Breaking News

ဖလော်ဒါဟန် - ဒေါ်စုလက်ထက် အူစိုခဲ့ရတဲ့ အရီးဝေတို့ဘဝ

ဖလော်ဒါဟန် - ဒေါ်စုလက်ထက် အူစိုခဲ့ရတဲ့ အရီးဝေတို့ဘဝ

မိုးမခ ၊ ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆


"ဆီတစ်ဆယ်သား ပေးပါ မိုးရင်ရေ"တဲ့။ 

အရီးဝေတယောက် အပူနဲ့ ဆီ လာဝယ်ရင်း "နောက်ရက်ကျ ပေးစရာရှိတာလေးတွေ ပေးမယ်နော်၊ မှတ်ထားပေး၊ စစ်မှုထမ်းကြေး ပေးနေရတာနဲ့တင် အကြွေးက တင်လို့မဆုံးဘူးအေ" တဲ့။

မအလ တယောက် ပျောက်နေတာ တပတ်ကျော်ပြီ ဆိုတဲ့ သတင်း။

အရီးဝေက အသက်ကြီးပေမဲ့ အပ်ဒိတ်သတင်းတော့ သိသားပေါ့။

စိတ်ထဲကနေ တွေးနေမိတယ်။

"အေးအေ၊ မိန်းကလေးတွေ စစ်မှုထမ်းရမယ်လို့ ကြားနေတာ ဟုတ်လား မသိဘူး"ဆိုပြီး ဆီဘူးလေး ကိုင်ပြီး တောလမ်းလေးအတိုင်း ပြန်သွားလေရဲ့။

အခုရက်ပိုင်း စစ်မှုထမ်း သတင်း ပြန်လည်အားကောင်းလာသလားလို့။

တနေ့ကလည်း မမိုးရင် သတင်းအစုံမှာ စစ်မှုထမ်းသတင်း အမျိုးမျိုး ဖတ်နေရတယ်။

ရွေးကောက်ပွဲပြီးတော့လည်း စနစ်ဆိုး၊ ခေတ်ဆိုးမှာ ပြည်သူတွေ ဝမ်းရေးအခက် စစ်မှုထမ်းကြေးအသက်လို ဖြစ်နေကြပါပြီ။

ဆီ တဆယ်သား ဆန် ၄ ဘူးနဲ့‌ နေ့စဉ် စားဝတ်နေရေးကို အလျင်မီအောင် ဖြေရှင်းနေရသည့် မိသားစုတွေ အများကြီးပါ။

ဒီခေတ်ဒီစနစ်ကြီးရဲ့ ကြီးစိုးမှု အရိပ်အောက်မှာ ကုန်ဈေးနှုန်းကလည်း တက်၊ ပြည်သူတွေမှာလည်းလုပ်အားခ ရသလောက်ကုန် ဆိုတော့ တနေကုန် ခြေထောက် သွေးတောင့်ရုံမက သွေးကြောတွေပြတ်ကုန်တာတောင် လူမွှေးမပြောင်ကြရတဲ့ ဘဝတွေပါ။

မမိုးရင်လည်း သက်ပြင်းရှည်ကြီး ချလို့ ပညာမဲ့လို့ လုပ်ငန်းခွင်ကို အားကျနေသူ လူငယ်တွေကို ငေးမောနေမိတယ်။

တဘဝစာအတွက် တခဏတာ ငွေကြေးပမာဏကို ပညာလို့ ထင်နေကြသူတွေအတွက် လူဖြစ်ရှုံးနေတဲ့ လူ့ဘဝသက်တမ်းကို မသိနိုင်ကြသူတွေ အများကြီးပါ။

မမိုးရင်တို့ တိုင်းပြည်မှာ အလုပ်လက်မဲ့၊ ပညာလက်မဲ့တွေ ပေါလာသလို ငွေဝယ်ကျွန်ဘဝတွေအဖြစ် မိမိကိုယ်ကိုယ် ရောက်မှန်းမသိ ရောက်နေကြတာတွေကို မမိုးရင်တို့ ဘယ်လို ကယ်တင်ကြမှာလဲ။

အရီးဝေ ပညာမတတ်ပါ။

သို့သော် အူစိုခဲ့ဖူးတဲ့ ပြည်သူ့အစိုးရလက်ထက်ကို တန်ဖိုးထားသည်။

ပြန်လည်လိုချင်သည်။

တောင့်တသည်။

မျှော်လင့်သည်။

ဒေါ်စု လက်ထက်ကအေ ဆိုသည့် စကားရဲ့နောက်ကွယ်မှာ အရီးဝေ ဘဝလှပခဲ့ဖူးသည်။

သူမ အခုလို ရဲရဲရင့်ရင့် ဝန်ခံတတ်ခြင်းမှာ ပြည်သူတယောက် အမှန်တရားကိုထုတ်‌ဖော်ပြောဆိုခြင်းဖြင့် သူမ တာဝန်ကျေပွန်သည် ဆိုတာလေးကို မျှဝေရင်း အရီးဝေ ဘဝ အေးချမ်းပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။


ဖလော်ဒါဟန်

၃.၂.၂၀၂၆

17:02pm


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar