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီး Arakan Army လက်နက်ကိုင် အဖွဲ့ အနေနဲ့ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်ခြင်း မရှိအောင် စစ်ရေး နိုင်ငံရေး အလျော့ပေးလာအောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပေမယ့် ခုချိန်ထိတော့ ဒီနည်းဗျူဟာ မအောင်မြင်သေးတာတွေ့ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေ အနေနဲ့ ခက်ခဲကြပ်တည်းလွန်းတဲ့ အခြေအနေ မှာ ရင်ဆိုင်နေကြရပေမယ့်လည်း အိန္ဒိယ နယ်စပ်က တဆင့် ဝင်ရောက်လာတဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းတွေနဲ့ ရှင်သန်နေထိုင်နေကြတာ နှစ်နှစ်ကျော်ကာလထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းပိတ်ဆို့တာ အပြင် လေကြောင်းလမ်းကလွဲလို့ လူအဝင်အထွက်လည်း ပိတ်ဆို့ထားတာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ကိုဖြတ်ပြီး အခြားသော မြို့တွေကို လာရောက်ဖို့ သီတင်းပတ် နဲ့ချီတောလမ်းတွေကို ဖြတ်ကာ လာရောက်ကြရတာလည်း ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ဒေသအချို့တို့မှာလည်း ရခိုင်ပြည်နယ်လောက် ကုန်စည်ပိတ်ဆို့မှု မခံရပေမယ့်လည်း ကုန်းလမ်းက သယ်ဆောင်ရာမှာ လမ်းပိတ်ဆို့တာ၊ လက်နက်ကိုင် အဖွဲ့အသီးသီးက အခွန်အကောက်တွေ ကောက်ခံတာတွေကြောင့် အဆိုပါ ဒေသက ပြည်သူလူထုတွေအဖို့ မရှိမဖြစ် ရိက္ခာ၊ လူသုံးကုန်နဲ့ ဆေးဝါးတွေကို မတန်တဆ ကုန်ဈေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနေကြရတာပါ။ 

ပြည်သူလူထု အနေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း မလုပ်ကိုင်နိုင်တဲ့ အခြေအနေမှာ အခုလို မတန်တဆ စျေးနှုန်းကြီးမြင့်တဲ့ ရိက္ခာ၊ စားသောက်ကုန် နဲ့ လူသုံးကုန် နာမကျန်းဖြစ်ရင် လိုအပ်တဲ့ ဆေးဝါးတွေကို ရှိစုမဲ့စုငွေကြေးတွေကို သုံးပြီး ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။ ဒီအနေအထားမျိုးက သာမန်ပြည်သူတွေအဖို့ တဖြည်းဖြည်း လုံးပါးပါးလာကြတဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ စစ်အာဏာရှင်ကို တော်လှန်ရေးနဲ့ စစ်ပွဲ ကာလရှည်ကြာလာတာနဲ့အမျှ အခုလို ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ မလုပ်ကိုင်နိုင်တဲ့ အခြေအနေတွေက ပိုဆိုးရွားလာမှာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကြားထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်က ဒေသအများအပြားက လူထုတွေကို ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။ ရခိုင်၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်နီ (ကယား) နဲ့ ကရင်၊ တနင်္သာရီ စတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်ခံရနိုင်ခြေက နေ့စဥ်နဲ့ အမျှ ရှိနေတာပါ။ 

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ သံတွဲ စတဲ့မြို့တွေကို အလှည့်ကျ သဘောနဲ့ နေ့စဥ်လိုလို တိုက်ခိုက်နေတာ တွေ့ရမှာပါ။ အညာဒေသ ဖြစ်တဲ့ မြိုင်၊ ရေစကြို၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ ကန့်ဘလူ အစရှိတဲ့ ဒေသတွေမှာလည်း လေကြောင်းရန် အန္တရာယ် အစဥ်ရှိနေတာ ဖြစ်ပါတယ်။ 

မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ မိမိနေထိုင်ရာ မြို့ရွာမှာ တိုက်ပွဲဖြစ်နေလို့ တခြားမြို့ရွာတွေကို တိမ်းရှောင်ရတဲ့အခါ အိမ်ငှားခ၊ ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်ကြောင့် တော်ရုံတန်ရုံ ငွေကြေးနဲ့ ကြာကြာ မရှောင်တိမ်းနိုင်ကြပါဘူး။ မြို့တွေ၊ ရွာတွေကို စွန့်ခွာသွားတဲ့နောက် နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရတဲ့ အဖြစ်တွေကြောင့်လည်း အချို့သူတွေက ဘာဖြစ်ဖြစ် မိမိနေထိုင်ရာ မြို့က မစွန့်ခွာဖို့ ဆုံးဖြတ်ပြီး နေအိမ်မှာ စောင့်ပြီး နေထိုင်ခဲ့ကြတဲ့ အဖြစ်တွေလည်း ကြားသိရပါတယ်။ 

အခုလို ကုန်ဈေးနှုန်းမြင့်မားတဲ့ ဒဏ်၊ ပိတ်ဆို့မှုဒဏ်၊ လမ်းပန်းဆက်သွယ်ရေး ပျက်စီး ကြန့်ကြာမှု၊ လမ်းခရီးမှာ ကောက်ခံကြတဲ့ အခွန် စတဲ့ အခြေအနေတွေကို တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ ထည့်သွင်းစဥ်းစားပြီး ရှေ့လာမယ့် ကာလတွေမှာ ဘယ်လို သက်သာအောင် လုပ်ဆောင်နိုင်ကြမလဲဆိုတာ နည်းလမ်းရှာရမယ့် အချိန်ရောက်ပြီလို့ ဆိုချင်ပါတယ်။ 

အဲဒီလို မဟုတ်ခဲ့ရင် ပြည်သူလူထုအနေနဲ့ စစ်ပွဲတွေအကြား ခြေကုန်လက်ပန်းကျပြီး တော်လှန်ရေးကို ထောက်ပံ့တာ၊ အားပေးတာ ပါဝင်တာတွေ လျော့ပါးလာမှာ အသေအချာဖြစ်ပါတယ်။

Myanmar Spring Chronicle – Scenes from February 13

(MoeMaKa) February 14, 2026

Lives Struggling to Survive Under Wars, Airstrikes, and Economic Hardship

With five years having passed since the military coup—and nearly five years since the civil war reignited with growing intensity—the lives of the people of Myanmar have been forced to confront, all at once, the threats of death, disease, and economic collapse, struggling day by day simply to stay alive.

It has reached a point where people can hardly decide which of two choices is “better”: to be thankful they are still alive, or to think that death itself might be a form of release.

They are living under conditions—events, realities, prices, and ways of survival—that they have never heard of even once in their lifetimes. In the war, armed groups and political forces are not only fighting with weapons; they also impose economic blockades—cutting off farmlands, seas, and trade routes that ordinary people rely on for their livelihoods. The consequences of severing supplies of food, fuel, consumer goods, and medicine are borne most heavily by civilians living in these areas.

In the past, traveling overland between Mandalay and Myitkyina took just an overnight journey. Now, depending on the military situation, the trip can take three nights—or stretch into weeks. And this is not only true of the Mandalay–Myitkyina road. Overland routes linking areas such as Mandalay–Muse, Mandalay–Monywa, Hakha, and Tedim now take four or five times longer than they did before the current escalation of civil war. Not only in Upper Myanmar but also in the south—on routes connecting Dawei, Myeik, and Kawthaung—goods and passengers are frequently stranded on the road, and at times are even killed or injured amid gunfire. People are enduring danger, delays, and sharply rising costs.

In Rakhine State—where the coup military has imposed blockades for years—nearly all townships face shortages of goods and outrageously inflated prices. People also suffer because it is no longer easy to transport and trade local agricultural and other products to the rest of Myanmar. They struggle to survive by conducting limited cross-border trade with India and Bangladesh.

The coup military’s long-running blockade of Rakhine State has aimed to prevent the Arakan Army from being able to govern the region and to force military and political concessions. But up to now, it appears that this strategy has not succeeded. Although Rakhine’s people face extremely harsh conditions, they have managed to survive for more than two years by relying on basic foodstuffs and medicines entering through the India border.

Beyond restricting goods, movement in and out of Rakhine State has also been blocked except by air. Those traveling from Rakhine to other cities—via Ayeyarwady Region and Bago Region—often have to cross forest routes for weeks.

In parts of upper Sagaing, Kachin State, and Chin State, the blockade may not be as severe as in Rakhine, but overland transport still faces route closures, and various armed groups levy taxes and fees. As a result, civilians in these areas must buy essential food, consumer goods, and medicines at exorbitant prices.

With livelihoods disrupted and people unable to work normally, they are forced to spend whatever savings they have—scraping together what they can—to purchase overpriced rations, food, household necessities, and medicines when illness strikes. It would not be wrong to say that, for ordinary people, this situation is gradually becoming one of total depletion. As resistance and war drag on, these conditions—soaring prices and the inability to earn a living—are likely to become even worse.

Amid all of this, the danger of airstrikes also threatens people across many regions. In areas such as Rakhine, Kachin, Chin, Sagaing, Bago, Karenni (Kayah), Karen, and Tanintharyi, the risk of air attack exists day after day.

In Rakhine State, towns such as Mrauk-U, Kyauktaw, Pauktaw, Minbya, and Thandwe are being struck in turn—almost daily. In the central dry zone—places like Myaing, Yesagyo, Depayin, Salingyi, Taze, and Kantbalu—airstrike threats are also constant.

With prices rising, and with fighting forcing people to flee from their towns and villages to other places, most cannot remain displaced for long: rent costs, and lost jobs and income, quickly drain even modest savings. Some people have decided, no matter what happens, not to leave their homes—because after others fled, there were cases of houses being broken into and destroyed. Stories like this continue to circulate.

Given these conditions—high prices, blockades, broken and delayed transportation links, and road “taxes” and fees—the organizations leading the resistance must take these realities into account and find ways to ease the burden in the coming period. The time has come to search for practical solutions.

If they do not, it is certain that the public will become exhausted in the midst of war, and support for the resistance—materially, morally, and through participation—will inevitably decline.


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar