ဖလော်ဒါဟန် - ဒေါ်ကြီးဝင်းရဲ့ အဖော်မဲ့ခရီး
ဖလော်ဒါဟန် - ဒေါ်ကြီးဝင်းရဲ့ အဖော်မဲ့ခရီး
မိုးမခ ၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
တလောက ကျွန်မ ရေးသားခဲ့ဖူးတဲ့ ဒေါ်ကြီးဝင်း အကြောင်းလေး ဆက်ချင်ပါတယ်။
သားနှစ်ယောက်မိခင် စစ်မှုထမ်း မဲပေါက်လို့ မွေးရပ်မြေ ဇာတိမြေကို ထားခဲ့၊ မိခင်ကြီးနဲ့ အဆက်အသွယ်မရတော့တဲ့ သားများအကြောင်း ဒေါ်ကြီးဝင်းတယောက် ငါးဇလုံကို ခေါင်းမှာရွက်လို့ "မိုးရင်ရေ ဧည့်သည်ရောက်ဆို၊ ငါးယူအုံးမလား" ဆိုသည့် အသံက တမနက်ခင်းလုံး ခြေတိုအောင် ငါးဗန်းရွက်လို့ သားတွေအတွက် အပူမှာ နွေဦးအစခရီးက ပင်ပန်းလှပါတယ်။
မိုးရင်မှာလည်း ဧည့်သည်လာလို့ ဧည့်ဝတ်ကျေသည် ဆိုသည်ထက် မိမိရဲ့ နေထိုင်မှု အခြေအနေနဲ့အဆင်ပြေအောင် ဧည့်ခံနေရတာပါ။
နေ့ပူ ညချမ်း တပေါင်းလဆန်း ဆိုသည့်အတိုင်း ဒေါ်ကြီးဝင်းတယောက် နေ့ခင်း ရောက်သည့်တိုင် ဆွယ်တာကို မချွတ်နိုင်သေးပါ။
ပါလာတဲ့ ငါးဇလုံထဲက ငါးရံ့ တပိဿာနဲ့ လေးဆယ်သားကို မိုးရင်ရယ် အကုန်ယူလိုက်ပါ ဆိုတာမျိုး ပြောရှာသေး။ ကျွန်မ အမှန်တိုင်း ဝန်ခံရရင် ငါးရံ့ဈေးနား မကပ်နိုင်ပါ။
ကျွန်မလည်း ဧည့်သည်ကိုပဲ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ တောင်ပေါ်မှာ ငါးက ရှားကရှားနဲ့ငါးခြောက်လေး လုပ်သွားပေါ့ ဆိုတာမျိုးနဲ့ ဒေါ်ကြီးဝင်းကို အဆင်ပြေစေချင်တယ်။
အခုချိန်မှာ မိမိထက်တောင် သာတဲ့ ဧည့်သည်ကိုလည်း လတ်ဆတ်တဲ့ ငါးလေး ရသွားစေချင်တာပါ။
ဧည့်သည်နဲ့ ဒေါ်ကြီးဝင်း အဆင်ပြေဈေးလေးတည့်တော့ ငါးရံ့ကို ငါးခြောက်ပုံ ဖြစ်အောင်ကျွမ်းကျင်စွာနဲ့ ဒေါ်ကြီးဝင်း ငါး စကိုင်ပါပါတယ်။
ပါးစပ်ကလည်း "မိုးရင်ရယ်၊ ပင်ပန်းပါတယ်။ တလောက ရပ်ကျေးက ၇ သိန်းနဲ့ သားတွေကို အပြစ်မရောက်ဖို့ စစ်မှုထမ်းကြေးပေးဖို့ ပြောလာတယ်။
"၇ သိန်း ဘယ်ရှိမလဲအေ။ အခုအိမ်ကို ပေါင် ဆိုတော့လည်း အိမ်သာလောက်ရှိတဲ့ အိမ်လေ။ အတိုးမသတ်နိုင်ရင် နေစရာမရှိ ဖြစ်အုံးမယ်။ ဘေးပတ်ဝန်းကျင်ကတော့ ဒေါ်ကြီးကို အကြံပေးကြပါတယ်။ မပေးဖို့ပေါ့။ ပေးလည်း ရပ်ကျေးက အာမခံပေးမှာမဟုတ်ဘူး ဆိုတာမျိုးလည်း ပြောကြတယ်။ တလောကလည်း ဖျားလိုက်တာဆို ပြုစုသူ မရှိနဲ့ ဒေါ်ကြီးလည်း ၅ ရက်လောက် အိပ်ရာထဲ လဲသွားသေးတယ်။ ကျွန်မလည်း တတ်သလောက်မှတ်သလောက်နဲ့ ဒေါ်ကြီးဝင်းရယ် အားဆေးလေး ဝယ်သောက်ပါလား"လို့ အကြံဉာဏ်ပေးမိတယ်။
ဒေါ်ကြီးဝင်း နှုတ်ဆိတ်နေလေရဲ့။ ငါးတကောင်ကို လက်ဆသတ်ချိန် မြင်ရက်စရာမရှိတဲ့ ဒေါ်ကြီးဝင်းရဲ့ ခြေထောက်နဲ့ လက်တွေကို ကျွန်မ ငေးကြည့်နေမိချိန် လမ်းမှာ ဆိုင်ကယ်ကြုံလေးရှိရင်တော့ လမ်းလျှောက်ရတာ သက်သာမယ်။ အင်းထဲအထိ ပြန်ရမှာဆိုပြီး ငါးဇလုံကို ခေါင်းပေါ်ရွက်လို့ သူမ တောလမ်းလေးအတိုင်း ပြန်သွားတယ်။
ကျွန်မ ဒေါ်ကြီးဝင်းရဲ့ သားနှစ်ယောက် ဘယ်မှာ ရောက်နေပါလိမ့်။ ဘယ်တော့များမှ ပြန်ဆုံကြမလဲ ဆိုတာ တွေးရင်း ဒေါ်ကြီးဝင်း ကျန်းမာပါစေလို့လည်း ဆုတောင်းနေမိပါတယ်။
ဖလော်ဒါဟန်
၁၅-၂-၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar