တာပလု - အကြွေးနွံထဲက ဦးကြီးများ
တာပလု - အကြွေးနွံထဲက ဦးကြီးများ
မိုးမခ ၊ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၆
ညက တိတ်ဆိတ်လို့နေတယ်။ မိုးလေကင်းတဲ့ညမှာ တောကောင်လေးတွေရဲ့ အော်သံကပဲ အိမ်အနီးအနားမှာ လွှမ်းမိုးလို့နေတာပါ။ ဒီလိုညမျိုးကို ဖိုးပြူး ကျော်ဖြတ်ဖူးနေကျပါပဲ။
ဖိုးပြူးအဖေက စာရွက်တစ်ရွက်ပေါ်မှာ ခဲတံတစ်ချောင်းနဲ့ တွက်ချက်နေတယ်။ အချိန်ဘယ်လောက်ကြာကြာ တွက်နေလဲတော့ ဖိုးပြူး သတိမထားမိပါဘူး။ ဖိုးပြူးတို့ ညီအစ်ကို ညဦးပိုင်း စာဖတ်ချိန်စတည်းက ဖိုးပြူးအဖေ စာရွက်တစ်ရွက်ပေါ် ချတွက်နေတာ သူတို့ စာဖတ်ပြီးတဲ့အချိန်အထိပါပဲ။
စာဖတ်ချိန်ပြီးတော့ ဖိုးပြူးတို့ ညီအစ်ကိုတွေ ခြင်ထောင်ထဲ ဝင်သွားကြတယ်။ အပြင်မှာတော့ သူတို့အဖေ စာရွက်တစ်ရွက်နဲ့ အလုပ်ရှုပ်နေတုန်းပါပဲ။ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာနဲ့ ဖိုးပြူးတို့အဖေ ဘာတွေများ တွက်နေသလဲဆိုတာ ဖိုးပြူးတို့ ညီအစ်ကို မခန့်မှန်းနိုင်ကြပါဘူး။
အဲဒီညက ဖိုးပြူး တော်တော်နဲ့ အိပ်မပျော်ခဲ့ပါဘူး။ ခြင်ထောင်ထဲကနေ အပြင်က သူ့အဖေ စာရွက်၊ ခဲတံတစ်ချောင်းနဲ့ တွက်ချက်အလုပ်ရှုပ်နေတာကို အကဲခတ်နေတာပါ။ ဖိုးပြူးအတွေးထဲမှာ အဖေဖြစ်တဲ့သူဟာ တစ်ခုခုတွက်ချက်နေတာ၊ ချဲတို့ နှစ်လုံးတို့ တွက်နေတာမဟုတ်ဘူးဆိုတာ ဖိုးပြူး သိပါတယ်။
ဘာလို့လဲဆိုတော့ ဖိုးပြူးအဖေက ချဲတို့ နှစ်လုံးတို့ ဝါသနာမပါသလို၊ စာရွက်ပေါ် တွက်ချက်ပြီး နှစ်လုံး၊ သုံးလုံး ထိုးတဲ့သူမဟုတ်ဘူးဆိုတာ ဖိုးပြူး သိနေလို့ပါပဲ။ ဖိုးပြူးအမေကတော့ ဒီလိုမဟုတ်ဘူး။ စာရွက်တစ်ရွက်ပေါ်မှာ တွက်ချက်နေပြီဆို နှစ်လုံး၊ ချဲ တစ်ခုခု တွက်နေပြီဆိုတာပါပဲ။
ဖိုးပြူးတို့အဖေက စာရွက်တွေ၊ ခဲတံတွေဆိုတာ ကြွေးစာရင်းမှတ်ဖို့အရာမှာ သုံးလေ့ရှိပါတယ်။ ဗလာစာရွက်ထဲမှာ ပျိုးချရက်၊ စပါးမျိုးဖိုး၊ ထွန်တုံး၊ ထွန်တံ ဘယ်ဈေးနဲ့ ဝယ်ခဲ့ရလဲဆိုတာတွေ၊ နေ့စားခ ဘယ်လောက်ပေးရလဲ ဆိုတာတွေကို ရေးမှတ်လေ့ရှိပါတယ်။
ခြင်ထောင်အပြင်က ဖိုးပြူးအဖေဟာ တွက်ချက်နေရာကနေ ဆေးလိပ်ကို မီးညှိပြီး ဖွာနေတယ်။ ပါးစပ်ထဲကနေ မီးခိုးလုံးကြီးကြီး မှုတ်ထုတ်လိုက်တာကိုလည်း ဖိုးပြူးက ခြင်ထောင်ထဲကနေ အတိုင်းသား မြင်နေရတယ်။
မကြာခင် ဖိုးပြူးအဖေ အိမ်နောက်ဖေး နွားတင်းကုပ်ထဲက နွားတွေအတွက် မီးဆင်းဖိုပေးမယ်။ အဲ့ဒါပြီးတာနဲ့ မနက်အစောကြီးထပြီး နွားနှစ်ကောင်နဲ့ လယ်ထဲဆင်းရဦးမှာပါ။ ညပိုင်း နွားတင်းကုပ်ထဲက ခိုင်းနွားကြီးတွေ ခြင်တောထဲမှာ မအိပ်ရစေဖို့ မီးဖိုပေးရတာပါ။ ညဦးပိုင်းတစ်ခါ၊ ညပိုင်း ညဉ့်နက်ချိန် တစ်ခါလောက် မီးဖိုကို အဆက်မပြတ်စေဖို့ လုပ်ပေးထားလိုက်ရင် နွားတွေ ခြင်တောထဲ မအိပ်ရတော့ဘူးပေါ့။
သူ့အချိန်နဲ့သူ မီးဖိုပေးရတာ။ ဒီလို မီးဖိုပေးနေရင်းက ကြားမှာ အဆက်ပြတ်သွားရင် ခိုင်းနွားကြီးတွေက ခွာတွေဆောင့်မယ်၊ အမြီးခတ်မယ်။ နွားတင်းကုပ်ထဲ အသံတွေ ထွက်လာမယ်။ ဒီလို တင်းကုတ်ထဲကနေ ခွာသံ၊ အမြီးခတ်သံတွေ ကြားရပြီဆို နွားတင်းကုပ်ထဲ ဖိုထားတဲ့မီး မရှိတော့ဘူးဆိုတာ ဖိုးပြူးအဖေက တန်းသိတယ်။ ချက်ချင်းဆိုသလို နွားတင်းကုပ်ထဲဝင်ပြီး မီးဖိုပေးလိုက်တော့တာပါပဲ။
ဖိုးပြူးအဖေက နွားတွေကို ဂရုတစိုက် မွေးတယ်။ ခြံပေါက်နွားတွေ ဖြစ်နေတာကြောင့်ရော၊ မင်္ဂလာဦးလက်ဆောင်ရတဲ့ နွားမတစ်ကောင်ကနေ ပွားစီးလာတာကြောင့်ရော ဖိုးပြူးတို့အဖေက နွားတွေကို ဂရုစိုက်ပါတယ်။ နွားတင်းကုတ်ကိုလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထားပေးတယ်။
သူ့ရဲ့ ခြံပေါက်နွားကြီးနှစ်ကောင်ကို တစ်ကောင်က ဝင်းဗိုလ်၊ တစ်ကောင်က သိန်းတန်ဆိုပြီး မှည့်ခေါ်သေးတာ။ တစ်ရွာလုံးကလည်း ဖိုးပြူးတို့အိမ်က ခိုင်းနွားကြီးနှစ်ကောင်ကို ဝင်းဗိုလ်၊ သိန်းတန်လို့ ခေါ်ကြတယ်။ လယ်ထွန်တဲ့နေရာ၊ လှည်းမောင်းတဲ့နေရာမှာ ဝင်းဗိုလ်က အလှည့်၊ သိန်းတန်က အတိုင်ဆိုပြီး အတိုင်၊ အလှည့်ညီကြတဲ့ ခိုင်းနွားကြီးတွေ ဖြစ်ကြပါတယ်။
ဝင်းဗိုလ်တို့၊ သိန်းတန်တို့ကို ဘယ်နွားတွေကလာဝှေ့ဝှေ့ မနိုင်ပါဘူး။ မနိုင်ရတဲ့အကြောင်းက ဝင်းဗိုလ်ကို အပြင်နွားတစ်ကောင်က လာဝှေ့ပြီဆို သိန်းတန်က ရပ်ကြည့်မနေဘူး။ သူစိမ်းနွားကို ဝိုင်းဝှေ့တော့တာ။ နှစ်ကောင်တစ်ကောင်ဖြစ်တဲ့အချိန် သူစိမ်းနွားတစ်ကောင်ဟာ အချိန်အကြာကြီး ယှဉ်မဝှေ့တော့ဘူး၊ ထွက်ပြေးတော့တာပဲ။
ဖိုးပြူးတို့မိသားစုကို အချိန်ကာလတစ်ခုအထိ အလုပ်အကျွေးပြုကြတဲ့ ခြံပေါက်နွား ညီအစ်ကိုနှစ်ကောင်ပဲ ဖြစ်ပါတယ်။ ဖိုးပြူးက သူ့နွားတွေ ဘယ်တစ်ကောင်က အတိုင်၊ ဘယ်တစ်ကောင်က အလှည့်ဆိုတာကို အဖေဖြစ်သူ ဘယ်လောက်ပြောပြော အမှတ်မထားပါဘူး။ ဖိုးပြူးမှတ်ထားတာ ဝင်းဗိုလ်က ဘယ်၊ သိန်းတန်က ညာဆိုပြီးပဲ မှတ်ထားတာပါ။
"ကိုစိုးအောင် ခင်ဗျား တိုင်ချင်တဲ့နေရာတိုင်တော့ဗျာ၊ ကျနော် ဆက်မပေးနိုင်တော့ဘူး"
ဖိုးပြူးအဖေက ကိုစိုးအောင်ဆိုတဲ့လူကို မိုက်ကြေးခွဲတဲ့ဆန်ဆန် စကားကို ထုတ်ပြောလိုက်တယ်။ ဒီစကားပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရပုံရပါတယ်။ ဖိုးပြူးအဖေက ကိုစိုးအောင်ဆိုတဲ့လူဆီက ငွေသုံးထောင် ယူမိတာ။ အဲဒီငွေ သုံးထောင်က မျိုးစပါးဖိုးနဲ့ လယ်စိုက်ခအတွက်ပေါ့။
တစ်ရာသီတည်းမှာ အပြည့်အစုံ မပေးနိုင်တော့ နောက်တစ်ရာသီပေါ်ပေးဆိုပြီး ခရီးဆက်လာလိုက်တာ။ ငွေသုံးထောင် ယူထားတာကို သိန်း ၆၀ ကျော် ပြန်ဆပ်ထားတာတောင် တစ်ဖက်လူက မကျေမနပ်ဖြစ်နေတဲ့အတွက် ဖိုးပြူးအဖေလည်း တိုင်ချင်တဲ့နေရာတိုင်တော့လို့ ပြောယူရတဲ့ အခြေအနေကို ရောက်လာတော့တာပဲ။
ဖိုးပြူးအဖေ ဗလာစာရွက်ထဲ ချတွက်နေတာ သူယူခဲ့တဲ့ ငွေပမာဏကို ဘယ်လောက်အထိ ပြန်ပေးထားသလဲဆိုတာ သိရဖို့ပါ။ အဲ့ဒီညနေက ကိုစိုးအောင်ရဲ့အဖေက ဖိုးပြူးတို့အဖေရဲ့ စူးချွန်တံပိုးကို ယူသုံးရာကနေ စတာပဲ။
ဖိုးပြူးအဖေက လယ်ထဲမှာ ပျိုးတွေထမ်းဖို့၊ နွားစာမြက်တွေကို ထမ်းဖို့၊ လယ်ထဲက ပစ္စည်းတွေကို တံပိုးလျှိုပြီး ထမ်းနိုင်ဖို့ကို စူးချွန်တံပိုးတွေကို အကျအန လုပ်ထားတတ်ပါတယ်။ အသုံးလိုတဲ့အခါ အလွယ်တကူ ထုတ်သုံးလို့ရအောင်လည်း အရံသင့် ထားထားတာပါ။ အဲ့ဒီညနေ သူအရံသင့်ထားတဲ့ စူးချွန်တံပိုးကို ကိုစိုးအောင်အဖေက ယူသုံးလိုက်တဲ့အတွက် ဒေါသတွေ ငယ်ထိပ်ရောက်လာတယ်ပဲ ပြောရမှာပါ။
"ငွေလေး တစ်ပဲခြောက်ပြား ယူမိတာ။ အခုတော့ တစ်ခုပြီးတစ်ခု အိမ်ကပစ္စည်း သူတို့ပစ္စည်းလုပ်လာတဲ့အထိ ဖြစ်လာတာ လက်သင့်ခံစရာ အကြောင်းကို မရှိတော့ဘူး"
ဖိုးပြူးအဖေရဲ့ ဒေါသက တော်တော်နဲ့ ပြေလျော့မသွားခဲ့ဘူး။ ဒီလိုလူတွေကို သူပိုင်လယ်ထဲကနေ မောင်းထုတ်လိုက်ဖို့ကိုပဲ တွေးနေတော့တယ်။ စာရွက်ပေါ် ချတွက်တယ်။ သူချတွက်တဲ့အထဲမှာ ခြံထဲက သရက်ပင်ထင်းလုပ်ရောင်းတော့လည်း ကိုစိုးအောင်ကို ပေးရတယ်။ ပဲတစ်ဖြတ်ရောင်းတော့လည်း ကိုစိုးအောင်ကို ပေးရတယ်။ လယ်တစ်ခြမ်း အခစားနဲ့ လုပ်မယ်ဆိုလို့ ခွင့်ပြုလိုက်တာ၊ ပေးရမယ့်အကြွေးနဲ့ နှိမ်လိုက်လို့ လယ်ငှားခလည်း မရဖြစ်ရသေးတယ်။
အခုတော့ အိမ်ထဲက ပစ္စည်းတွေပါ သူတို့အပိုင်သဘော လွန်လွန်ကျူးကျူး လုပ်လာတာကို ဖိုးပြူးအဖေက လက်သင့်မခံတော့ဘူး။ ပြန်ပေးထားတဲ့ငွေက ယူထားတာနဲ့ အဆပေါင်းများစွာ များနေပြီဆိုတာ ဖိုးပြူးအဖေ သိလိုက်တယ်။
ဖိုးပြူးအဖေကို ဘယ်သူက ပြောလိုက်လဲမသိဘူး။ ယူထားတဲ့ငွေထက် ပြန်ပေးထားတာ များနေရင် ကိုယ် ပေးတဲ့ နေ့စွဲ၊ ရက်စွဲတွေ မှတ်ထားတာကို ကိုင်ပြောနိုင်ရင် တရားရုံးမှာ အနိုင်ပဲဆိုတာ ဖိုးပြူးအဖေ သိထားတယ်။
ဒါကြောင့်ပဲ ဖိုးပြူးအဖေက ကိုစိုးအောင်ဆီက ယူခဲ့တဲ့ ငွေပမာဏကို ဘယ်အတိုင်းအတာအထိ ပေးထားပြီးပြီလဲဆိုတာ သေသေချာချာ စာရင်းလုပ်နေတာပဲ ဖြစ်ပါတယ်။
ငွေသုံးထောင် ယူမိရာက ဖိုးပြူးတို့အိမ်နားက သရက်ပင်တွေလည်း တဖြည်းဖြည်းနဲ့ မရှိတော့ဘူး။ သရက်သားထင်း လုပ်ရောင်းရင် ဈေးကောင်းရပါတယ်။ သရက်ပင်တွေကို ခုတ်လှဲမယ်၊ လှဲထားတဲ့ သရက်ပင်တွေကို ထင်းအဖြစ်လုပ်ပြီး ရောင်းရတယ်။ ထင်းဖိုးရတဲ့ငွေကလည်း ကိုစိုးအောင်ကို ပေးဖို့။
ကိုစိုးအောင်က အားနာတတ်တဲ့ ဖိုးပြူးအဖေကို ဘယ်လိုအသုံးချရမလဲဆိုတာ နားလည်တယ်။ လယ်မြေအများအပြားရှိတဲ့ ဖိုးပြူးတို့လယ်မှာ ကိုစိုးအောင်က လယ်အခစားနဲ့ လုပ်မယ်ဆိုပြီး ပြောတော့ ဖိုးပြူးအဖေက လက်ခံခဲ့ပါတယ်။
ကိုစိုးအောင်တို့က လယ်မလုပ်ဘဲ မြေပဲစိုက်ကြတယ်။ စိုက်တဲ့မြေပဲတွေလည်း အထွက်ကောင်း၊ ဥအောင်လို့ မြိုးမြိုးမြက်မြက် ရသွားကြတယ်။ သီးစားခ ပေးရမယ့်အချိန်ကျတော့ ငွေသုံးထောင် ယူထားတဲ့ အကြွေးနဲ့ နှိမ်လိုက်တယ်ဆိုပြီး ကိုစိုးအောင်က ပြောလာပြန်ရော။
ငွေသုံးထောင် ယူမိတာ ဆတိုးမောင်းပြန်အတိုးတွေက ဖိုးပြူးတို့အဖေ ဘယ်လိုနည်းနဲ့ဆပ်ဆပ် မကြေနိုင်ဘူး ဖြစ်နေတာ။ ရိုးအတဲ့သူတွေကို အသုံးချဖို့ လွယ်ကူပုံရပါတယ်။ ဒါကလည်း ဖိုးပြူးတို့အဖေ ဒေါသမထွက်လာမချင်း ဒီသံသရာတောထဲကနေ မထွက်နိုင်ခဲ့ပါဘူး။
လယ်တောင်သူကြီးတွေအကြောင်း တစ်ခုခုကြားရပြီဆို ဖိုးပြူးက သူ့အဖေကို ပြေးပြေးပြီး သတိရမိတာပဲ။ အဖေဖြစ်သူက နွားနဲ့ဖက်ပြီး အလုပ်လုပ်ရတဲ့သူ။ မြွေပါး၊ ကင်းပါး ခြေခင်းလက်ခင်းမကြောက် လယ်အလုပ်ကို လုပ်ခဲ့ရပုံတွေက ဖိုးပြူးကို ပြန်ပြီး သတိတရ ဖြစ်စေတာပဲ။
"စည်းမပေါက်ရဘူး" တဲ့။ ဒီစကားက ဖိုးပြူးအဖေ မကြာခဏ ပြောတတ်တဲ့စကားပါ။ တောကောင်တွေမှာ စည်းဖောက်တဲ့ တောကောင်တွေဆိုတာ အသေစောတာပဲ။ ဘယ်တောကောင်တွေ ဘယ်လို စည်းဖောက်လဲဆိုတာ ဖိုးပြူးအဖေ သိတယ်။
ဖိုးပြူးရှေ့မှာ အဖေဖြစ်တဲ့သူက မြွေတွေကို ရိုက်သတ်တာမျိုး တွေ့ဖူးတယ်။ တချို့မြွေတွေကိုတော့ ခြောက်ထုတ်၊ လှန့်ထုတ်တာလောက်ပဲ လုပ်တယ်။ ဖိုးပြူးအဖေ ရိုက်သတ်တဲ့မြွေဆို စည်းဖောက်တဲ့မြွေပဲ။ စည်းမဖောက်တဲ့ မြွေဆို မသတ်ဘူး။ သတ်မိရင် ကိုယ့်ကိုပြန်ပြီး အန္တရာယ်ပေးနိုင်တယ် ဆိုတာကို ဖိုးပြူးအဖေက ပြောလေ့ရှိပါတယ်။
လယ်ထဲမှာ အမှိုက်တွေ မီးတိုက်ချင်တဲ့အခါ တစ်ရက်ကြိုပြီး လယ်ထဲမှာရှိတဲ့ သတ္တဝါလေးတွေရေ လွတ်ရာနေရာတွေမှာ ရွှေ့နေကြပါ။ မီးတိုက်တော့မှာဖြစ်လို့ ခဏတာ ရှောင်နေကြပါလို့ စိတ်ထဲကရော၊ အသံထွက်ပြီးတော့ပါ ပြောလေ့ရှိပါတယ်။
"လူမှာ လူ့စည်းကမ်းရှိတယ်။ သတ္တဝါတွေမှာလည်း သူတို့စည်းနဲ့သူတို့ ရှိတယ်။ စည်းဖောက်တဲ့သူက အသေစောတယ်" လို့ ဖိုးပြူးက အဖေဖြစ်တဲ့သူဆီက စကားတွေကို ကြားဖူးခဲ့တာ ဖြစ်ပါတယ်။
ကြာခဲ့ပါပြီ။ ကြာခဲ့ပြီဆိုပေမယ့် ဖိုးပြူးကို အဲ့ဒီမြင်ကွင်းနဲ့ အဲ့ဒီပုံရိပ်တွေ ပြန်ပြောင်းသတိရစေဖို့ အကြောင်းဖန်လာတာ ရှိပါတယ်။ အဲ့ဒါက ဖိုးပြူးတို့ ငယ်ငယ်က စိုက်ဘဏ်ကယူခဲ့တဲ့ အကြွေးတွေကို လိုက်တောင်းနေတဲ့အကြောင်း ဖိုးပြူး ပြန်ကြားရလို့ပဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်က စိုက်ဘဏ်မှာ လေးသိန်းယူခဲ့တာ၊ အခု ရှစ်သိန်းပြန်ဆပ်ရတယ်။ မဆပ်လို့မရဘူး။ သူတို့နဲ့ မပတ်သက်ချင်ဘူး။ ဒီထက်များများ ယူထားတဲ့သူတွေတော့ ဘယ်လောက်တောင် ပြန်ဆပ်ရမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ပိုပြီး ခက်ခဲကြမှာပဲဆိုတဲ့ အသံတွေကို ဖိုးပြူး ပြန်ကြားလာရတာပါ။
မင်းတို့ငယ်ငယ်က ပြန်မဆပ်လိုက်ရတဲ့ အကြွေးတွေကို အခုလိုက်တောင်းနေတာတဲ့။ စိုက်ဘဏ်မှာ ယူခဲ့တဲ့ငွေတွေက အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ကိုဗစ်ကပ်ဘေးနဲ့ ကြုံလို့ ပြန်ဆပ်စရာ မလိုတော့ဘူးလို့တောင် ထုတ်ပြောထားတာ။ အခုတော့ ရွာတွေမှာ တိုးတိုးကြိတ်ကြိတ် လိုက်တောင်းနေပါရောလားပေါ့။
ဘယ်အချိန်၊ ဘယ်ကာလက ယူခဲ့တဲ့ ငွေတွေလဲဆိုတာ အချိန်အပိုင်းအခြားတစ်ခုကို ပြန်တွက်ကြည့်တော့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါမတိုင်ခင်က ယူခဲ့ကြတာပါ။ ပြည်သူ့အစိုးရလက်ထက်က ပြည်သူဘက် မျက်နှာမူပြီး ပြေလျှော့ပေးထားတဲ့ အကြွေးတွေကို အခုတော့ စစ်ကော်မရှင်တဖြစ်လဲ အာဏာရှင်ရဲ့ အစွယ်အပွားတွေက အောက်ခြေကျေးရွာတွေမှာ လယ်သမားတွေကို ဖိနှိပ်ဖို့ လုပ်နေကြတာပဲလို့ ဖိုးပြူးက ကောက်ချက်ချလိုက်ပါတယ်။
ဖိုးပြူးတို့အဖေက လယ်ယာမြေတွေမှာ လုပ်ကိုင်စားသောက်လာခဲ့တဲ့ နေရာကနေ ကျောခိုင်းလာခဲ့တာ ကြာခဲ့ပါပြီ။ လယ်ယာမြေတွေအပေါ် ကျောမခိုင်းကြသေးတဲ့ တောင်သူဦးကြီးတွေအပေါ် အခုလို နိုင်ထက်စီးနင်း လုပ်နေကြတာကို ဖိုးပြူးတို့အဖေ ကြားမိမှာ သေချာပါတယ်။ အခုလို တောင်သူလယ်သမားတွေအပေါ် လက်တစ်လုံးခြားလုပ် အမြတ်ထုတ်နေကြသူတွေကို ဖိုးပြူးတို့အဖေ တနုံ့နုံ့နဲ့ ဒေါသပေါက်ကွဲနေမလားဆိုတာ ဖိုးပြူး မြင်ယောင်နေမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar