Breaking News

မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်လေယာဥ် ပေါ် ဒရော့ဗုံးကျ ၊ KIA ရဲ့ အနာဂတ်မျှော်မှန်းချက်


မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၀ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆


မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်လေယာဥ် ပေါ် ဒရော့ဗုံးကျ ၊ KIA ရဲ့ အနာဂတ်မျှော်မှန်းချက် 

မြစ်ကြီးနားမြို့ကနေ မန္တလေးကို ပြန်ထွက်ခွာမယ့် နိုင်ငံပိုင် လေကြောင်းလိုင်း MNA ရဲ့ ခရီးသည်တင်လေယာဥ်ဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် လေယာဥ် ထွက်ခွာဖို့ လုပ်နေစဥ်မှာပဲ Suicide Drone ဗုံးထိမှန်ပြီး မီးလောင်မှုအနည်းငယ် ဖြစ်ပွားကာ ပျက်စီးမှုရှိခဲ့ပြီး ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်နဲ့ အခြားသော သတင်းမီဒီယာတွေက မျက်မြင်သက်သေအချို့ ရဲ့ပြောဆိုချက်ကို ကိုးကားကာ ဖေါ်ပြထားကြပါတယ်။ လေယာဥ်ကွင်းက လေယာဥ် ဒရုန်းဗုံးထိမှန်တဲ့ အဖြစ်အပျက်ဖြစ်ပွားတဲ့ ညသန်းခေါင်မှာပဲ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရဲ့ နေရာ ၃ နေရာကို လက်နက်ကြီးကျည်ကျပြီး  နေအိမ်တအိမ်ကို ထိမှန်ကာ သားအမိနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ကချင်ပြည်နယ်နေရာ အနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပေမယ့် မြစ်ကြီးနားမြို့ ကို လက်နက်ကြီး ကျည်ကျရောက်တာ လေဆိပ်ကို Suicide Drone တွေနဲ့ တိုက်ခိုက်တာတွေကတော့ ပထမဆုံး ဖြစ်ပါလိမ့်မယ်။ 

အခုလို MNA လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဥ်ကို တိုက်ခိုက်တာဟာ KIA နဲ့ PDF တပ်ဖွဲ့တွေက လုပ်တာလို့ အာဏာသိမ်းစစ်တပ်က စွပ်စွဲပြီး KIA တပ်ဖွဲ့ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဘယ်တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ မသိရှိသေးဘူးလို့ ပြောဆိုပါတယ်။ KIA အနေနဲ့ ပြည်သူလူထု စီးနင်းတဲ့ လေယာဥ်လိုမျိုးကို တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြစ်ကြီးနားမြို့ အရှေ့မြောက်ပိုင်းက ဇခုန်တိန်ယိမ်း ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တဲ့ ပန်ဝါ အစရှိတဲ့နယ်မြေအများစုကို KIAက သိမ်းယူခဲ့သလို ဖားကန့်ဒေသက နယ်မြေ အများအပြားကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့ အရှေ့တောင်ဘက်က မံစီ၊ မဘိမ်းစတဲ့ ဒေသတွေကိုလည်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် မြစ်ကြီးနားမြို့ကိုတော့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မတွေ့ခဲ့ရပါဘူး။ အခုလတ်တလော မြစ်ကြီးနား လေဆိပ်ကို တိုက်ခိုက်မှုတွေက မြစ်ကြီးနားမြို့ကို တိုက်ခိုက်တော့မလား ဆိုတဲ့ ယူဆမှုတွေလည်း စတင်ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

KIA အနေနဲ့ လတ်တလောမှာ ဖားကန့်ဒေသမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ၁ နှစ် ကျော်လာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း ရင်ဆိုင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အွန်လိုင်းကနေ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က မိန့်ခွန်းပြောကြားရာမှာ KIO/KIA ရဲ့ လက်နက်ကိုင်တော်လှန်ရေး သမိုင်းကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး နိုင်ငံရေး ရည်မှန်းချက်၊ နည်းနာအချို့ကို ထုတ်ဖေါ်ပြောဆိုသွားတာ တွေ့ရပါတယ်။ 

၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ကာလတွေတုန်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတွင်း စစ်တပ်ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တို့ကို ၂၀၂၅ ခုနှစ် မတိုင်မီအတွင်း ငြိမ်းချမ်းရေး ရလဒ်တခုရအောင် လုပ်ဆောင်နိုင်ရင် လုပ်ဆောင်ဖို့နဲ့ မဟုတ်ခဲ့ရင် ၂၀၂၅ ခုနှစ်ကျော်လွန်သွားတဲ့ အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မျှော်မှန်းချက်တွေက ပြောင်းလဲလာလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်မတိုင်ခင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတဲ့ ရည်မှန်းချက်ကို လက်ခံနိုင်ကြမှာ ဖြစ်ပေမယ့် အဲဒီကာလ ကျော်လွန်သွားခဲ့တဲ့ အခါ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ရည်မှန်းချက်ကို ရောက်လာမယ်ဆိုတဲ့ အကြောင်း ပြောဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ယခင်နှစ်တွေကလည်း သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဒီအကြောင်းအရာကို ထုတ်ဖေါ်ပြောဆိုဖူးတာတွေ့ရပါတယ်။ 

KIA အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ရှိတဲ့တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အလေးပေးပြောဆိုခဲ့ပါတယ်။ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ CNF နဲ့ ဆက်ဆံရေး နာဂ ဒေသက လက်နက်ကိုင် အဖွဲ့နဲ့ဆက်ဆံရေးတို့ကိုလည်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကို လေ့လာကြည့်ရင် KIA အနေနဲ့ ကချင်အမျိုးသားတော်လှန်ရေး ရဲ့ အကျိုးစီးပွားက ပထမအနေနဲ့ အထိုင်နဲ့ စဥ်းစားတာကို တွေ့နိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်နေတဲ့နေရာမှာ ဌာနချုပ် အဖြစ်အခြေစိုက်တာ၊ ဆက်သွယ်ရေး၊ ရိက္ခာ၊ လူသုံးကုန်ပစ္စည်း၊ လက်နက်ခဲယမ်းတို့နဲ့ ပတ်သက်တာ၊ ကချင်ပြည်နယ်ရဲ့ သယံဇာတတွေကို တင်ပို့ရောင်းချနိုင်တဲ့ အိမ်နီးချင်း အနေနဲ့ စဥ်းစားတာတွေကို ပြန်လည်သုံးသပ်ချိန်ညှိနေတဲ့ လက္ခဏာမျိုးတွေလည်း တွေ့ရသလို ကချင်ပြည်နယ်ရဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းလိုမျိုးရဲ့ လုံခြုံရေးတည်ငြိမ်မှုကို ကချင်ပြည်နယ် အကျိုးစီးပွားအတွက် အရေးထား စောင့်ကြည့်နေတယ်ဆိုတာမျိုး လည်း ပြောဆိုသွားတာပါ။ 

KIA အဖွဲ့ရဲ့ အခြေစိုက်ရာကို လိုအပ်ရင် မြန်မာနိုင်ငံနဲ့ တရုတ်နယ်စပ်ကနေ အနောက်ဘက်ခြမ်း အိန္ဒိယနယ်စပ်ဒေသလိုမျိုးဘက် ဆီ ရွှေ့ပြောင်းတာမျိုး သို့မဟုတ် တရုတ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ် ၂ ခုလုံးနဲ့ ဆက်သွယ် ရပ်တည်နိုင်အောင် လုပ်ဆောင်တာမျိုး၊ တောင်ဘက်က ဝင်ရောက်လာနိုင်တဲ့ မြန်မာစစ်တပ်တွေရဲ့ အန္တရာယ်ကို ကြားခံနယ်မြေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင် ကာကွယ်တာမျိုးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ 

ဒါတွေက KIA ရဲ့ ၂၀၂၅ ခုနှစ်အလွန် မဟာဗျူဟာ ရည်မှန်းချက် နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်နိုင်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ မန္တလေးတိုင်းတို့မှာ လက်အောက်ခံ တပ်တွေ အခြေစိုက်နေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ KIA နဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေသလို မိမိတို့ကိုယ်ပိုင် မဟာဗျူဟာလည်း ရှိထားသင့်တာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar