Breaking News

မြန်မာနွေဦး အတွင်း၊ အပြင် ပဋိပက္ခတွေ ပိုမိုရင်ဆိုင်ကြရမဲ့ အချိန်လား

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၃ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊  ၂၀၂၆


မြန်မာနွေဦး အတွင်း၊ အပြင် ပဋိပက္ခတွေ ပိုမိုရင်ဆိုင်ကြရမဲ့ အချိန်လား

လက်ရှိအခြေအနေမှာ နိုင်ငံရေး စစ်ရေး အခင်းအကျင်းများ အပြောင်းအလဲကာလတခုသို့ ရောက်လာသလားဟု မေးကြချိန်ဖြစ်ပါတယ်။ တကယ်တမ်းကတော့ အမြဲတမ်း သည်မေးခွန်းက ရှိနေတာပါ။ လူအများစိတ်ဝင်စားတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာတဲ့အခါ ဒါကို လူတွေက ပိုပြီး မေးကြပါတယ်။ ပုလဲနယ်က ဗိုလ်နဂါး မြန်မာစစ်တပ်ကို လက်နက်ချတာ၊ NUG ဝန်ကြီးချုပ်ရုံးက အမြဲတန်းအတွင်းဝန် သူ၏ဝန်ထမ်းတွေ၏ တိုင်ကြားခံရပြီးနောက် အလုပ်ကနေ အနားယူသွားတာတွေကနေ လူထုစိတ်ဝင်စားမှု မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ စစ်ကော်မရှင်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်က လွှတ်တော်ခေါ်မလား စစ်တပ်က အာဏာအကူးအပြောင်းလုပ်မလား ဆိုတဲ့ ခြေလှမ်းတွေကိုလည်း လူထုက စိတ်ဝင်စားကြပါတယ်။ အမှန်တကယ်ဆိုရရင် လူထုအတွက် အကျိုးတစုံတရာ (စားဝတ်နေရေး၊ လုံခြုံရေး၊ နေရပ်ပြန်နိုင်ရေး) စတာတွေ အကျိုးရှိမှာ မဟုတ်ပေမယ့်လည်း ၎င်းတို့အပေါ် စစ်ရေး၊ နိုင်ငံရေးနဲ့ အထွေထွေ ဖိစီးနေမှုကနေ အနည်းငယ် လျော့မလားဆိုတဲ့ မျော်လင့်ချက်လည်း ရှိကောင်းရှိနိုင်ပါတယ်။

စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ အနိုင်ရအမတ်တွေကို လွှတ်တော်အစည်းအဝေး ကျင်းပဖို့ ခေါ်ယူကြောင်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နိုင်ငံမီဒီယာတွေက တဆင့်ကြေညာလိုက်ပြီး မတ်လ ၁၆ မှာ ခေါ်ယူမယ်လို့လည်း ထုတ်ပြန်ထားလိုက်ပါတယ်။  အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို မတ်လ ၁၈ ရက် သတ်မှတ်တယ်လို့ ဆိုပါတယ်။ အဲသည်လွှတ်တော်အစည်းအဝေးတွေက စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေအတွက် သက်ရောက်မှု ရှိပြီး ကျန်တဲ့ စစ်ရေးမငြိမ်သက်တဲ့ ဒေသတွေ တောင်ပေါ်ဒေသ တိုင်းရင်းသားဒေသတွေကိုတော့ ဘာမှ ထူးခြားစေမှာ မဟုတ်ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုယ်တိုင်ကတော့ လက်ရှိ လူထုစိတ်ဝင်စားတဲ့ ဗိုလ်နဂါးလက်နက်ချတာ၊ အတွင်းဝန်နုတ် ထွက်တာ၊ ရွေးကောက်ပွဲတွေ လွှတ်တော်တွေကို အထူးတလည် စိတ်ဝင်စားမှု မပြကြဘူးလို့ ဆိုနိုင်ပါတယ်။ KIA အနေနဲ့ ကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အလေးပေးပြောဆိုခဲ့ပါတယ်။ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ CNF နဲ့ ဆက်ဆံရေး နာဂ ဒေသက လက်နက်ကိုင် အဖွဲ့နဲ့ဆက်ဆံရေးတို့ကိုလည်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားခဲ့ပါတယ်။ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) နဲ့ ဆက်ဆံရေးကလည်း ပိုမိုပြီး မြဲမြံနေတဲ့အချက်အလက်တွေကို သတင်းတွေမှာ မြင်တွေ့နေရပါတယ်။ စစ်ကိုင်းနယ်မြေကိုလည်း လုံခြုံရေးတည်ငြိမ်မှု ရှိဖို့လိုတယ်လို့ ထပ်လောင်းပြောသွားတာကို သတိပြုနိုင်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်ဆံရေး ထိန်းသိမ်းဖို့ တိုးတက်ဖို့ကို ပိုပြီး အလေးထား ပြောဆိုတာကို ချင်းအမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းတွေမှာ တွေ့ရှိနိိုင်ပါတယ်။ Chin Land Council အပါအဝင် ချင်းအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမည့်အကြောင်းနဲ့ စစ်အုပ်စု၏ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေကို အသိအမှတ်မပြုကြောင်း ပြောကြားသွားတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင်အတွင်း တိုက်ပွဲတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ PDF တပ်ရင်းတွေ၊ ပကဖတွေနဲ့အတူ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(AA) က စစ်တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတယ်လို့  NUG - MoD ၏ အမှတ် ၁ စစ်ဒေသကိုယ်တိုင်ကလည်း ထုတ်ပြန်ထားကို တွေ့ရတာမို့ မြန်မာစစ်အုပ်စုနဲ့ သူတို့လက်အောက်က တက်လာမယ့် လွှတ်တော်တို့ အစိုးရတို့ ဆိုတာအတွက် စိန်ခေါ်မှုတွေ တိုးလာတာလို့ ဆိုနိုင်ပါတယ်။

တရုတ်နိုင်ငံ၏ စွက်ဖက်မှု ဖိအားတွေက ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပေါ်မှာ များစွာ ရှိတယ်လို့ သုံးသပ်ကြပြီး လက်ရှိအခြေအနေမှာ TNLA MNDAA တို့အချင်းချင်းကြား ဆက်ဆံရေး ပွတ်တိုက်မှု ရှိနေတယ်လို့ သတင်းများက ဖော်ပြကြပါတယ်။ သူတို့အချင်းချင်းကြားက ဆက်ဆံရေးဟာ ညှိနှိုင်းဆွေးနွေးလို့ရတဲ့ ဆက်ဆံရေး ဖြစ်ပြီး လက်နက်နဲ့ ဖြေရှင်းရမယ့် အကြောင်းအရာမျိုး မဟုတ်ဘူးလို့လည်း အဆိုပါ အဖွဲ့အစည်း ခေါင်းဆောင်တွေက အမြဲ ထုတ်ဖော် ပြောကြလေ့ရှိပါတယ်။ အခုလိုအချိန်ကာတွေအတွင်းမှာ အချင်းချင်း ပဋိပက္ခကို မီးထိုးပြီး ဖြေရှင်းမရအောင်ပြုလုပ်ကြတာထက် ဒါကို သတိရှိကြဖို့ကို ကချင်အမျိုးသားအဖွဲ့ KNO က ဖေဖော်ဝါရီ (၁၈) နေ့စွဲနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။  လတ်တလောမှာဖြစ်နေတဲ့ BNRA နဲ့ NUG-PDF၊ SSPP/SSA နဲ့ RCSS/SSA၊ MNDAA နဲ့ TNLA၊ ကရင်လက်နက်ကိုင် အဖွဲ့တွေကြားကပဋိပက္ခတွေ ချက်ချင်းရပ်ဖို့လည်း KNO က တောင်းဆိုထားခဲ့တာတွေ့ရပါတယ်။ အခုကတော့ BNRA ပဋိပက္ခ တခန်းရပ်နေတာမို့ ပုလဲ ယင်းမာပင်ဒေသ တော်လှန်ဒေသအဖြစ် ဆက်က်ရပ်တည်နိုင်ရေးကိုပဲ အာရုံစိုက်ကြလိမ့်မယ် ထင်မိပါတယ်။

သည်နေရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအချင်းချင်းကြားမှာ ခုခံစစ်ကလွဲရင် အချင်းချင်း တိုက်ခိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် ရှောင်ကြတဲ့ အစဉ်အလာရှိခဲ့ကြတာကို သတိပြုမိစေချင်ပါတယ်။ ရှမ်းပြည်မှာ KNO က ထောက်ပြသလို RCSS/SSA နဲ့ SSPP/SSA တို့လို အဖွဲ့အစည်းတွေကြား ဆက်ဆံရေးထူထောင်ထားမှုရှိကြတာမို့ ဆွေးနွေးညှိနှိုင်းမှုတွေ ကို အရင်ဆုံး မလွဲမသွေ ဖြတ်သန်းကြပါတယ်။ နိုင်ငံရေးအရ သဘောချင်း မတူညီမှုတွေကို စတိတ်မင့်တွေ ထုတ်ပြန်ချက်တွေနဲ့ ရင်ဆိုင်ကြလေ့ရှိပါတယ်။ စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားတယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေက အမျိုးသားသစ္စာဖောက်လိုမျိုး သတ်မှတ်ကြတာမို့ တိုင်းရင်းသားတဦးအနေနဲ့ အလွန်ကို ပြင်းထန်တဲ့ အထိနာမှုမျိုး ဖြစ်ပါတယ်။ သည်လိုမျိုး မဖြစ်အောင်လည်း ရှောင်ရှားကြတယ်လို့ ဆိုနိုင်ပါတယ်။

လွတ်လပ်ရေးကာလကတည်းက တိုင်းရင်းသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်စွဲခဲ့တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကိုယ်တိုင်ကလည်း သည်လိုမျိုး အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းဖူးတာမို့ စစ်အုပ်စုများ၏ သွေးခွဲ သပ်လျှိုတိုက်ခိုက် ဖြိုခွဲမှုတွေကို ခံစားခဲ့ပြီး ဖြစ်တယ် ဆိုနိုင်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးမှာ KNU က နိုင်ငံရေးဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး ဒေသတွေကို အခြေခံတဲ့ တပ်မဟာတွေက စစ်ခါင်းဆောင်တွေကတော့ ဒေသတွေ၏ တိုက်ရိုက်အရေးကိစ္စတွေကို တာဝန်ခံကြရသူတွေ ဖြစ်ပါတယ်။ KNU က ထုတ်ပြန်တဲ့ စတိတ်မင့်တွေက သူတို့ နိုင်ငံရေးရပ်တည်ချက်ကို ကိုယ်စားပြုသလို တပ်မဟာအလိုက် စစ်ရေးတာဝန်ခံတွေက မျက်မှောက်အရေးအတွက် အရေးကြီးတဲ့ လက်တလောရပ်တည်ချက် ရုန်းကန်လှုပ်ရှား လက်တွေ့ကျမှုကို သီးခြားစီ ကိုယ်စားပြုကြတာ ပြောဆိုကြတာတွေ တွေ့နိုင်ပါတယ်။ ထို့အပြင် နိုင်ငံရေးရပ်တည်ချက်မတူလို့ ခွဲထွက်သွားတဲ့ BGF, DKBA, KNLA-PC စတာတွေအပြင် ၂၀၂၂ မှာလည်း KTLA ဆိုတဲ့ ခွဲထွက်မှုတွေ ရှိခဲ့ပါတယ်။  သည်တော့ သူတို့အရင်က အားကောင်းခဲ့တဲ့ တပ်မဟာ ၇ နယ်မြေမှာ အဆိုပါအဖွဲ့ခွဲတွေ တည်ရှိလှုပ်ရှားနေကြပြီး KNU အနေနဲ့ကတော့ အတတ်နိုင်ဆုံး လက်နက်ကိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်အောင် ရှောင်ရှားကြလေ့ရှိတာ တွေ့နိုင်ပါတယ်။ ကရင်တိုင်းရင်းသားတွေအချင်းချင်း သွေးထွက်သံယို သတ်ဖြတ်တိုက်ခိုက်ပြီး ဖြေရှင်းရတာမျိုးကို မလိုလားကြဘူး လို့ ဆိုနိုင်ပါတယ်။ ဒါက သမိုင်းသင်ခန်းစာ ဖြစ်ပါတယ်။

ယခုလက်ရှိအခြေအနေမှာ မြန်မာတွေအများစုနဲ့ စုဖွဲ့ထားကြတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေ၊ စစ်ရေးလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်မှာ အတွင်း၊ အပြင် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကို သိသာမြင်သာ ထင်ရှားစွာ စတင် ရင်ဆိုင်နေကြရတယ်လို့ ဆိုနိုင်ပါတယ်။ ယခင်က မသိသာပေမယ့် ယခုနောက်ပိုင်း ပွင့်လင်းမြင်သာစွာ ထိပ်တိုက်ရင်ဆိုင်မှု အငြင်းပွားမှုတွေ တိုက်ခိုက်မှုတွေ ဆက်လက် တွေ့ကြရမယ်လို့ ဟောကိန်းထုတ်နိုင်ပါတယ်။ သည်နေရာမှာ ရန်သူ စစ်အာဏာရှင်တွေ စစ်အုပ်စုတွေလိုမျိုး သဘောထားပြီး သူသေ ကိုယ်ရှင် သဘောထားမျိုးနဲ့ပဲ တဖက်သပ် ဆုပ်ကိုင်ဖြေရှင်းကြမလား၊ အခြားနည်းလမ်းတွေနဲ့ လူထု၏ စည်းလုံးမှု၊ နားလည်မှု၊ ထောက်ခံမှုတွေကို မပျက်စီးစေရဘဲ ဗျူဟာမြောက် ချီတက်နိုင်ကြမလားဆိုတာက မေးခွန်းပဲ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar