Breaking News

မရပ်မနား လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရေးအသာစီးရဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်တပ်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၄ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊  ၂၀၂၆


မရပ်မနား လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရေးအသာစီးရဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်တပ်

ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေက စလို့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အကြိမ် စစ်အာဏာသိမ်းပြီးခါစ နှစ်တွေ ဖြစ်တဲ့ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေနဲ့ စာလိုက်ရင် ၂ ဆကနေ ၃ ဆဝန်းကျင်အထိ အကြိမ်ရေမြင့်တက်လာခဲ့ပြီး အခု ၂၀၂၆ ခုနှစ်ထဲမှာလည်း နယ်မြေပြန်လည်သိမ်းယူနိုင်ရေး၊ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အင်အားနည်းသွားစေဖို့နဲ့ စစ်တပ်ဘက်က အထိခိုက်အကျအဆုံးအနည်းပါးဆုံးဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို မဟာဗျူဟာတခုအနေနဲ့ အသုံးချလာတာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်မီးအရှိန် မြင့်မားစွာ တောက်လောင်လာတဲ့ ၂၀၂၃ ခုနှစ်ရဲ့နောက်ပိုင်းမှာ စစ်တပ်အနေနဲ့ လေကြောင်းအင်အားကို အဆမတန်၊ ရှိသမျှ တပ်အင်အား၊ လေယာဥ်၊ ငွေကြေး၊ လက်နက်ခဲယမ်းအများအပြားသုံးပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ တနှစ်မှာ အကြိမ်ရေ ၁၂၀၀ လောက်ထိရောက်ရှိလာတဲ့အထိ အသုံးပြုလာတယ်လို့ ISP Myanmar ရဲ့ သုတေသန အစီရင်ခံစာ အရ သိရပါတယ်။ 

၂၀၂၃ ခု အောက်တိုဘာ ၂၇ ရက် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး၊ အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာ ရခိုင်ပြည်နယ်က AAရဲ့ ထိုးစစ် နဲ့ ကရင်နီက ၁ လေးလုံး စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်အဖို့ မြေပြင်တပ်တွေ အရှုံးတွေဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး နေရာယူစစ်ပွဲတွေအများအပြားမှာ အရှုံးတွေဆက်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အညာဒေသမှာလည်း PDF တပ်တွေ၊ LPDF (ဒေသကာကွယ်ရေးတပ်) တွေ အနေနဲ့ လက်နက်အင်အား မကောင်းသေးသည့်တိုင် လူအင်အား၊ လက်လုပ်မိုင်းတွေနဲ့ အာဏာသိမ်းစစ်တပ်ကို ကောင်းစွာ ဒုက္ခပေးနိုင်ကြတာကြောင့် နယ်မြေထိန်းချုပ်နိုင်မှု သိသိသာသာ လျော့ပါးလာပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုအားပြုလာတာ တွေ့ရပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေ အသက်မဝင်မီ ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ အစပိုင်းကာလတွေဟာ စစ်တပ်အဖို့ လူအင်အား ပြုန်းတီးမှုအများဆုံးနဲ့ အင်အားဖြန့်ကျက်ချထားဖို့ မလုံလောက်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေခဲ့ရချိန်မှာ လေကြောင်းတိုက်ခိုက်မှုကို အဓိကအားကိုးအသုံးပြုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းခါစ ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေချိန်၊ စခန်းတွေကို အပြင်းအထန် ခုခံကာကွယ်နေချိန်မျိုးမှာသာ အသုံးပြုလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ အချိန်၊ တိုက်ပွဲဖြစ်ပွားမနေတဲ့ဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုတွေ နေထိုင်ရာ၊ စုဝေးတယ်လို့ ယူဆတဲ့ နေရာမျိုးတွေကို သတင်းအချက်အလက် စုဆောင်းပြီး လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ သတင်းအချက်အလက်စုဆောင်းသလဲဆိုတာ အသေးစိတ်  မသိရှိရပေမယ့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ၊ လူစုလူဝေး လုပ်တဲ့နေရာတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာ အဖြစ်အပျက်လိုမျိုးကို လေ့လာကြည့်ရင် ပကဖရုံးသစ် ဖွင့်ပွဲအတွက် အလှူအတန်းလုပ်တဲ့အချိန် ကျေးရွာသူကျေးရွာသား ရာချီစုဝေးနေချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဖြစ်ရပ်တခုတည်းမှာ လူ ၁၇၀ ကျော် သေဆုံးတဲ့အထိ အများဆုံး အသက်ဆုံးရှုံးတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီနောက် ကျောင်းသားငယ်တွေ စာသင်နေတဲ့  လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ရဟတ်ယာဥ်နဲ့ လေကြောင်း တိုက်ခိုက်တာတွေကလည်း စိတ်ထိခိုက်စရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄၊ ၂၀၂၅ နဲ့ ခု ၂၀၂၆ နှစ်ဆန်းပိုင်းအထိ အညာဒေသ၊ ရခိုင်ဒေသ၊ ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ မန္တလေးတိုင်း တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဥ်လိုလို ရှိနေခဲ့တာ ဖြစ်ပါတယ်။ နှစ်တနှစ်မှာ နေ့ရက်ပေါင်း ၃၆၅ ရက်ရှိတဲ့အနက် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေက ၁၀၀၀ ကျော် ရှိတဲ့အဖြစ်ကို တွက်ချက်ကြည့်ရင် နေ့စဥ် အနည်းဆုံး ၃ ကြိမ်ကျော် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ နယ်စပ်နဲ့ ထိစပ်နေတဲ့ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်အချို့ကိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီး တခြားတဖက်မှာလည်း တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ နယ်စပ်ကတဆင့် ကုန်စည်တင်သွင်းမှုပိတ်ဆို့တဲ့နည်းနဲ့ အပစ်ရပ် သဘောတူညီလာအောင် ဖိအားပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 

TNLA နဲ့ MNDAA လက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်သွားရတဲ့အကြောင်းရင်းတွေ အနက် လေကြောင်းတိုက်ခိုက်မှုကလည်း အဓိကကျတဲ့ အကြောင်းတချက် အနေနဲ့ ရှုမြင်ကြတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို တဖက်သတ် အသုံးချနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ မဟာဗျူဟာကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတဲ့မေးခွန်းက ပြီးခဲ့တဲ့နှစ်တွေကတည်းက ပေါ်ထွက်နေခဲ့ပြီး နည်းလမ်းတချို့ ကတော့ ကြိုတင်သတိပေးတဲ့ စနစ်ကို ယခုထက်ပိုပြီး လုပ်ဆောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကနေ အကာအကွယ်ဖြစ်စေမယ့် ဗုံးခိုကျင်းတွေ တည်ဆောက်ခြင်း၊ လူစုလူဝေးနဲ့ လုပ်ဆောင်တာတွေ ရှောင်ရှားဖို့ နဲ့ လေယာဥ်ပစ် လက်နက်လိုမျိုး ဝယ်ယူနိုင်ရေးတို့ ဖြစ်ပါတယ်။ နောက်နည်းလမ်းတခုကတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ လေယာဥ်ဆီဝယ်လို့မရရှိအောင် နိုင်ငံတကာကို လှုံ့ဆော်စည်းရုံးဖို့ စတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ 

ကြိုတင်သတိပေးတဲ့ စနစ်က အတိုင်းအတာတခုထိ ထိရောက်မှုရှိပေမယ့် လုံလောက်တဲ့ အချိန်နဲ့ လေယာဥ်ရဲ့ ဦးတည်ရာကို မှန်ကန်အောင် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးတဲ့အချက်ကလည်း အားနည်းချက်သဖွယ် ဖြစ်နေသလို၊ လေကြောင်းရန် နှိုးဆော်တဲ့ ဆက်သွယ်ရေးပစ္စည်းအဖြစ် စကားပြောစက် walkie- talkie လိုမျိုးကို အသုံးပြုနေရတာ၊ ဒေသတွင်း နေထိုင်သူတွေ အနေနဲ့ အင်တာနက် ကွန်ရက်၊ ရေဒီယို အသံလွှင့်မှုနဲ့ အသိပေးနိုင်တာမျိုးတွေ ရှိမနေတာ ဖြစ်ပါတယ်။ စစ်ဖြစ်ပွားနေတာ နှစ်နဲ့ချီကြာလာချိန်မှာ အင်တာနက် ကွန်ရက်၊ မိုဘိုင်းဖုန်း ကွန်ရက်တွေ ပျက်စီးတာ၊ ဖြတ်တောက်ခံထားရတာ စတဲ့အနေအထားမှာ Starlink လိုအင်တာနက် ပစ္စည်းက လူတိုင်းသုံးနိုင်တဲ့အခြေအနေ မရှိပါဘူး။ 

ကြိုတင်သတိပေးစနစ်ကို အတိုင်းအတာတခုထိတော့ လုပ်ဆောင်နေကြပေမယ့် ကြိုတင်ပြင်ဆင်ဖို့ လုံလောက်တဲ့ အချိန် ဘယ်မြို့ ဘယ်ရွာကို ဦးတည်ပစ်မှတ်ဖြစ်မလဲဆိုတာ မသိနိုင်တဲ့ အနေအထားက အားနည်းချက်တွေ အဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။ 

ခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုလို့ဆိုရင် စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်နဲ့သာ မဟုတ်တော့ဘဲ ဂျိုင်ရိုကော့ပတာ၊ စက်တပ်လေထီးတွေနဲ့ ဒရော့ဗ်ဗုံးချ တိုက်ခိုက်တာမျိုးတွေပါ ပေါင်းစပ်တိုက်ခိုက်လာတာတွေ့ရမှာပါ။ စစ်တပ်ရဲ့ စစ်တိုင်းဌာနချုပ်တွေ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေကနေ အနီးအနားမှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေကို တနာရီမပြည့်တဲ့ အချိန်အတိုင်းအတာအတွင်း ရောက်ရှိပြီးတိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေဟာ နယ်မြေစိုးမိုးမှုကို တိုက်ရိုက်အကျိုးသက်ရောက်စေတာ မဟုတ်ဘူးလို့ ဆိုပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေရဲ့ သွယ်ဝိုက်အကျိုးဆက်တွေက နယ်မြေစိုးမိုးမှုကို ထိခိုက်စေတာ၊ လူထုအနေနဲ့ လေကြောင်းရန် အန္တရာယ်ကို လနဲ့ နှစ်နဲ့ချီခံစားလာရတဲ့ အနေအထားက အသက်ရှင်သန်ဖို့ အခက်အခဲတွေဖြစ်ပေါ်လာစေပြီး တော်လှန်ရေးကို ထောက်ခံနိုင်စွမ်း လျော့ကျလာတာ စွန့်ခွာတဲ့ အနေအထားမျိုးတွေလည်း ရှိလာနိုင်တာကြောင့် ဖြစ်ပါတယ်။ 

တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လေကြောင်းအန္တရာယ် အကာအကွယ်၊ ထိခိုက်မှုလျော့ကျစေရေး၊ လေကြောင်းတိုက်ခိုက်မှု နည်းပါးအောင် ကြိုးပမ်းနိုင်တဲ့ နည်းလမ်းတွေ စည်းရုံးလှုံ့ဆော်မှုတွေ ယခုထက်ပိုပြီး ကြိုးပမ်းအားထုတ်ကြဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar