Breaking News

ရှင်ရဲထွဋ် - ပွဲတော်ထဲပျော်ပါးပုံအဆင့်ဆင့်

Art-Than Htay Maung
ပွဲတော်ထဲပျော်ပါးပုံအဆင့်ဆင့်
ရှင်ရဲထွဋ်
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

ဘယ်တုန်းကတည်းကစံပါယ်တော်မူနေမှန်း
မသိတဲ့ဆင်းတုတော်ရှေ့ ...
ဘယ်သူလာချသွားမှန်းမသိတဲ့ကျောက်တုံးကြီး၊
ဘယ်သူ့ဆုတောင်းက ပေါ့ရွှတ်ရွှတ်
ဘယ်သူ့ဆုတောင်းက  လေးလေးပင်ပင်၊

ပွဲဈေးတန်းတလျောက်
"ပေါ့ပ်"ဆန်လွန်းတဲ့ အာတာပူစီ၊
လှည့်လိုက်တိုင်းကြည့်ပျော်ရှုပျော် ပွထလာ၊
မရမ်းရောင် အဝါရောင် ပန်းရောင်
လေနဲ့  ပဲ့ပါမသွားခင်ထိ 
မျှော်လင့်ခြင်းအရောင်များ၊

အပူဟပ်တိုင်း ရုန်းကန် ထကြွ မုန့်လေပွေတချပ်ရဲ့
ကြွပ်ရွစဉ်အခါက ကြုံးဝါးသံ၊
ညလုံးပေါက် ကွေးညွတ်မသွားဘူးအထင်နဲ့
စိတ်ကြီးဝင်ပြန့်ကားမှု၊
အတိတ်ကမာကျောခဲ့သမျှ
ညဉ့်နက်လေ
ပျော့ဖတ်တတ်သောဖောက်ပြန်ရေးဗီဇက
ထင်ရှားလေ၊

ဟိုရှေးရှေးတုန်းက
ဘာရာဏသီပြည်မှာ
ဘာမြစ်ကြီးထဲဘာသီးကြီးမျောလာ
ဘာဓားကြီးနဲ့ခွဲကြည့်၊
ဖြစ်ချင်ဇောမေးကြောကြီးတွေ
ထောင်ထလည်း
အထဲမှာဘာမှမရှိ၊

အနာဂတ်ထဲ ဆန္ဒတွေလှီးထည့်
အိပ်ရေးဝအောင်အိပ်မယ်၊
လက်သည်းညှပ်မယ်၊
သွားတိုက်မယ်၊
သားရေဖိနပ်ကြိုးကဖုန်တွေကို
ဘရပ်ရှ်နဲ့ဖွဖွလေးတိုက်ချင်တယ်၊
မကောင်းမှုများအသက်တိုပါစေ၊

ဆေးကွဲနေတဲ့ပုရစ်တကောင်ရဲ့အော်သံ၊
ကိုယ့်ကိုယ်ကိုလုပ်ကြံနေမှန်းမသိအောင်
လုပ်ယူထားတဲ့မျက်နှာပေးနဲ့
ဆပ်ပြာပျောက်တာမလိုချင်ဘူး
အမြှုပ်ထွက်တာပဲလိုချင်တယ်၊

လူ့ဘဝတဲ့
တယောက်နှစ်ထောင်ပေးရတဲ့
ပင်လယ်ဓားပြလှေပေါ်မှာ
ရှေ့မြောက်တက်သွားလိုက်ကားခနဲ၊
နောက် လွင့်တက်သွားလိုက် အားခနဲ၊

ပြတ်ရှဒဏ်ရာ အနှစ်သုံးဆယ်
ထိုးသွင်းဒဏ်ရာ အနှစ်နှစ်ဆယ်
တော်ပြီပေါ့၊
ပျော်ပါရဲ့လားဆိုတဲ့မေးခွန်းဟာ
ဟာသဓာတ်ခံအပြည့်နဲ့
ရွှေပွဲလာတွေကိုနှုတ်ဆက်အပြီး
ကြယ်တွေကိုမေ့ကျန်ခဲ့လို့
အမှောင်ဟာ
ငါတို့ဆီနောက်တခေါက်ပြန်ရောက်လာ
ခဲ့ပါတယ်၊

၁၂ ဖေဖော်ဝါရီ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar