ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ( အပိုင်း - ၅ )
ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ( အပိုင်း - ၅ )ကိုအောင်မှိုင်း
မိုးမခ ၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
AI နဲ့ ကမ္ဘာ့ဇာတ်ခုံသစ် ဆွမ်းလောင်းပွဲက ပြန်လည်နိုးထလာတဲ့ စစ်သင်္ဘောအရင်းရှင်ဝါဒကို ကျားကန်ပေးမှုများ
AI ကို ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားအကျိုးပြု နည်းပညာဟု ခေါ်ဆိုနေကြသော်လည်း အရေးကြီးဆုံး မေးခွန်းတခုကို လူအများက ရှောင်လွှဲလေ့ရှိကြသည်။ ၄င်းမေးခွန်းမှာ AI ကို မည်သူက ကိုင် ထားသနည်း ဆိုသည်ပင် ဖြစ်သည်။ နည်းပညာတခု၏ သဘောသဘာဝထက်၊ ထိုနည်းပညာကို ထိန်းချုပ်နိုင်သည့် အာဏာဖွဲ့စည်းပုံစနစ်ကသာ လူ့အသိုင်းအဝိုင်း၏ အနာဂတ်ကို ဆုံးဖြတ်လေ့ရှိ ပါသည်။
ဤဆောင်းပါးသည် AI ကို ဆန့်ကျင်ရေး မဟုတ်ပါ။ AI ကို အသုံးချပြီး လူအများအပေါ် စောင့်ကြည့် ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်ရေးအကျိုးအမြတ်အတွက် အာဏာတည်ဆောက်နေသည့် လူတစုကို မေးခွန်းထုတ်ခြင်းသာ ဖြစ်ပါသည်။“လုံခြုံရေး”၊ “တိုးတက်မှု”၊ “မဖြစ်မနေလိုအပ်မှု” ဆိုသော စကားလုံးများအောက်တွင် AI သည် ကမ္ဘာ့ဇာတ်ခုံသစ်၏ ဆွမ်းလောင်းပွဲတခုအဖြစ် အသုံးချခံနေရပြီး၊ ထိုအလှပြပွဲက ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒကို တိုးတိုးတိတ်တိတ် တမျိုး၊ ကျယ်ကျယ်လောင်လောင် တမျိုး ကျားကန်ပေးလျက်ရှိနေသည်ကို အထင်အရှား တွေ့ မြင်ရမည် ဖြစ်ပါသည်။
AI ဆိုတာ နည်းပညာတခုသာမကဘဲ ကမ္ဘာ့အာဏာပြိုင်ပွဲ၏ ဇာတ်ခုံအသစ်ကို ဖန်တီးလိုက်ခြင်းဟု ပြောရမည် ဖြစ်ပါသည်။ စစ်ရေး၊ စီးပွားရေး၊ သတင်းအချက်အလက် စသည့် နယ်ပယ်အားလုံးမှာ “AI ကို ကိုင်ထားနိုင်သူတွေသာ အာဏာရှိသူ“ ဆိုသည့် သဘောတရားက ကမ္ဘာတလွှားမှာ ပိုမိုပြင်းထန်လာနေပါသည်။ AI ကြောင့် စစ်လက်နက်ထုတ်လုပ်မှုစနစ်တွေ ပိုမိုအလိုအလျောက် လုပ်ကိုင်လာနိုင်ပါသည်။ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာတွေ တိုးတက်လာပါသည်။ စစ်ဘက်၊ နည်းပညာနှင့် ကော်ပိုရေးရှင်းပူးပေါင်းမှု ပိုနက်ရှိုင်းလာပါသည်။ ၄င်းတို့မှာ စစ်ရေးအကျိုးအမြတ်ကို အခြေခံသော အရင်းရှင်စနစ်အား “နည်းပညာအသစ်ဖြင့် ပြန်လည်အသက်သွင်း”ပေးနေခြင်း ဖြစ်ပါသည်။
AI အတွက် အမျိုးသားလုံခြုံရေး နာမည်ဖြင့် ဘတ်ဂျက်ကြီးများ ထုတ်ပေးခြင်း။ စစ်ဘက်အသုံးချမှုကို မေးခွန်းမထုတ်ဘဲ သဘောတူလက်ခံခြင်း။ ကော်ပိုရေးရှင်းကြီးများကို ဒေတာ၊ အခွင့်အရေးများ ပေးအပ်ခြင်း စသည့် အခွင့်အရေးများ ပုံပေးကြလေ့ရှိသည်။ ၄င်းတို့မှာ စစ်သင်္ဘောအရင်းရှင်ဝါဒကို တည်တံ့အောင် “ကျားကန်”ပေးနေသည့် လုပ်ရပ်များပင် ဖြစ်သည်။ ယနေ့ခေတ်တွင် စစ်သင်္ဘောတစင်း၏ စွမ်းရည်ကို ဘယ်လောက် ဒေတာ စုဆောင်းနိုင်သနည်း။ ဘယ်လောက်မြန်မြန် ခွဲခြမ်းစိတ်ဖြာနိုင်သနည်း။ လူသားမပါဘဲ ဘယ်အဆင့်ထိ ဆုံးဖြတ်ချက်ချနိုင်သနည်း စသည့် မေးခွန်းများက အဓိကဖြစ်လာပါသည်။
ဤအခြေအနေအောက်တွင် စစ်ရေးအာဏာသည် နိုင်ငံတခုတည်း၏ လက်ထဲတွင် မတည်ရှိတော့ဘဲ AI နည်းပညာကို ပိုင်ဆိုင်သော ကော်ပိုရေးရှင်းကြီးများနှင့် ချိတ်ဆက်ပူးပေါင်းထားသည့် ပုံစံသို့ ရွှေ့ပြောင်းလာသည်။ အစိုးရများသည် လုံခြုံရေး အမည်နာမဖြင့် နည်းပညာကုမ္ပဏီများကို အာဏာအချို့ လွှဲပြောင်းပေးလာကြပြီး အရင်းရှင်စနစ်သည် စစ်ရေးနယ်ပယ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ စိမ့်ဝင်လာသည်ကို ထင်ထင်ရှားရှား မြင်လာရပါသည်။ ဆိုလိုသည်မှာ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒသည် “စစ်တပ်က ကော်ပိုရေးရှင်းကို အသုံးချခြင်း” မဟုတ်တော့ဘဲ “ကော်ပိုရေးရှင်းက စစ်တပ်ကို ဖန်တီးပုံစံသစ်ဖြင့် အသုံးချခြင်း” သို့ ပြောင်းလဲလာနေသည်ဟု ဆိုနိုင်ပါသည်။
အန္တရာယ်အကြီးဆုံးအချက်မှာ AI စနစ်များ၏ ဆုံးဖြတ်ချက်များသည် လူထုအာဏာ၊ ပြည်သူ့ အမြင်နှင့် ကင်းကွာလာနိုင်ခြင်း ဖြစ်သည်။ စစ်ရေး ဆုံးဖြတ်ချက်များကို “နည်းပညာက သတ်မှတ်လိုက်တာ” ဟူသော အကြောင်းပြချက်ဖြင့် တာဝန်ယူမှုမှ လွတ်မြောက်သွားစေနိုင်ပြီး စစ်ပွဲသည် လူသား၏ နိုင်ငံရေးဆုံးဖြတ်ချက် မဟုတ်တော့ဘဲ စနစ်တခု၏ အလိုအလျောက်လုပ်ငန်းစဉ်တခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ အဆိုပါကာလတွင် စစ်သင်္ဘောများသည် ပင်လယ်ပြင်ပေါ်တွင်သာမကတော့ဘဲ ဒေတာကွန်ရက်များအတွင်း၊ ကောင်းကင်ယံဒရုန်းများအတွင်း၊ အယ်လ်ဂိုရီသမ်များ (Algorithm) အတွင်းတွင်ပါ တည်ရှိနေကြပြီ ဖြစ်သည်။
အယ်လ်ဂိုရီသမ် ဆိုသည်မှာ ဘက်မလိုက်သည့် နည်းပညာတခု မဟုတ်ပါ။ ၎င်းသည် လူသားက ကြိုတင်ရေးဆွဲထားသည့် “ဘယ်အချက်အလက်ကို အရေးကြီးလို့ သတ်မှတ်မလဲ၊ ဘယ်သူကို ယုံကြည်မလဲ၊ ဘယ်သူကို သံသယထားမလဲ” ဆိုသည့် ဆုံးဖြတ်ချက်စည်းမျဉ်းများ၏ စုစည်းမှုတခုသာ ဖြစ်သည်။ ထို့ကြောင့် AI ၏ဆုံးဖြတ်ချက်များသည် သဘာဝကျသလို ထင်ရသော်လည်း အမှန်တကယ်မှာ အယ်လ်ဂိုရီသမ်ကို ရေးသားထားသည့် လူတစု၏ အမြင်၊ အကျိုးစီးပွားနှင့် အာဏာသဘောထားကို တိုက်ရိုက် ထမ်းပိုးထားခြင်း ဖြစ်ပါသည်။
စစ်ရေး၊ လုံခြုံရေးနှင့် စောင့်ကြည့်ရေးနယ်ပယ်များတွင် အသုံးချခံရသော အယ်လ်ဂိုရီသမ်များသည် လူသားကို အခွင့်အရေးရှိသူအဖြစ် မမြင်တော့ဘဲ “အန္တရာယ်ဖြစ်နိုင်သူ” အဖြစ် ခွဲခြားသတ်မှတ်လေ့ရှိလာသည်။ ထိုအခါ ဆုံးဖြတ်ချက်၏ တာဝန်ကို လူမှ ယူမထားတော့ဘဲ “နည်းပညာက ဆုံးဖြတ်လိုက်ခြင်း” ဟူသော အကြောင်းပြချက်ဖြင့် အာဏာသည် ပိုမိုလုံခြုံသွားပြီး လူအများ၏ မေးခွန်းထုတ်ခွင့်က ပိုမိုကျဉ်းမြောင်းသွားပါသည်။ အယ်လ်ဂိုရီသမ်သည် ဤသို့ဖြင့် စစ်သင်္ဘော မဟုတ်သော်လည်း စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒကို နောက်ကွယ်မှ လည်ပတ်စေသည့် မမြင်ရသော ယန္တရားတခုအဖြစ် တည်ရှိနေပေတော့သည်။
နိဂုံး
AI သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးစေသောအရာ မဟုတ်ဟု ကျနော် ယုံကြည်ပါသည်။ သို့သော် ဤနည်းပညာကို မေးခွန်းမထုတ်ဘဲ ကိုင်တွယ်နိုင်သည့် လူတစု၏ လက်ထဲတွင် အပ်နှံထားသရွေ့၊ AI သည် လူအများကို ကာကွယ်ပေးမည့် ကိရိယာအစား စစ်ရေးအာဏာနှင့် အရင်းရှင်အကျိုးအမြတ်ကို တည်တံ့စေသည့် ယန္တရားတခုအဖြစ် ဆက်လက် အသုံးချခံနေမည် ဖြစ်သည်။
ကမ္ဘာ့ဇာတ်ခုံသစ်ပေါ်တွင် “လုံခြုံရေး” နှင့် “တိုးတက်မှု” ဟူသော စကားလုံးများဖြင့် ဆွမ်းလောင်းပွဲများ ဆင်နွှဲနေစဉ်၊ ၄င်းတို့၏ နောက်ကွယ်တွင် ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒကို မည်သူတွေ ကျားကန်ပေးနေကြသနည်း ဆိုသည်ကို လူအများက မေးခွန်းမထုတ်နိုင်သေးသရွေ့၊ AI ၏ အနာဂတ်သည် ငြိမ်းချမ်းရေးထက် အာဏာကိုသာ ပိုမိုခိုင်မာသွားနိုင်သည်။ အချုပ်ကို ပြောရလျှင် AI ကို ဘယ်လို အသုံးချမလဲ မဟုတ်တော့ဘဲ၊ AI ကို ဘယ်သူက ဘယ်အတွက် ဆုံးဖြတ်ခွင့် ရယူထားသလဲ ဆိုတာပင် ဖြစ်ပါသည်။
AI က ကမ္ဘာ့ငြိမ်းချမ်းရေးကို မဖန်တီးနိုင်သော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးမည့် လမ်းတွေ ကိုတော့ ဆောလျင်စွာ မြင်အောင်လုပ်ပေးနိုင်လိမ့်မည်ဟု ယူဆမိကြောင်းပါဗျား။
ကျမ်းကိုးစာရင်း—
- Summit on Responsible AI in the Military Domain. (2023). World Forum, The Hague. Wikipedia
- Coveri, A., Cozza, C., & Guarascio, D. (2025). Big Tech and the US Digital - Military - Industrial Complex. Intereconomics
👉ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (အပိုင်း - ၁)
👉ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (အပိုင်း - ၂)
👉ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (အပိုင်း - ၃)
👉ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (အပိုင်း - ၄)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar