ကျော်လွင်အောင် - ဆေးရုံ ည (၆)
ကျော်လွင်အောင် - ဆေးရုံ ည (၆)
မိုးမခ ၊ ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆
လျှပ်တပြက်အိပ်မက်
"ဟဲ့ ..... ဟဲ့ ....ဟိုမှာ သွားထူပေးကြပါဦး" အဒေါ်ကြီးတစ်ယောက် လှမ်းအော်သံ ကြားရ၊ ကတ္တရာလမ်းပေါ် မှောက်လျက်သားကနေ ကုန်းရုန်းပြန်ထ၊
ပုဆိုးပြာနဲ့ လူတစ်ယောက် ပြေးလာတယ်။
သွားအကျိုးတွေနဲ့ သွေးစက်တချို့ ထွေးထုတ်နေဆဲ။
" တူ .... တူ ...… တူ ....." နဲ့ ဂျာကင်အိတ်ထဲက ဖုန်းကို ဆွဲထုတ်ပြီး ဟိုပုဆိုးအပြာနဲ့လူကို ပေးလိုက်တယ်၊ ဟဲလို ဟဲလို။
" တူ.... တူ ...… တူ ...." ဖုန်းက မြည်နေသံ ကြားနေဆဲ။
( .... ဪ ငါ အိပ်မက်မက်နေတာကိုး၊ )
" တူ .... တူ ...… တူ ....." မျက်လုံးဖွင့်ကြည့်တော့ ဖုန်းက ခေါင်းအုံးဘေးမှာ။
"ဟဲလို"
"ဟဲလို ကိုလေးလား၊ မောင်ဖြူပါ၊ ဘယ်ကို လာရမလဲ၊ ဘာဝယ်ခဲ့ရမလဲ"
အိပ်ရာက နိုးခါစ ဟာနေတဲ့ ဗိုက်ကို မောင်ဖြူရဲ့ ပေါင်မုန့်၊ ပဲနို့နဲ့ မျှောချရရတယ်၊ လည်ချောင်းနာတာကတော့ စာမဖွဲ့လောက်ပါဘူး၊ မောင်ဖြူ ပြောတယ်၊ "သူ(သူ့ဇနီး) က ကိုလေးပေ့ခ်ျ(Kyaw Lwin Aung page)မှာ တင်ထားတာ တွေ့လိုက်တယ် ပြောလို့ သိရတာ"၊ သူ့ကို ဖုန်းထိုးပေးလိုက်တော့ ကိုယ့် ပါဆင်နယ်အကောင့်(Kyaw Aung)ထဲဝင်ပြီး ချက်ချင်း ဓာတ်ပုံရိုက်ထားတာနဲ့တွဲပြီး ပို့စ်တင်ပေးပါတယ်။ ရုံးက ကွန်ပျူတာကလေး ၂ ယောက်ရောက်လာပြီး "ဆိုင်ကယ်လာပို့တာ၊ ဦးကျော်သက်သာလား၊ ဒီမှာ အီးအီးပေးခိုင်းလိုက်တာ" ပေါင်မုန့်ညို၊ ပူတင်း၊ မုန့်ထုပ်တွေနဲ့ စာအိတ်တစ်အိတ် လာပေးသွားတယ်၊ စကားမပြန်နိုင်ဘူး၊ ခြေဟန်လက်ဟန်နဲ့ပဲ ကျေးဇူးတင်ကြောင်း ပြရတယ်။
"လိုတာရှိရင် ဖုန်းဆက်နော် ဦးကျော်" ဆိုပြီး ပြန်သွားကြတယ်၊ မောင်ဖြူက "ဘာလိုသေးလဲ၊ ဘာလုပ်ပေးရမလဲ" မေးနေတုန်း ဆရာဝန်ကြီး ရောက်လာ၊ ဘာတော်လဲ မေးပြီး စကားပြောနေကြ၊ ခဏကြာ မောင်ဖြူလည်း ဆေးဖိုးငွေ တစ်ထပ် ထိုးထည့်ပေးပြီး ပြန်သွားတော့မှ နာကျင်ရမှန်း သိလာတယ်၊ ဆရာဝန်တစ်ယောက်က နေ့ခင်းဆေး မက်ထရိုဘူးလေး လာချိတ်လို့မှ နေ့ခင်း သောက်ဆေးတစ်တွဲ မျိုချ၊ ပါရာ အစွမ်းပြမှ သက်သာရာရ၊ လိုင်းဖွင့်ကြည့်တော့ သားကြီး(မန္တလေးမှာ အလုပ်သင် ဆင်းနေရလို့ မလာနိုင်တဲ့)ဆီက ပြန်စာ။
"ဖေဖေ ဆေးရုံတက်နေရတာ သား မသိလိုက်လို့ပါ ဖေဖေ၊ အခု သားမှာ ရှိသလောက်လေး အဖေ့အတွက် လွှဲပေးလိုက်ပါတယ်" တဲ့ ကေပေးလက်မှတ် SS ရိုက်ပြီး ပို့လာတယ်၊ "စကားပြောလို့ ဘာလို့ကော ရလား ဖေဖေ"လို့လည်း မေးထားသေးတယ်။
"နည်းနည်းပါးပါးတော့ ရတယ်ကွ သားကြီးရ"
မှိန်းနေစဥ်မှာပဲ ဆရာ့ဆီက ဖုန်းဝင်လာတယ်၊ ဆရာ စိတ်ပူနေတာ သိပေမဲ့ စကားပြန်ပြောရတာ မပီလို့ ဆရာ သိပ်နားလည်ပုံမပေါ်ဘူး။
"အေး... အေး.... အေးဆေးနားဦး" လို့ ပြောပြီး ဖုန်းချသွားတယ်၊ လိုင်းပေါ်မှာလည်း သတင်းမေးကြ၊ ကေပေးနံပါတ်တောင်းကြ၊ စိတ်ပူပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ရပါတယ်၊
ဒီလိုနဲ့ ညနေစောင်းတော့ ဝမ်းထဲ သရိုးသရီ ဖြစ်လာတယ်။ သန့်စင်ခန်းမှာ ဝမ်းအရည်တွေ သွားတယ်။ သန့်စင်ခန်းနဲ့ ၃ ကြိမ်လောက် အကူးအသန်းလုပ်ပြီးတော့ လူက မျော့နေပြီ၊ နာတာ တစ်မျိုး၊ ဝမ်းပျက်တာ တဖုံနဲ့ အဝင်ဝက ကောင်တာထိုင်ဆရာမတွေကို သွားပြောခိုင်းတော့ ဆရာကြီးဆီ ဖုန်းဆက်ပေးမယ် ပြောတယ်။ ညဦးပိုင်းမှာ အိမ်က အဒေါ်နဲ့ ဂျက်စီ၊ စိုင်းစစ်ညီ တို့ လာတယ်။ မောင်ဖြူနဲ့ မှာလိုက်တဲ့ အိပ်ရာခင်း ယူလာတယ်။ "နောက်နေ့ ကြက်ပေါင်းရည် ပို့ပေးမယ်၊ "ကြီးမာ"အတွက်လည်း မပူနဲ့၊ မီး တစ်ပတ်လာနေပေးမယ်"ဆိုလို့ ဂျက်စီမကို ကျေးဇူးတင်ရသေး။
သူတို့ ပြန်သွားပြီး ဆရာဝန်ကြီး ရောက်လာတော့ ဘယ်နှကြိမ်ရှိပြီလဲ မေးလို့ လက်သုံးချောင်းထောင်ပြရတယ်၊ decotil ဆေးပြားလေး တစ်ပြား လာပေးတဲ့ ဆရာကြီးကို ကျေးဇူးတင်ရင်း၊ လိုင်းကြည့်ရင်းက ညခင်း ဆေးချိတ်ချိန် ၉ နာရီကျော်ခါစမှာ ဝမ်းထဲက အဆင်ပြေသွားပေမဲ့ ပဲနို့တော့ မသောက်ရဲတော့၊ ပေါင်မုန့်နဲ့ ရေဘူး တွဲသောက်ရင်း ဖြတ်သန်းရမဲ့ည၊ အဲဒါ ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ -
စနေနေ့ည။
ဒုတိယ #ဆေးရုံည။
2nd Night in Hospital.
---------
(ဆေးရုံ ည (၇) - ဆက်ပါဦးမည်)
👉ကျော်လွင်အောင် - ဆေးရုံ ည (၁)
👉ကျော်လွင်အောင် - ဆေးရုံ ည (၂)
👉ကျော်လွင်အောင် - ဆေးရုံ ည (၃)
👉ကျော်လွင်အောင် - ဆေးရုံ ည (၄)
👉ကျော်လွင်အောင် - ဆေးရုံ ည (၅)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar