တာပလု - လာဘ်စားမှုတွေ များရင် တိုင်းပြည်ပျက်တာပဲ
တာပလု - လာဘ်စားမှုတွေ များရင် တိုင်းပြည်ပျက်တာပဲ
မိုးမခ ၊ ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆
"လာဘ်စားမှုတွေ များရင် တိုင်းပြည်ပျက်တာပဲ" ဒီစကားကို ကြားကြားချင်း ဖိုးပြူး ခေါင်းထဲ အတွေးစတွေ အစီအရီ ရောက်လာတယ်။ လူတစ်ယောက်က မြန်မာနိုင်ငံမှာ တိုင်းပြည်ပျက်စီးရတဲ့အကြောင်းဟာ လာဘ်စားမှုတွေကနေ စတာပဲလို့ ပြောသွားတာပါ။
ဟုတ်လိမ့်မှာပါ။ ဟုတ်လည်း ဟုတ်နေတာပဲမဟုတ်လားလို့ ဖိုးပြူး တွေးပါတယ်။ တကယ်လည်း တိုင်းပြည်က ပျက်စီးနေတဲ့ အခြေအနေမျိုးမှာ လာဘ်စားမှုတွေ ကြုံနေရဆဲ ဖြစ်နေတာပဲ မဟုတ်လား။ ဖိုးပြူး ဆက်ပြီး တွေးမိတာ မြင်ကွင်းတချို့ အတွေးထဲ ပြန်ရောက်လာပါတယ်။
အတွေးထဲ ပြန်ရောက်တယ်လို့သာ ပြောရတာ။ တကယ်တော့ မကြာသေးတဲ့ အချိန်ကာလတစ်ခုမှာ ဖိုးပြူး ကျော်ဖြတ်လာခဲ့ရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
သုဝဏ္ဏဘူမိ လေဆိပ်ကြီးထဲကို ဖိုးပြူး ရောက်ရောက်ချင်း လဝကကောင်တာကို ဖြတ်ရတယ်။ အဲဒီနေရာကနေ ဖိုးပြူး လွယ်လွယ်ကူကူ ဖြတ်လာခဲ့ရတာတော့ မဟုတ်ဘူး။
"၂ လ ဗီဇာနဲ့လာပြီး ဟိုတယ်ဘိုကင်ကို ၂ ရက်တည်း ဘာလို့လုပ်ထားရတာလဲ" ဆိုတဲ့ မေးခွန်းကို အခန်းတစ်ခန်းထဲ အခေါ်ခံရပြီး စစ်မေးခံရတာပါ။
ဖိုးပြူးကတော့ ကြိုပြီးတွေးထားတဲ့အတိုင်း ပြောပြနေပါတယ်။ ဒီကို ရောက်လာတာ အလည်အပတ်အတွက် ရောက်လာတာ။ ဒီဟိုတယ်မှာ တစ်ညတာ တည်းခိုပြီးတာနဲ့ တခြားနေရာကို ခရီးဆက်မှာဖြစ်တယ်လို့ မေးခွန်းရဲ့အဖြေကို ပြန်ပြောပြနေခဲ့တယ်။
မေးတဲ့သူကတော့ သဘောတွေ့ပုံမရပါဘူး။ မေးခွန်းတွေ မေးရင်း နောက်ဆုံး မြန်မာနိုင်ငံမှာ ဘာအလုပ် လုပ်လဲဆိုတာကိုပါ မေးပါတော့တယ်။ ဒါလည်း ဖိုးပြူး ဖြေပေးဖို့ အလွယ်လေးပါ။ မြန်မာနိုင်ငံမှာ ဖိုးပြူးက ဝါးနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်တယ်။
ဝါးဦးထုပ်၊ ဝါးထိုင်ခုံ၊ ဝါးနဲ့ပတ်သက်တာမှန်သမျှ ဖိုးပြူးလုပ်ခဲ့တယ်။ ဒီအရာတွေကို ဓာတ်ပုံတွေ၊ ရုပ်သံတွေတချို့ကို ထုတ်ပြတော့ လဝက တာဝန်ရှိတဲ့ အမျိုးသမီးက သဘောကျသွားတယ်။ သူလည်း လက်မှုပညာကို ကြိုက်နှစ်သက်သူတစ်ယောက်လို့ ပြောပါတယ်။ အဲဒီကစပြီး ဖိုးပြူးတို့ကို ပြည်ဝင်ခွင့် ပေးလိုက်တယ် ဆိုပါတော့။
ဒီနိုင်ငံကို ဝင်လာဖို့ဆိုတာ လွယ်လွယ်ကူကူတော့ ဘယ်ဟုတ်ပါ့မလဲ။ တချို့က တောလမ်းက၊ တချို့က အပေါ်လမ်းက။ ဘယ်လမ်းကလာလာ စစ်ဆေးစိစစ်ချက်တွေကို အဆင့်ဆင့် ကျော်ဖြတ်ရတာ ဖြစ်ပါတယ်။
ဖိုးပြူးတို့ တစ်ဖက်နိုင်ငံကို ကူးလာရတယ်ဆိုတာ စစ်မှုထမ်းရှောင်ဖို့ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေက ဖိုးပြူးတို့လို လူငယ်တွေကို ပျားအုံတုတ်နဲ့ ထိုးလိုက်သလို ပျံ့ပျံ့နှံ့နှံ့ ရောက်ရာပေါက်ရာ အရပ်တွေဆီ မောင်းထုတ်လိုက်သလိုပါပဲ။
လေဆိပ်လဝက ကောင်တာမှာ မေးခွန်းပေါင်းများစွာ စစ်မေးတာခံရတော့ ဖိုးပြူး စီစဉ်ထားတဲ့ အစီအစဉ်တချို့ကို ရုပ်သိမ်းလိုက်တယ်။ တည်းပါမယ်လို့ ဘိုကင်လုပ်ထားတဲ့ ဟိုတယ်မှာလည်း မတည်းတော့ဘူး။ အကြောင်းကတော့ ဘန်ကောက်မှာ အချိန်အကြာကြီး မနေချင်တော့တာ။ ဘန်ကောက်က ဖိုးပြူးတို့ကို လွယ်လွယ်ကူကူ ကြိုဆိုခဲ့တာတော့ မဟုတ်ဘူး။
သူခိုးကြမ်းပိုးလို ဆက်ဆံ စစ်မေးခံရတဲ့နောက်ပိုင်း ဖိုးပြူးတို့ ခရီးဆက်သွားရမယ့် နေရာကိုပဲ ညတွင်းချင်း အချိန်မဆိုင်းဘဲ ခရီးဆက်ဖို့ လုပ်လိုက်တာ။ သတ်မှတ်စည်းကမ်းချက်တွေ အပြည့်အစုံပါရဲ့သားနဲ့ လေဆိပ်က လဝကကောင်တာမှာ မေးခွန်းပေါင်းများစွာကို အမေးခံရတဲ့အကြောင်း ချက်ချင်းကြီးတော့ ထုတ်ပစ်လို့ ဘယ်ရပါ့မလဲ။
ဟိုတယ်ဘိုကင်ကို ကင်ဆယ် (cancel) လုပ်လိုက်တယ်။ အဝေးပြေးကားဂိတ်မှာ ကားလက်မှတ် ဖြတ်လိုက်တယ်။ ကားက ညကားဆိုတော့ ဖိုးပြူးတို့ ဒီအဝေးပြေးကားဂိတ်မှာ တစ်နေကုန်အောင် အချိန်ဖြုန်းနေရဦးမှာပါ။
တစ်နေ့တာ ကားဂိတ်က အတွေ့အကြုံတွေက အသစ်အဆန်းတွေချည်းပါပဲ။ မရောက်ဖူးတဲ့နေရာမှာ မကြုံဖူးတဲ့အရာတွေက ဖိုးပြူးတို့အတွက်တော့ အသစ်အဆန်းလို ဖြစ်နေတာပေါ့။ ကားဂိတ်ရောက်ရောက်ချင်း ဖိုးပြူး ပထမဆုံး ထိုင်းနိုင်ငံက ဖုန်းဆင်းမ်ကတ်ကို ဝယ်တယ်။ ထမင်းစားဖို့အတွက်ကလည်း ဖုန်းကတ်ဝယ်တဲ့ 7-Eleven ဆိုင်မှာပဲ ရတယ်။
နောက်ထပ် ဖိုးပြူး လုပ်နေကျ အလုပ်တစ်ခုကိုလုပ်ဖို့ စလိုက်တယ်။ ရေအိမ်ရှာတာ။ ရောက်ရာအရပ်မှာ ပထမဆုံး လုပ်လေ့ရှိတာ ဖိုးပြူးအတွက်တော့ ရေအိမ်ရှာတာပဲ။ ရေအိမ်ရှာရင်း အင်ဒိုတစ်ယောက်နဲ့ တွေ့တယ်။
အင်ဒိုကောင်က ရေအိမ် ဘယ်မှာရှိလဲဆိုတာ လိုက်မေးနေတာ။ သူ မေးတဲ့ အင်္ဂလိပ်အသံထွက်ကို အဝေးပြေးကားဂိတ်က ထိုင်းလူမျိုးတွေ နားမလည်ကြတာလားတော့ မပြောတတ်ဘူး။ သူ့ကို ဘာမှ ပြန်မပြောဘူး။ ကြောင်အမ်းအမ်းမျက်နှာနဲ့ တုံ့ပြန်ကြတယ်။
အင်ဒိုကောင်အနား ဖိုးပြူး တိုးကပ်သွားလိုက်တယ်။ "ငါလည်း ရေအိမ်ရှာနေတာ ကြာပြီ၊ မတွေ့သေးဘူး" လို့ ပြောလိုက်တယ်။ "ဒါဆို တို့နှစ်ယောက် ရေအိမ်ရှာကြတာ တူသွားပြီ" လို့ အင်ဒိုကောင်က ဖိုးပြူးကို ပြောတယ်။ "သွားမယ်၊ ရေအိမ် ဆက်ရှာကြမယ်။ နှစ်ယောက် ရှာရင်တော့ မြန်မြန်တွေ့မှာပါ" လို့ အင်ဒိုကောင်ကပဲ ဖိုးပြူးကို ဆက်ပြောတယ်။
ဖိုးပြူးနဲ့ အင်ဒိုကောင် အဝေးပြေးကားဝင်းထဲမှာ ရေအိမ်ရှာနေတဲ့အချိန် ကားဝင်းထဲက TV ဖန်သားပြင်ကနေ ထိုင်းရဲနှစ်ယောက်ရဲ့ ပုံနဲ့ သတင်းကို ထုတ်လွှင့်နေတယ်။ ဒီသတင်းက ဘာသတင်းလဲဆိုတာ ဖိုးပြူး မသိဘူး။ ရဲနှစ်ယောက် ထူးချွန်ဆုရတဲ့သတင်းလား၊ မူးယစ်ဆေးဖမ်းမိလို့ ထုတ်လွှင့်နေတဲ့ သတင်းလားဆိုတာ ဖိုးပြူး စိတ်ထဲကနေ စိတ်တွက်နဲ့ တွက်နေတယ်။
ဒီသတင်းက ကားဝင်းထဲက ဖန်သားပြင်အကျယ်ကြီးရှိတဲ့ LED စခရင်ကနေ ခဏခဏ ထုတ်လွှင့်နေတာဆိုတော့ ဒီသတင်းက သတင်းထူးတစ်ခုခု ဖြစ်မှာပါလို့ပဲ ဖိုးပြူး တွေးလိုက်တယ်။ ဖိုးပြူးနဲ့ အင်ဒိုကောင် ရေအိမ်ရှာနေချိန်မှာ အဲဒီရဲနှစ်ယောက်ပုံပါတဲ့ သတင်းကို ပြနေတာပါ။ သတင်းကို Replay ပြနေတာဆိုတော့ ခဏခဏ ပြန်လာတာမျိုးပါပဲ။
အင်ဒိုကောင်နဲ့ ဖိုးပြူး နောက်ဆုံးမှာတော့ ရေအိမ်ရှာတွေ့သွားတယ်။ သန့်ရှင်းမှုတော့ အားနည်းတာကို ဖိုးပြူး တွေ့လိုက်တယ်။ ကိုယ့်ကိစ္စကို ဦးစားပေးဖြေရှင်းရမှာဆိုတော့ မသန့်ရှင်းတာတွေ၊ သန့်ရှင်းတာတွေ နောက်ထားပြီး မြန်မြန် ဖြေရှင်းလိုက်ရတယ်။ ရေအိမ်ထဲကနေ ဖိုးပြူး ပြန်ထွက်လာတော့ အင်ဒိုကောင်ကို မတွေ့တော့ဘူး။ သူလည်း သူ့ကိစ္စပြီးသွားလို့ တစ်နေရာ ရွှေ့သွားတာနေမယ်။
ဖိုးပြူးတို့ စီးရမယ့်ကားက ည ၉ နာရီကျော်မှာ ထွက်မှာပါ။ အချိန်အကြာကြီး ကားဂိတ်မှာ စောင့်ဆိုင်းနေရချိန်မှာ နောက်ထပ် သူမတူတဲ့ အတွေ့အကြုံတစ်ခုကို ရလိုက်ပြန်ပါတယ်။ ကားဂိတ်ရောက်ရင် ဒီလိုအချိန်မျိုးမှာ ဒီလိုလုပ်ရမယ်ဆိုတာလည်း ကြိုမသိထားဘူး။
တစ်ယောက်ယောက်က ဒီနိုင်ငံကိုလာရင် ဘယ်အချိန်၊ ဘယ်နေရာမှာ ဒီလိုအရာတွေကို လိုက်လုပ်ရမယ်ဆိုတာလည်း လက်ဆင့်ကမ်း ပြောကြတာမရှိဘူး။ မရှိလို့လည်း ဖိုးပြူးတို့ ကြိုမသိကြတာ။ သတင်းအချက်အလက် စုံအောင်စုပါတယ်ဆိုတဲ့ ဖိုးပြူးတို့လည်း မြေပြင်လွဲချော်ချက်တွေကို တစ်ခုပြီးတစ်ခု ကြုံရတော့တာလည်း ဖြစ်ပါတယ်။
ဖိုးပြူး ရေအိမ်ကနေ ပြန်လာပြီး ခရီးသည်အများစု ထိုင်နေကြတဲ့နေရာမှာ ပြန်ထိုင်တယ်။ LED စခရင်က လာနေတဲ့ သတင်းတွေကို ခေါက်တုံ့ခေါက်ပြန် ဆက်ပြီးကြည့်နေတယ်။ ကလေးတွေ၊ ပန်းခြံ၊ လူနေအိမ်၊ သက်ကြီးရွယ်အိုအကြောင်းတွေနဲ့ ရဲနှစ်ယောက်ပုံပါတဲ့ သတင်းတွေကိုပဲ တစ်ကျော့ပြီးတစ်ကျော့ ပြန်ပြန်ကြည့်နေရတာ ဖြစ်ပါတယ်။
သတင်းတွေကြည့်နေရင်း တစ်ချက်ချင်း အသံတစ်ခု ထွက်ပေါ်လာတယ်။ ခေါင်းလောင်းသံလို အရာနဲ့ တခြားအသံနှောတစ်ခု ရောစပ်ထားတဲ့ အသံပါ။ သီချင်းမလာခင် ရှေ့ပြေးတီးလုံးသံမျိုးပါ။ စည်းချက်က တစ်ချက်ချင်း၊ တစ်ချက်ချင်းနဲ့ပါ။
အဲဒီတီးလုံးသံ ကြားကြားချင်း တပြိုင်နက်မှာပဲ ကားစောင့်နေကြတဲ့ ခရီးသည်တွေနဲ့ ကားဝင်းထဲက လူအားလုံးက မတ်တတ်ရပ်လိုက်ကြတယ်။ ဖိုးပြူးတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ သူများ မတ်တတ်ရပ်တော့ လိုက်ရပ်လိုက်တယ်။ သီချင်းက စပါပြီ။ ဒါ နိုင်ငံတော်သီချင်းဆိုတာ ဖိုးပြူး သိလိုက်တယ်။ စာသင်ကျောင်း၊ ရထားဂိတ်၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ အခုလိုပဲ နိုင်ငံတော်သီချင်းလာတဲ့အချိန်ဆို မတ်တတ်ရပ်ပြီး လိုက်ဆိုကြတာကို ဖိုးပြူး အရင်က မသိခဲ့ဘူး။
အခြေအနေတွေက တကယ့်ကိုပဲ အသစ်အဆန်းတွေပါပဲ။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှု မတူခြင်းရဲ့ အပြောင်းအလဲတွေကို နာရီအပိုင်းအခြားတစ်ခု အတွင်းမှာပဲ တစ်မျိုးပြီးတစ်မျိုး ကြုံကြိုက်နေရလို့ပဲ ဖြစ်ပါတယ်။
အဝေးပြေးကားဝင်းကနေ ဖိုးပြူးတို့ လိုရာခရီး ဆက်ခဲ့ကြပါတယ်။ လိုရာခရီးရောက်လို့ ၃ ရက်အကြာမှာပဲ မြန်မာဘာသာပြန် ထိုင်းသတင်းတစ်ပုဒ် တက်လာတယ်။ ထိုင်းနိုင်ငံမှာ ရဲမှူးအဆင့်ရှိတဲ့ ရဲနှစ်ယောက်ကို လာဘ်စားမှုကြောင့် ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ သတင်းပါ။ ရဲတွေရဲ့ပုံတွေက ဖိုးပြူး အဝေးပြေးကားဝင်းထဲမှာ LED ဘုတ်ပေါ်မှာ တွေ့ခဲ့တဲ့ရဲတွေဆိုတာ ဖိုးပြူး တန်းသိတာပေါ့။
လာဘ်စားမှုတဲ့။ ဖိုးပြူး ဒီနိုင်ငံကို ရောက်ရောက်ချင်း လာဘ်စားမှုသတင်းက ကားဂိတ်မှာ ဆီးကြိုခဲ့တာပဲဆိုတာ ၃ ရက်မြောက်နေ့မှပဲ သိခွင့်ရလိုက်ပါတယ်။
ဒီနိုင်ငံမှာ တစ်နှစ်ကျော်ကာလကို ဖိုးပြူး ကျော်ဖြတ်ခဲ့ပါတယ်။ ဖိုးပြူးတို့မှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပါမစ်တွေ ရလာတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဖိုးပြူးတို့မှာ ရင်သွေးတစ်ဦးတောင် တိုးပွားလာတယ်။
ဖိုးပြူးတို့က တစ်ခုခုလုပ်ဖို့အတွက် ပွဲစားအငှားထက် ကိုယ်တိုင်ကိုယ်ကျ လုပ်လိုက်တာပဲ။ အတွေ့အကြုံ ရချင်တယ်။ ပွဲစားခပေးရမယ့်ငွေကို မပေးချင်တာ။ ဒါကြောင့်ပဲ အပင်ပန်းခံပြီး လူကိုယ်တိုင် လိုက်လုပ်တာ များပါတယ်။
တစ်ပတ်မပြည့်သေးတဲ့ သမီးကို ချီပြီး ဖိုးပြူးတို့နေတဲ့ မြို့နယ်က လဝကရုံးကို သွားကြတာ။ အဲဒီနေ့က အဖြစ်အပျက်တွေက ဖိုးပြူး ဖတ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြေးပြီး သတိရမိသွားတယ်။
ဖိုးပြူးတို့ သားအမိသားအဖတွေ အထောက်အထားတွေထဲက တစ်ခုကို သက်တမ်းတိုးဖို့ လဝကရုံးကို ရောက်လာကြပါတယ်။ ကောင်တာမှာ ထိုင်နေတဲ့ လူတစ်ယောက်က ဖိုးပြူး ပေးလိုက်တဲ့ စာရွက်စာတမ်းတွေ ယူကြည့်ပြီး "နာမည် ဘယ်လိုခေါ်လဲ" လို့ ဗမာလိုပဲ မေးပါတယ်။
"နာမည်က ဖိုးပြူး" ပါ။
"သူဌေးအိုင်ဒီကတ် လိုတယ်။ သူဌေးအိုင်ဒီကတ် ပြန်တောင်းပါ"
ကောင်တာမှာ ထိုင်နေတဲ့လူက ဖိုးပြူးတို့ဆီမှာ ပါမလာတဲ့ သူဌေးအိုင်ဒီကတ် ဆိုတာကို မရမက တောင်းပါတယ်။ အဲဒီကတ်မရရင် သက်တမ်းတိုးလို့ မရဘူးလို့လည်း ပြောတယ်။
ဖိုးပြူးတို့ ပွဲစားကို အခြေအနေတွေ ပြောပြလိုက်တယ်။ "လူကိုယ်တိုင်လုပ်လို့မရဘူး။ ပွဲစားနဲ့ပဲလုပ်ရမှာ" လို့ တုံ့ပြန်သံ ကြားလိုက်တယ်။
ဖိုးပြူးရဲ့ မတောက်တခေါက်အတွေးနဲ့ ဒီလိုအသေးအဖွဲကိစ္စကို ပွဲစားတွေကို ဝန်ဆောင်ခ ပေးနေစရာတောင် မလိုဘူးလို့ တွေးတာ။ အခုတော့ ဘယ်လိုကိစ္စမဆို ပွဲစားနဲ့သွားမှ ရမယ့်သဘော ဖြစ်နေတော့တာ။ ထိုင်းအစိုးရက ဖိုးပြူးတို့လို လူကိုယ်တိုင်ကိုယ်ကျ အခုလိုလာလုပ်ကြတဲ့ သူတွေအတွက် ထည့်တွက်ပြီး ဖြေလျှော့ပေးသင့်တာ ဖြေလျှော့သင့်တာပေါ့လို့ ဖိုးပြူး တွေးပါတယ်။ ဒီလိုမှမဟုတ်ရင် လာဘ်စားမှုတွေက အသေးအဖွဲတွေမှာ ဖွဲမီးလို ပျံ့နှံ့လှိုက်စားနေတော့မှာလို့ ဖိုးပြူးက တွေးပါတယ်။
ဘယ်လိုမှ ကြိုးစားကြည့်လို့ မရတော့တဲ့အဆုံး ဖိုးပြူးတို့ သားအမိ၊ သားအဖတွေ လဝကရုံးကနေ ပြန်ထွက်လာလိုက်တယ်။ အတွေ့အကြုံရတာပေါ့ဆိုတဲ့ အတွေးမျိုးနဲ့ပဲ စိတ်ဖြေလိုက်ကြပါတယ်။
အဲဒီနေ့က လဝကကောင်တာမှာ အလုပ်သင်ဆင်းတဲ့ ကလေးနှစ်ယောက်လည်း တွေ့ခဲ့ရတယ်။ သူတို့တွေက ကျောင်းသူအရွယ်တွေပါ။ ဗမာလို ကြိုးစားပြောပြီး ဖိုးပြူးတို့ကို ရှင်းပြတယ်။ လဝကရုံးထဲမှာ တချို့အရာတွေ ဖြေလျှော့ပေးရင် လာဘ်စားမှုကို လျှော့ချပေးရာ ရောက်မှာပဲလို့ ဖိုးပြူး တွေးတာပေါ့။ သူ့တွေးဆချက်က မှန်ချင်မှလည်း မှန်မှာပါ။
ဒါဟာ လဝကရုံးထဲမှာ အသေးစားလာဘ်စားမှုအတွက် အခွင့်ပေးလိုက်သလိုပဲ။ ဖိုးပြူး ဖတ်ထားတဲ့ "မေယုကို စုတ်တံချီ" ဆိုတဲ့ စာအုပ်ထဲက အကြောင်းအရာတချို့ကို ပြေးပြီး သတိရသွားတယ်။ မြန်မာနိုင်ငံရဲ့ အနောက်တံခါး ကျိုးပေါက်ခဲ့တာ လဝကဝန်ထမ်းတွေရဲ့ လာဘ်စားမှုကို ပုံဖော်ရေးသားထားတဲ့ ဝတ္ထုစာအုပ်ထဲက အကြောင်းအရာတချို့ကို ဖိုးပြူး ပြန်သတိရတယ်။
အခုတော့ ဝတ္ထုထဲက အကြောင်းအရာမဟုတ်ဘူး။ ရေမြေခြားအရပ်မှာ ဖိုးပြူးကိုယ်တိုင် ကြုံရတဲ့ အဖြစ်အပျက်တွေပဲ။ လဝကရုံးမှာ ထစ်ငေါ့နေတာတွေကို ပွဲစားအသစ်တစ်ယောက်မှာ အပ်ပြီး လုပ်လိုက်တယ်။ ဘာသူဌေးစာရွက်မှတောင် မလိုပါဘူး။ အထောက်အထားတစ်ခုရဲ့ အသေးစား သက်တမ်းတိုးတဲ့ အရာကို ပွဲစားခယူ ဝန်ဆောင်မှုပေးလိုက်တာ အလွယ်တကူပဲ ရလာခဲ့ပါတယ်။
ဖိုးပြူးက လာဘ်စားမှုတွေ မဖြစ်စေဖို့ သူတို့ကိုယ်တိုင် လုပ်လို့ရနိုင်တာတွေ လိုက်လုပ်ရမယ်ဆိုတဲ့ အသိမျိုးနဲ့ ကြိုးစားကြည့်တာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်လို့ရတဲ့အရာဆို ပွဲစားခမပေးဘဲ လုပ်နိုင်ရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ သူ တွေးသလို ဖြစ်မလာတော့လည်း ဖြစ်သလို လိုက်လုပ်ရတော့တာပါပဲ။
ဖိုးပြူး ခေါင်းထဲမှာ ဒီအကြောင်းတွေ မကြာခဏဆိုသလို ရောက်ရောက်လာတယ်။ "လာဘ်စားမှုတွေများရင် တိုင်းပြည်ပျက်တာပဲ" ဆိုတဲ့ စကားလုံးမျိုး တစ်နေရာရာမှာ ပြန်ကြားရတဲ့အခါ ဖိုးပြူးတစ်ယောက် သူ ကြုံတွေ့ခဲ့ရတာတွေကို အစီအရီ ပြန်ပြန်ပေါ်လာစမြဲပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar