လင်းလက်နွေဦး - ဈေးသည်မလေး အေးကြွယ်
လင်းလက်နွေဦး - ဈေးသည်မလေး အေးကြွယ်
မိုးမခ ၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၆
ဈေးတကွင်းလုံးက တိတ်ဆိတ်ခြောက်ကပ်။ ရှေးဟောင်း စကားအသုံးအနှုန်းနဲ့ ပြောရရင် တစ္ဆေခြောက်လောက်တယ်။ ဈေးသည်တွေချည်း ဟိုဒီ ကူးချည်ပြန်ချည်။ လက်ဖက်သုပ်လေး သုတ်၊ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည် တခွက်ဝယ်၊ ရေနွေးကြမ်း တစ်ဘူး တောင်းလာပြီး အသုပ်စားရင်း အတင်းတုတ်ကြတဲ့ နေ့ရက်တွေ။ ရောင်းကုန်ကလေးတွေ ပိဿာထုပ်၊ ငါးဆယ်သား၊ အစိတ်သား ခွဲထုပ်နေကြသူတွေလည်း ရှိရဲ့။ ဖုန်းပွတ်နေကြသူတွေ၊ မရယ်ရတဲ့ ပြက်လုံးတွေ ကြည့်နေသူတွေ။ ရောင်းမကုန်လို့ ရွာထဲ၊ အဆင်ပြေတဲ့ အနီးအနား ရွာတွေ လှည့်ရောင်းဖို့ ပြင်နေသူတွေလည်း ရှိရဲ့။ ကုန်စိမ်းတို့ အသားငါးတို့ ဆိုတာ နေ့ကူးမခံဘူး မဟုတ်လား။ မနက်ခင်း ဈေးလေး၊ အခြေအနေပေါ် မူတည်ပြီး ဖွင့်နေရတဲ့ ရွာဈေးလေးပေါ့။
ပတ်ဝန်းကျင် ရွာကလေးတွေ ပဲပေါ်နှမ်းပေါ်တဲ့ အခါကောင်းလေးတွေဆို ဈေးသည်တွေ အူစိုတဲ့နေ့ကောင်းရက်သာပေါ့။ အရပ်သားအစိုးရခေတ်ကို ပြန်အောက်မေ့ မနေတော့ဘူး။ မြေပဲ၊ ပဲစိမ်းကုန် ပေါ်တုန်းက လက်မလည်ခဲ့ပါဘူး။ စကစ တက်စကပေါ့။ နောက်တော့ စစ်ကြောင်းတွေ ပတ်ထိုး၊ လေယာဉ်တွေနဲ့ ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ထုတော့ ရွာထဲ လူတွေ မနေရဲတော့ဘူး၊ တောထဲ တဲထိုးနေကြသူ၊ နီးစပ်ရာ မြို့ရွာတွေ ပြောင်းပြေးသူတွေနဲ့ ရွာကလည်း ရွာပျက်ကြီးလို ဖြစ်ရလေတယ်။ ဒီတော့ ဈေးကုန်းကြီးလည်း ပတ်ကြားအက်ကုန်တာ မဆန်းဘူးပေါ့။
ရွာကလေးဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ ဒလန်တွေ ငြိမ်ပိဖြစ်ကုန်တယ်။ အတော်အတန် ပြန်စည်လာတယ်။ တောတွင်းသားတွေ တချို့ ပြန်လာတယ်။ တချို့ဈေးသည်တွေ ပြန်ဖွင့်လာတယ်။ ဈေးမရောင်းရင် ငတ်မဲ့လူတချို့ပေ့ါ။ မြို့ပေါ် အခြေချ နေနိုင်သူတွေကတော့ သိဒ္ဓိတ္ထလို ပြန်ကြည့်ဖော်တောင် မရဘူး။ မြို့ပေါ်က လွတ်လပ်ရေး ရနေပြီတဲ့။ ဟုတ်လည်း ဟုတ်ပါရဲ့၊ ရွာကလေးနဲ့ အနီးနားတွေမှာ တဂျိန်းဂျိန်း။
စစ်တပ် စစ်ကြောင်းတွေက ရွာထဲ တိတ်တဆိတ် ဝင်လာတယ်။ ခဏ နားသလိုလိုနဲ့။ သုံး လေးရက်နေပြီး ပြန်ထွက်သွားတယ်။ နောက်တခေါက် လာတယ်၊ လိုရာ ခရီးဆက်တယ်။ လူမနေတဲ့ အိမ်တွေထဲ ဝင်နေတယ်။ ပီတွေက ဒရုန်းတွေနဲ့ လာဆော်တယ်၊ အလစ် ဝင်ပစ်တယ်။ အဲလိုအချိန်တွေဆို ဈေးရောင်းနေရင် ပိတ်ပြေး၊ ဒါမှမဟုတ် အပေါက်ပိတ်ပြီး ဈေးဝယ်တွေနဲ့ အတူ ထောင့်တထောင့်မှာ ဝင်ကုပ်နေရတယ်။ အခွင့်သာရင် အိမ်ကို ပြေးသွားပြီး ဗုံးခိုကျင်းထဲ ဝင်အောင်းနေရတာပေါ့။
ရွာထဲ တပ်စွဲလိုက်ပြီ။
ဈေးလေးဟာ ခြောက်ကပ်လာတယ်။ စခတွေက ဟိုထောင့် ဒီထောင့် အစောင့်တွေချ၊ ဈေးဝယ်ကြတာကိုး။ ကြောက်ကြောက်နဲ့ ဈေးမှားပြော၊ ဈေးဖိုး အပေါင်းမှား၊ လျှော့ဦးဆိုလို့ လျှော့ပေးလိုက်ရတာတွေ ပြန်ပြောပြီး ရယ်နေရတယ်။ ခဏ လာ၊ ခဏ ပြန် ဆိုတော့ ရွာနီးချုပ်စပ်တွေလည်း အရဲကိုး လာဝယ်ကြတယ်။ ဒီဈေးလေးအပေါ် ပဲ မှီခိုနေရတာကိုး။ တချို့ဆို တနေ့ တခေါက် မလာရရင် မနေနိုင်ဘူးတဲ့။ လက်ဖက်ရည် သောက်၊ မုန့်စား၊ ပါဆယ်ဆွဲ ဒီလိုကိုး။ သူတို့ရွာတွေမှာ အိမ်ဆိုင်လေး တဆိုင်၊ နှစ်ဆိုင်လောက်ပဲ ရှိတာကိုး။ ကော်ဖီမစ် မသောက်ချင်သူတွေ လာကြတယ်ပေါ့။
နောက်တော့ နောက်ရောက်တဲ့သူတွေက အစွယ်တွေ ထုတ်ပြလာတယ်။ 'အရင်လူတွေက ဘာ၊ ခုလူတွေက ဘာ၊ နောက်လာသူတွေက ဘာ' လို့တော့ မသိကြပါဘူး။ တချို့ နယ်တွေက လူတွေဆို 'ဒါတွေက ပီတွေလား'တောင် မေးကြတယ်။ 'ပီ' မဟုတ်တာ သေချာပါတယ်၊ 'ပျူ'လား ဘာလားတော့ မသိဘူး တိုးတိုးပြန်ဖြေရတယ်။ အရင်ရောက်နှင့်တဲ့ ကောင်တွေက နပ်တယ်၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ဦးလေး အစ်ကိုကြီး ဝင်ရောကြတယ်။ ခုကောင်တွေက ရုပ်တွေက ခပ်ကြမ်းကြမ်းတွေ၊ အရယ် အပြုံး မရှိဘူး။ မနက် အစောကြီး ဈေးလာ စားသောက်၊ ဝယ်ခြမ်း၊ တော်တော်နဲ့ မပြန်ဘူး။ သူတို့ မပြန်တော့ ဘယ်သူမှာ မလာတော့ဘူး။ မသိဘဲ လာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေ အကုန်စစ် အကုန်ရစ်။ ကလေးတွေ ဆိုတဲ့ သီချင်းထဲကလို ရစ်... ရစ်...ရစ် (၉ ခေါက် ဆိုရန်)။ သူတို့ မလာတဲ့နေ့၊ ရက်ရာဇာပဲ။
အဲဒီကောင်တွေ ဈေးလာတဲ့နေ့ တခြားရွာက ဈေးဝယ်တွေ မလာပေမယ့် ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်ရောင်းတဲ့ သူတွေတော့ လာကြတယ်။ အဲဒီတော့ ဈေးမလာရဲသူတွေက သူတို့နဲ့ ကပ်မှာကြတာပေါ့။ ဒီတော့ သူတို့ဟာ အဝယ်တော်လည်း ဖြစ်တယ်၊ ဈေးသည်တွေလည်း ဖြစ်လာကြတယ်။ ကျနော်တို့ ဈေးဆိုင်တွေလည်း အသက်ရှူ နည်းနည်းချောင်တယ်ပေါ့။
တနေ့ကတော့ အဲဒီဆိုင်ကယ်တွေပါ အကုန်ဖမ်း၊ ဖုန်းတွေ စစ်၊ ဆိုရှယ်မီဒီယာတွေပါ စစ်တာ။ တမနက်လုံး ဈေးကုန်တွေနဲ့ ဆိုင်ကယ်တွေ လမ်းဘေးချခိုင်းပြီး စစ်တာ။ ဈေးခြင်းတောင်းတွေထဲ၊ လွယ်အိတ်ထဲ၊ အဓိက ဖုန်းထဲပေါ့။ ဖုန်း Contact ထဲက မသင်္ကာတဲ့ ဖုန်းနံပါတ်တွေ ဆက်ခိုင်း၊ ဟိုဘက်က ဘုမသိဘမသိ ဖြေရင်၊ ဖုန်းမကိုင်မိရင် ဆွဲစိပစ်တာပဲ။ အိတ်အနက် ခေါင်းစွပ်ပြီး တရားခံလို ကြိုးတုပ်ခေါ်သွားတယ်။ တချို့ကျတော့ တစ်တော့ထဲမှာ 'ပီ'အကောင့်ကို Like ပေးလို့ ဆိုလား၊ ငါးသိန်းလောက် ဒဏ်ဆောင်ရတယ်။ ရောင်းကုန်ထဲက စိတ်ကြိုက်ပေးခဲ့ရတယ်။ ဒီနားမှာ မပေးနဲ့ အထုပ်နဲ့ ထုပ်ပြီး ဟိုအဖွဲ့ကို ပေးသွားလို့ မှာလိုက်တယ်။
ဆိုင်ကယ်အရောင်းသမားတွေ ၃- ၄ ရက် မလာရဲတော့ဘူး။ မကြာပါဘူး၊ အရဲစွန့်လာကြသူတွေ ရှိလာတယ်။ အဲဒီအဖွဲ့ကလည်း ဘယ်ဘက် စစ်ကြောင်းထိုးနေလဲ မသိပါဘူး။ ဈေးလေး ပြန်စည်လာပြန်တယ်။ အရင်လို ရယ်ကာ မောကာနဲ့ပေါ့။
မကြာပါဘူး၊ ဘဲအုပ် တစ်ရာ၊ နှစ်ရာနဲ့ မဗေဒါ အံကိုခဲထားပေမယ့် အားထားရတဲ့ ဘေးရွာတွေဘက် စစ်ကြောင်းထိုး၊ မီးရှို့၊ လုယက် မွှေနှောက်ခံရပြန်တယ်။ ရွာကနေ ထွက်လာတဲ့ စစ်ကြောင်းတွေဆိုတော့ ကျနော်တို့ ရွာနဲ့ ဝေးရာ ပြေးကြရတာကိုး။ သူတို့ရွာအနား တောထဲ ပြေးကြသူတွေတော့ ရှိပါရဲ့။ ဒါပေမဲ့ ကျနော်တို့ဘက်ကို မလာရဲကြသေးဘူး။ မြို့ကနေ တပ်ကူတွေက အင်နဲ့အားနဲ့ ကျနော်တို့ရွာ ရောက်၊ ရွာကနေတဆင့် သူတို့ရွာဘက် စစ်ကြောင်းထိုး၊ အဲဒီလိုကိုး။
တစ်လနီးပါး ကြာလာပြီ။ ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်သံ၊ လက်နက်ကြီးသံတွေ ကြားနေရတယ်။ စစ်ရှောင်စခန်းတွေကနေ အလှူခံလာတဲ့အခါ ထည့်ကူကြပေါ့။ ဟိုကောင်တွေကတော့ ကားကြီးကားငယ်တွေနဲ့ သွားလိုက်ဟာ၊ လာလိုက်ဟာနဲ့။ သယ်လာလိုက်တာ ဆိုင်ကယ်တွေ၊ စက်တွေ၊ ဆိုလာပြားတွေ၊ ဘက်ထရီတွေ၊ အဲကွန်းတွေ... မိုးကာနဲ့ အုပ်လာတာတွေ။ ဪ... သူများ ချွေးနှဲစာတွေ၊ မျက်ရည်တွေပေါ့။ အဲဒီလိုနေ့တွေဆို တဈေးလုံး ဆွံ့အနေရော။
ဈေးကတော့ ခပ်ပါးပါးပါပဲ။ ဆံသဆိုင်ရှေ့တောင် ဖြတ်မလျှောက်ရဲဘူး၊ ဗောင်းခနဲ ထပေါက်ရင် တဈေးလုံး ပိတ်ပြေးကုန်မယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar