ကိုအောင်မှိုင်း - အဟောင်းဆိုင်
ကိုအောင်မှိုင်း - အဟောင်းဆိုင်
မိုးမခ ၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
မဟောင်းသွားတာဆိုလို့
လောကကြီးထဲ
အချစ်ပဲ ရှိတယ်။
တချို့
မကောင်းကျောင်းပို့
ဆိုတာမျိုးလည်းရှိရဲ့။
အချစ်နဲ့ပတ်သက်ရင်
ဖိုးမောင်တယောက်
တိုက်ပွဲ ခဏခဏကျတယ်။
အရက်ပုန်းဆိုင်က
လူးလဲထခဲ့ရတဲ့
ဝေလီဝေလင်း မနက်ခင်းဟာ
အဓိပ္ပာယ် သိပ်ရှိနေတတ်တယ်။
မင်းကိုတော့
နက်ဖြန်အတွက်
အရက်ပုန်းဆိုင်မှာ
ခဏ အပ်ထားခဲ့ဦးမယ်နော်။
ညနေရောက်လေ
ထမ်းရတဲ့ကုန်ဟာ
ပိုပိုပေါ့လာလေပဲ
အချစ်နဲ့တွေ့ဖို့ နီးပြီလေ။
တကယ်ဆိုတော့
အချစ်ဆိုတာ
အဖြူလောက် သစ္စာမရှိဘူး။
တေးခါးခါးတွေ ကြားတဲ့အခါ
မိုင်းကွင်းထဲ ပစ်ထားခဲ့ရတဲ့
ခြေတဖက်ကို သတိရတယ်။
နွားနို့ကို ရေရောတာနဲ့
တော်လှန်ရေးကို ရေရောတာ
ဘာကွာလို့လဲ နည်းနည်းပဲ အချိုပေါ့မယ်။
တော်လှန်ရေးမှာ
မင်း မတရားမှုတွေကို ကာကွယ်ပေးရင်း
ငါ ရေတိမ်နစ်ခံမယ် ဆိုသူတွေလည်း ရှိရဲ့။
တော်လှန်ရေးကို
လေးနက်ပါ ပြောရင်း
သူတို့ ကောင်းကင်မှာ ပျံနေကြပြန်တယ်။
ဒါနဲ့များ
သူတို့က ပန်းတွေ ချစ်သတဲ့။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar