Breaking News

အမျိုးသားညွန့်ပေါင်းအစိုးရ ဒေါက်တာစိန်ဝင်း ကွယ်လွန်၊ အာဏာရှင် ဆန့်ကျင်တော်လှန်မှု လက်ဆင့်ကမ်းခေတ်တွေနဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၆ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၇၊  ၂၀၂၆


အမျိုးသားညွန့်ပေါင်းအစိုးရ ဒေါက်တာစိန်ဝင်း ကွယ်လွန်၊ အာဏာရှင် ဆန့်ကျင်တော်လှန်မှု လက်ဆင့်ကမ်းခေတ်တွေနဲ့ မြန်မာနိုင်ငံ 

 ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံပြီးနောက် ထိုင်းနယ်စပ် KNU ထိန်းချုပ်နယ်မြေမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာစိန်ဝင်း ၄င်းနေထိုင်ရာ အမေရိကန်နိင်ငံ မေရီလန်းပြည်နယ်မှာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာစိန်ဝင်းဟာ ရှစ်လေးလုံး အရေးတော်ပုံကနေ နိုင်ငံရေးနယ်ပယ်ထဲ စတင်ရောက်ရှိလာခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီကို ကိုယ်စားပြုဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရံပါတီ တနည်းအားဖြင့် ဆိုရရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို တစုံတခုသော အကြောင်းကြောင့် ဖျက်သိမ်းခံရတာမျိုးဖြစ်ခဲ့ရင် ဆက်လက်လှုပ်ရှားနိုင်ဖို့ အရံနိုင်ငံရေးပါတီ အနေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒေါက်တာစိန်ဝင်းက ဥက္ကဌအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်လည်း ခေါ်ယူခြင်းမပြုနိုင်၊ အာဏာလွှဲပေးခြင်းလည်း မရှိရာက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ကြပြီး ၁၉၉၀ ပြည့်  နှစ် ဒီဇင်ဘာလမှာ ကေအန်ယူ ထိန်းချုပ်နယ်မြေ မာနယ်ပလောမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာတော့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ လို့လည်း ခေါ်ဆိုကြတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ NCGUB လို့ခေါ်ဆိုတဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းကို ရွေးချယ်တာဝန်ပေးခဲ့ကြပြီး အစိုးရအဖွဲ့ဝင်တွေက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ 

ဒေါက်တာစိန်ဝင်း လျှောက်ခဲ့တဲ့နိုင်ငံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ နိုင်ငံရေးပါတီတည်ထောင်ပြီး မြေပေါ်နိုင်ငံရေးနယ်ထဲ ဝင်ရောက်ခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးပေမယ့် ရွေးကောက်ပွဲကျင်းပပေးတဲ့ အာဏာသိမ်းစစ်တပ်က လွှတ်တော်လည်း ခေါ်ယူခွင့်မပေးသလို အာဏာလည်း လွှဲပြောင်းခြင်း မရှိတာကြောင့် ရွေးကောက်ပွဲပြီး လအနည်းငယ်အကြာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်အချို့က ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေဆီ ထွက်ခွာခဲ့ကြပြီး အဝေးရောက် အစိုးရ အဖြစ်ဖွဲ့စည်းချိန်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်အနည်းငယ်အကြာမှာ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်ကာ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ တာဝန်တွေဆက်လက် ထမ်းဆောင်ခဲ့တာ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ပြီးသည် အထိ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ရှိပြီးနောက်မှာ ပြည်ပရောက် အစိုးရအဖွဲ့ဖြစ်တဲ့ NCGUB ကို တရားဝင် ဖျက်သိမ်းပေးခဲ့ပါတယ်။ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ တရားဝင်ဖျက်သိမ်းပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ NLD အစိုးရအနေက အာဏာရပြီး ၃ နှစ်ဝန်းကျင် အကြာမှာ NCGUB ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာထားတဲ့ ကြေညာချက်တွေကို တရားဝင် ပယ်ဖျက်ပေးခဲ့ပါတယ်။ NLD အစိုးရအာဏာရလာသည့်တိုင် ပြည်ထဲရေး ဝန်ကြီးဌာနကို စစ်တပ်က အဆိုပြုတဲ့ ဗိုလ်ချုပ်တွေက တာဝန်ယူထားတာ ဖြစ်လို့ ဒေါက်တာ စိန်ဝင်း မြန်မာနိုင်ငံပြန်လာခွင့်ကိစ္စမှာ အတားအဆီးတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး နယ်စပ်ဒေသလွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း နိုင်ငံရေးလှိုင်းတံပိုးကြားထဲ ဖြတ်သန်းကျော်ဖြတ်ခဲ့သူ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကြိုးပမ်းရင်း ပြည်ပရောက် နိုင်ငံရေးသမားတဦး အဖြစ်နဲ့ ဘဝရဲ့ သက်တမ်းထက်ဝက်နီးပါးကို ဖြတ်ကျော် ကုန်ဆုံးစေခဲ့ရသူ တဦး၊ ငွေကြေး၊ အာဏာရာထူးတွေနဲ့ ပတ်သက်လို့ အမည်းစက် စွန်းထင်းခြင်းမရှိခဲ့သူ၊ အဖေဖြစ်သူက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ အခြားသော နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အတူ လုပ်ကြံခံခဲ့ရတဲ့သူရဲ့ သားဖြစ်သော်လည်း ၁၉၈၈ ခုနှစ်အရေးတော်ပုံမတိုင်မီအထိ တက္ကသိုလ်ဆရာအနေနဲသာ နေထိုင်ခဲ့ရာကနေ ရှစ်လေးလုံး အရေးတော်ပုံကစလို့ နိုင်ငံရေးသမားတဦးဖြစ်လာသူ ရဲ့ ဘဝနောက်ဆုံးအချိန်တွေကို ပြည်ပနိုင်ငံတနိုင်ငံမှာ ဖြတ်သန်း နိဂုံးချုပ်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

NCGUB ရဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်အတန်ကြာ တာဝန်ယူခဲ့သူ သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို ရှောင်လွှဲခြင်း မပြုဘဲ ထမ်းဆောင်ခဲ့သူ အသက် ၈၂ နှစ်အရွယ်မှာ လူ့လောကထဲက ထွက်ခွာသွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးက မဆုံးနိုင်သေးတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒေါက်တာစိန်ဝင်းလိုပဲ ရှစ်လေးလုံးအရေးတော်ပုံကစလို့ နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာခဲ့သူ၊ သူနဲ့ ဝမ်းကွဲမောင်နှမ တော်စပ်သူ လူထုခေါင်းဆောင် အဖြစ် သတ်မှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်လည်း လက်ရှိအချိန်မှာ အသက် ၈၀ ပြည့်ပြီးနောက် အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရဆဲ မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ လှိုင်းတံပိုးကြားထဲ ကူးခတ်နေရဆဲ ဖြစ်ပါတယ်။ 

ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ NCGUB အစိုးရ ၂၀၁၂ ခုနှစ် တရားဝင် ဖျက်သိမ်းပြီးနောက် ၁၀ စုနှစ်တခု မပြည့်မီမှာ စစ်အာဏာသိမ်းမှု နောက်တကြိမ် ဖြစ်ပွားကာ နောက်မျိုးဆက်တွေက အာဏာသိမ်းတဲ့ စစ်အစိုးရကို လက်နက်ကိုင် ခုခံတိုက်ခိုက်မယ့် လမ်းကြောင်းကို ရွေးချယ်ကာ တတိယမြောက် လွတ်မြောက်ရေး လှုပ်ရှားမှုထဲ ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ 

ဗြိတိသျှ ကိုလိုနီထံကနေ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ဆန်းကနေ မကြာခင်လပိုင်းမှာပဲ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေနဲ့ လူမျိုးစု အခွင့်အရေးတွေပေါ် အကြောင်းခံတဲ့ ပြည်တွင်းစစ်မီးထဲ ကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ မျိုးဆက်တွေ တခုပြီးတခု ကျော်လွန်ခဲ့ကြတဲ့တိုင် စစ်မှန်တဲ့ ပြည်ထောင်စု ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံအဖြစ် မထူထောင်နိုင်ကြသေးတာ စိတ်မချမ်းမြေ့ဖွယ်တွေ့ကြရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar