ဖလော်ဒါဟန် - တစ်နှစ်ပြည့်လုလုအချိန် ငလျင်နဲ့ ပြည်သူ
ဖလော်ဒါဟန် - တစ်နှစ်ပြည့်လုလုအချိန် ငလျင်နဲ့ ပြည်သူ
မိုးမခ ၊ ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆
မမိုးရင်တစ်ယောက် အခုရက်ပိုင်း မနားရရှာပါ။ ရာသီဥတုအပြောင်းအလဲမှာ မိုးဒဏ်၊ လေဒဏ်၊ ငလျင်ဒဏ် ခံနိုင်ဖို့ အိမ်လည်း ပြုပြင်နေတာ တွေ့ရပါသေးတယ်။ တစ်လောက ရေမရှိတော့ ဘုံဘိုင်တူးနေတာလည်း တွေ့မိသား။ ဒီကြားထဲ မီးကလည်း မရှိရှာတော့ မီတာလျှောက်နိုင်ဖို့ ငွေတိုငွေစလေး စုဆောင်းနေတာရော၊ မမိုးရင်ဘဝ အနေအစား မချောင်လှတာတော့ အမှန်ပါ။
တစ်လောက သူမရဲ့ Kpay ဖုန်းလေး လော့ခ်ကျသွားလို့ မြို့တက်ပြီး ပြန်ပွင့်အောင်လုပ်ရတာ စရိတ်လည်း ထောင်းပေါ့။ ဒီကနေ့တော့ မမိုးရင် စက်ဘီးလေးနဲ့ ဝမ်းသာအားရ ပြန်လာရှာတယ်။ ဖုန်းလေး အဆင်ပြေသည်ဆိုကြောင်းနဲ့ ဘဏ်ဖွင့်ချိန် ၉ ခွဲမို့ အတော်စောင့်လိုက်ရတာဆိုပဲ။ ကျွန်မအတွက် မမိုးရင်ဆိုတာ စကားပြောဖော်လည်း ဖြစ်သလို၊ သူမလို အမျိုးသမီးတစ်ယောက်ကို မိတ်ဆွေအဖြစ် ရှိနေခြင်းသည်လည်း ဘဝရဲ့ အားမာန်တွေလို့ ထင်မိပါတယ်။
မမိုးရင်က သူ့အိမ်လေးပြန်ရောက်ချိန်၊ မနေ့ကထမင်းကို လက်အိတ်လေးစွပ်ပြီး နယ်နေရှာတယ်။ ပါးစပ်ကလည်း ပြောသေးတယ်၊ "ထမင်းချက်ချိန် မရမှာစိုးလို့ မနေ့ကတည်းက ထမင်းပိုချက်ထားတာ၊ အခု အဲဒီထမင်းလေး ကြော်ပြီး စားလိုက်မယ်၊ မနေ့က ငါးကြော်လေးနဲ့" တဲ့။
သူမရဲ့ အတွေ့အကြုံကိုလည်း ကျွန်မကို မျှဝေသေးတယ်။ "မိုးရင်တို့မှာသာ အခက်အခဲတွေ ရှိနေကြတာပါ၊ ဘဏ်မှာ ငွေလာထုတ်သူတွေ ပြည့်လို့" တဲ့။
မိုးရင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကဆို "ပိုက်ဆံရှိလို့ကတော့ ဘဏ်ထဲ မထည့်ဘူး" တဲ့။ အခုလို အချိန်ကန့်သတ် စောင့်နေရတာကို နှစ်မြို့သည့်ဟန် မရှိပုံကို ကျွန်မကို ဖောက်သည်ချသေးတယ်။
မိုးရင်က စကားဆက်လိုက်သေးတယ်။ အဲဒီအမျိုးသမီးက ငလျင်ဒဏ်ခံရလို့ သိန်း ၃၇၀ ထုတ်ရတဲ့သူတဲ့။ ဘိလပ်မြေက အိတ် ၃၆၀၊ သံက တန်ချိန် ၆၀ ရတယ်ဆိုသည့်အကြောင်းပါ။
မိုးရင်က ခေသူ မဟုတ်ဘူး၊ အိမ်က ဘယ်လိုအိမ်လဲ စပ်စုခဲ့သေးတယ်။
"နံကပ်တိုက် ပေ ၆၀x၄၀" တဲ့။
"တစ်ရပ်ကွက်လုံး အပြိုအပျက် တင်သမျှ ရကြတယ်၊ ၃၅ ဦး တင်တာ အကုန်ရကြတယ်" တဲ့။ ကျွန်မလည်း စိတ်ဝင်စားစွာ နားထောင်နေမိတယ်။
မိုးရင်ရဲ့ စကားသံ တိတ်မသွားပါဘူး။
"တစ်နှစ်ပြည့်ခါနီး ရကြတာ" လို့ ပြောရင်း၊ "ငလျင်ဘေးဒဏ်သင့်သူတွေအတွက် ပိုလျှံသည့် ထောက်ပံ့မှုကြီးပါ" လို့ ထောက်ပံ့ကြေးရသူ ပြောသည့်စကားကို ဖောက်သည်ချရင်း စကားပိတ်သွားပါတယ်။
မိုးရင်တစ်ယောက် ထမင်းစားဖို့ ပြင်ဆင်ချိန်က နေ့လယ် ၁၂ နာရီ ရှိနေပါပြီ။ ကျွန်မလည်း မိုးရင်ရဲ့ Kpay လေး ပွင့်သွားလို့၊ "ဖုန်းဘေလ်လေး ထည့်ပေးပါဦး မိုးရင်" ဆိုပြီး ၅ ထောင်တန်လေး သူမဆီ ကမ်းလိုက်တယ်။ ဖုန်းဘေလ်ဖြည့်ဖို့ သူမရဲ့ဖုန်းလေးက ကျွန်မအတွက် တန်ဖိုးရှိလှပါတယ်။ အခကြေးငွေမယူဘဲ သူမအဆင်ပြေသည့် အချိန်တိုင်းမှာ ဈေးလေးရောင်းရင်း သူမဘဝလေးကို ဖြည့်ဆည်းနေသည့် သူမကို ငေးကြည့်ရင်း၊ ကျွန်မ ဟိုအရင်အချိန်တွေက သူမဘဝလေးကို ပြန်လိုချင်လာမိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar