ကျော်လွင်အောင် - ဆေးရုံ ည (၁၀)
ကျော်လွင်အောင် - ဆေးရုံ ည (၁၀)
မိုးမခ ၊ ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆
ဒက်တောနံ့သင်းနေတဲ့ ဆေးရုံညတွေမှာ ကြက်အိပ်ကြက်နိးပါ၊ ခဏ ခဏ"အုန်းခနဲ" ပစ်တိုက်လိုက်မိသလို လန့်လန့်နိုးလာတဲ့အခါ နှုတ်ခမ်းနဲ့ သွားတွေက တရှိန်းရှိန်းနဲ့ နာလာတယ်။ ပေါင်မုန့်လေးနဲရေ မျှောချ၊ ပါရာတစ်လုံးလောက်သောက်လိုက်ရင် နာတာပျောက်လို့ လူကငိုက်မြည်းလာ၊ ပြန်မှိန်းရာက အပေါ့သွားချင်လာလို့ အိပ်ရာက ထ, ဪ ဒုက္ခ၊ ဒုက္ခ။
.......
၅ ညလွန်မြောက်၊ ၅ ရက်မြောက်နေ့
၂၁ ဇန်၊ ဗုဒ္ဓဟူးနေ့ နံနက်ခင်း -
ထမင်းချိုင့်သွားယူမယ့် ကိုသက်ကို လိုချင်တာတွေ အသေအချာမှာရတယ်။ အိုဗာတင်းလေးတစ်ခွက်သောက်ပြီး ခံတွင်းချဉ်လာလို့ အပြင်ထွက်မယ့်ပြင်နေတုန်း "ဦးကျော်လွင်အောင်" ဆိုပြီး ဖိုင်အပြာလေးထိုးပေးလို့ လမ်းတစ်ဘက်က ကုသဆောင်ဘက်သွား၊ စောင့်၊ ဆရာကြီးရှေ့ရောက်တော့ ပါးစပ်ဟ,ပေးလိုက်တယ်။
"ဝမ်းသွားသေးလား",
"ဟင့်အင်း၊ မသွားတော့ဘူးဆရာကြီး"
"မနက်ဖြန် ဆင်းလို့ရပြီနော်"
"ဟာ ဒါတွေ ဘယ်လိုဆက်လုပ်ရမလဲဗျာ"
ပါးစပ်ကို ထိုးပြရင်းမေးတော့
"ရက်ပြန်ချိန်းမှာပေါ့ဟဲ့၊ အဲဒီရက်တွေပြန်လာပြ"
ဒါလေးတောင် မသိရကောင်းလားဆိုတဲ့ လေသံပါ။
တော်တော်လေး စိတ်သက်သာရာရသွားတယ်၊ ဟုတ်တယ်၊ နှုတ်းခမ်းနဲ့သွားတွေကလည်း တစ်ခုခုကို အမြဲငုံထားရသလို ကျင့်သားရလို့နေပြီ၊ တင်ပါးဆုံရိုး၊ ဒူခေါင်းတို့က အနာတွေလည်း ခြောက်ကပ်လို့။ ဆေးရုံကဆင်းလို့ရပြီပေါ့၊ အမေ့ကို ပြန်လုပ်ကျွေး ပြုစုလို့ရပြီပေါ့၊
"ဟူး ..... တော်ပါသေးရဲ့" …....
တော်တော်နောက်ကျမှ ရောက်လာတဲ့ ကိုသက် ကို မှာလိုက်လို့ ဝယ်လာတဲ့ "နန်းစိန် ဘာတာကိတ်"မုန့်ဘူးတချို့ကို ကောင်တာက ဆရာဝန်လေးဆီကမ်းလိုက်တယ် -
"ဆရာတို့ စားဖို့ပါ၊ ဒီတစ်ဘူးက ဆရာကြီးအတွက်"
"ဪ ပေးပေးရမလား"
"ဟုတ်ကဲ့"။
ကျေနပ်သွားတဲ့ စိတ်နဲ့ ခုတင်ပေါ် ကျကျနနထိုင်၊ မရန်းခြံက ချိုင့်ဖွင့်ကြည့်တော့၊ အလယ်ဆင့်က ကြက်ပေါင်းမြူစွမ်မို့ ဝမ်းသာအားရ မြိုချပစ်လိုက်တယ်။ ဆေးလိပ်တစ်လိပ် ထွက်သောက်ပြီး စိတ်အေးလက်အေးနဲ့ အိပ်လိုက်တာ နေ့ခင်းဆေးလာချိတ်မှ နိုးတယ်၊ လိုင်းသုံးလိုက်၊ တွေးလိုက်၊ မှေးလိုက်နဲ့ ညနေစောင်းမှာ အဆောင်တစ်ပတ်လည် လမ်းလျှောက်၊ ဗီတို(Video အတို)တွေ လိုက်ရိုက်၊ ဆေးလိပ်သောက်၊ အဆောင်ထဲနဲ့ အိမ်သာ၊ ရေချိုးခန်းတွေ 'ဗီတို'ရိုက်ပြီးတော့ ကုတင်ဘက်ပြန်အလာမှာ မနက်တိုင်းလက်ဖက်ရည်အတူသောက်နေကျ တီးမိတ် ကိုနိုင်ဦးတို့ ညီအစ်ကို ရောက်လာတယ်၊
"ဟိုင်း ကိုနိုင်ဦးရေ Today's my last day here. လို့ ပျော်ပျော်ကြီးပြောမိတယ်။ သူသိချင်တဲ့ ဖြစ်ကြောင်းကုန်စင် ရှင်းပြရတယ်။
ရက်မကြာခင် လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြမယ် ကိုနိုင်ဦးရေ .......
ဘေးကုတင်က လူနာက ညဦးပိုင်း ဆိုင်ကယ်နဲ့ သဲပုံနဲ့ ပလက်ဖောင်းကြားထဲဖြတ်မောင်းတော့ သဲဆွဲတဲ့ဘက်လဲကျတာ မေးရိုးကျိုးသွားသတဲ့၊ ကျွတ် ... ကျွတ် ....။ ဟိုဘက်က လူနာကတော့ - - - ကိုသက်က လိုက်လျှောက်ပြောပြနေပေမယ့် ကိုယ့်စိတ်က အိမ်ပြန်ရောက်နှင့်နေပြီ၊ အမေ့ဆီကိုလည်း အားရပါးရ သတင်းပို့လိုက်ပြီ၊
"အမေ ..... စိတ်မပူနဲ့တော့ .....မနက်ဖြန် ကျနော် ပြန်လာခဲ့မယ်"
-------
(ပုံ - သွားနဲ့ခံတွင်း၊ ပြင်ပ/အတွင်းလူနာ စမ်းသပ် ကုသခန်း)
(ဆေးရုံ ည ဇာတ်သိမ်းခန်း - ဆက်ပါဦးမည်)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar