Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြည်သူ့ခံနိုင်ရည်၊ SRA နဲ့ SRA ထဲ မရှိ‌သေးသူတွေနဲ့ NUG

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြည်သူ့ခံနိုင်ရည်၊ SRA နဲ့ SRA ထဲ မရှိ‌သေးသူတွေနဲ့ NUG

မိုးမခ ၊ မတ် ၁ ၊ ၂၀၂၆


NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ကာဝန်ဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်တဲ့။ ဘာတွေလဲတော့ မသိ။

ဗိုလ်နဂါးတပ်တွေကို စီးနင်းပြီးနောက်ပိုင်း စီးခံရတဲ့အထဲမှာလည်း SRA အဖွဲ့ဝင် ပါတော့ မေးစရာ ဆွေးနွေးစရာတွေက အများကြီးပေါ်လာတာပဲလေ။

လော်ဘီတွေရဲ့ အော်မြည်သံတွေနဲ့အတူ ရောင်တော်ပြန်အသံတွေကြောင့် တော်လှန်ရေးအပေါ် စိုးရိမ်စိတ်ရှိလာကြသလို လူထုရဲ့ မရေမရာခံစားမှုကလည်း အရှိန်မြင့်တက်လာတယ်မဟုတ်လား။ ဒီကြားထဲ တပ်ပြေးတွေ၊ တပ်ကင်းကွာတွေအပေါ် ဓာတ်ပုံ၊ မိဘနာမည်နဲ့အတူ နေရပ်ပါထည့်ထုတ်ပြန်လာတာတွေ၊ နောက်ထပ်လည်း လိပ်စာအတိအကျနဲ့ ထုတ်ပြန်မယ်လို့ ခြိမ်းခြောက်လာတာတွေ၊ စစ်ကောင်စီလို အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေကလည်း စိတ်ပျက်စရာ မြင်ကြားလာနေရတယ်လေ။ တပ်သားစာရင်းတွေ ပိုတင်ထားတဲ့ တပ်ရင်းပေါင်းများစွာ၊ ကိုယ်တိုင်လိုက်မတိုက်ဘဲ သေနတ်တစ်လက်နှစ်လက် ငှားလိုက်ပြီး တိုက်ပွဲသတင်းမှာ ရင်းနာမည်ထည့်ပေးလိုက်ရတဲ့ အဖြစ်တွေ၊ မစ်ရှင်တစ်ခုမှာ လူနှစ်ယောက်လောက်ထည့်ပေးပြီး သတင်းထုတ်ပြန်ရင် ပူးပေါင်းတိုက်တပ်စာရင်းထဲ ထည့်ပေးနေရတဲ့ အပျက်တွေက တကယ်တိုက်နေတဲ့သူတွေကို စိတ်ဓာတ်ကျဆင်းစေ၊ မတက်ကြွတော့ဘဲ မခွပ်တော့တဲ့ ကြက်ဖဖြစ်စေတာတွေကလည်း မကြားချင်မှအဆုံးပါပဲ။ တပ်သား ငါးဆယ်ခြောက်ဆယ်ရှိတဲ့ရင်းက တိုက်နေပြီး စာရင်း တစ်ရာနှစ်ရာပြထားသူတွေက တစ်ယောက်နှစ်ယောက်တောင် စစ်ကူမပေးနိုင်တာတွေရဲ့နောက်ကွယ်မှာ ငွေကြေးအလွဲသုံးစွဲမှုတွေက ထုနဲ့ထည်နဲ့ရှိနေတာပါ။

မလိုအပ်တဲ့ ဂိတ်တွေ ဖယ်ရှင်းနိုင်လို့၊ ဖယ်ရှင်းနေလို့ လူထုစိတ်ရှုပ်ထွေးမှု အတန်အသင့်လျော့ပါးလာချိန်မှာ ဗိုလ်နဂါး အကြောင်းပြု နောက်ဆက်တွဲ အဖမ်းအဆီးသတင်းတွေကလည်း စိတ်ပျက်စရာပါ။ ဘာလို့လဲဆို စစ်အုပ်စုဆန်ဆန် ပြုမူနေတာတွေ၊ ပြည်သူကို သတင်းမှန် ဖုံးကွယ်တာတွေ၊ သတင်းမှား တမင်ဖြန့်ချိတာတွေကလည်း ထပ်ဆင့်စိတ်ပျက်စရာပါ။ တော်လှန်ရေးဟာ သန့်ရှင်းတယ်လို့ မခံစားရတော့ရင် မွန်မြတ်တယ်ဆိုပြီး ထောက်ခံပံ့ပိုးတာတွေ လျော့လာနိုင်တာကိုလည်း သိနေတာပဲလေ၊ ဒါတွေကို အမြန်ဆုံး အရေးတကြီးကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။ လျော့လည်း လျော့လာနေပါတယ်။ အချိန်ကြာလာတာရော၊ မသန့်ရှင်းမှုတွေရော၊ ပွင့်လင်းမြင်သာမှုမရှိတာရော၊ နိုင်ထက်စီးနင်းပြုကျင့်တာတွေရောက တောထသလို ထနေတာပါ။ ဒီအိုင်တီခေတ်မှာ ဘယ်ဟာမှ ကြာကြာဖုံးကွယ်လို့မရသလို ဘယ်လိုလူလည်ကျမှုမျိုးမှ ကြာကြာလုပ်ဖို့မလွယ်ပါဘူး။ အထင်ကြီးလေးစားမှုမရှိတာနဲ့ လစ်သွားမှာ သေချာပါတယ်။

တွေ့ဆုံပွဲမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များ ချမှတ်တယ်ဆိုတော့ မဆိုးဘူးပေါ့လေ။ လူထုကို အသေအချာရှင်းပြနိုင်ရင်တော့ ကောင်းတာပေါ့။ လူထုက မျှော်လင့်ချက်အမှားတွေနဲ့သာ ထိုက်တန်သူမဟုတ်ဘူးလေ။ ဒါမှလည်း လူထုကို မလေးမခန့်မလုပ်ရဘူးဆိုတဲ့ နမူနာကောင်းပါ ပေးရာရောက်မယ်မဟုတ်လား။

လောလောဆယ် MNDAA နဲ့ TNLA က စစ်ကောင်စီနဲ့ မတိုက်တော့တဲ့အပြင် သူတို့ချင်း တိုက်ဖို့ အခြေအနေပါ ဖြစ်လာတော့ လူငယ်အသက်ပေါင်းများစွာ ရင်းပေးလိုက်ရတဲ့ တော်လှန်ရေးကို အယုံအကြည်မဲ့လာတာတွေ ဖြစ်လာနေပါတယ်။ ရှမ်းမန်းစစ်ဆင်ရေးမှာ အသက်တွေ အပုံလိုက်ရင်းပြီး ရထားတဲ့နယ်မြေတွေလည်း အချင်းချင်း အဆင်မပြေမှုတွေကြောင့် လက်လွတ်စံပယ် ဆုံးရှုံးလိုက်ရတော့ လူထုကို ရလဒ်ကောင်းကောင်းပြသပြီး စိတ်ခွန်အားတက်ကြွစေဖို့ဟာလည်း အလွန်အရေးကြီးလာပါတယ်။

မကြည်ပြာ အမှုဟာ တော်လှန်တိုက်ခိုက်သူကနေ သာမန် ထောက်ခံသူလေးအထိ၊ မူဝါဒချမှတ်သူကနေ စစ်ရှောင်ကူသူအထိ၊ ဂိုးဒင်းဂိတ်ကနေ ရွာအဝင်တံခါးဝအထိ လူတန်းစားအသီးသီး၊ နယ်ပယ်အသီးသီးကို ရိုက်ခတ်လာတဲ့ တော်လှန်ရေးရာ ဝိညာဉ်နာကျင်စေမှုပါ။ ဒီဒဏ်ရာကျက်ဖို့ကလည်း မလွယ်ပါဘူး။

ဖားယားမှုမျိုးစုံ၊ မြှောက်ပင့်မှုမျိုးစုံ၊ မျက်ကန်းလော်ပုံမျိုးစုံ၊ အမှားမျိုးစုံ၊ ပွတ်တိုက်မှုမျိုးစုံ၊ အကျင့်ပျက်ချစားမှုမျိုးစုံ၊ ရာဇဝတ်မှုမျိုးစုံ၊ ပြည်သူ့ဆန္ဒအရေခြုံထားတဲ့ မောက်မာဝင့်ဝါမှုမျိုးစုံ၊ တော်လှန်ရေးဆိုင်းဘုတ်အောက်က ဖိနှိပ်မှုမျိုးစုံ၊ ပြည်သူကို စိတ်ဒုက္ခပေးမှုမျိုးစုံ၊ ရန်သူရဲ့ တန်ပြန်တိုက်ခိုက်မှု ယုတ်မာရက်စက်မှုမျိုးစုံကြားမှာ မောင်ဆောင်းခရဲ့ "SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့ တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့ တပ်တွေအပေါ် NUG ရဲ့ သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သောညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်" ဆိုတဲ့ စာလေးကြောင့် အတော်လေးတော့ စိတ်သက်သာရာရပါတယ်။

ကပစတွေကို မဖျက်ဆီး၊ မသိမ်းပိုက်နိုင်ဘဲ စစ်အုပ်စုကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ခု စစ်အုပ်စုဟာ ကပစနားရောက်လာတဲ့ AA ကို ဖိအားမျိုးစုံပေးနေတဲ့အချိန်မှာ ပြည်မက တော်လှန်သူအချင်းချင်း သိသိသာသာအုပ်စုဖွဲ့ နှိမ်နင်းတဲ့ကိစ္စဟာ ရှိတဲ့အင်အားနဲ့ ရန်သူကို စုပေါင်းတိုက်ဖို့မဟုတ်တော့ဘဲ ကိုယ့်အန္တရာယ်ကာကွယ်ဖို့ အင်အားမဖြုန်းဘဲ ကျည်ချန်ရမယ့် သတိအဆင့်ထိ ရောက်သွားပါတယ်။ ဒါဟာ တော်လှန်ရေးနောက်ကျောပွင့်သွားတာပါပဲ။ တဖြည်းဖြည်းနဲ့ နောက်ကျောတင်မက အဘက်ဘက်က မလုံခြုံတဲ့အခြေအနေမျိုးထိ ဖြစ်သွားပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူညီရေး လုပ်နေသူတွေပါ စိတ်အင်အား လျော့ကျသွားပါတယ်။ ကိုယ်လက်အင်္ဂါစွန့်ထားရသူတွေ၊ သားသမီးဆုံးရှုံးထားရသူတွေအပါအဝင် မရေရာတဲ့ခံစားမှုတွေဟာ အားလုံးဆီ ကူးစက်ပျံ့နှံ့သွားပါတယ်။ ကိုယ်လုပ်နေတာတွေအပေါ် သံသယဝင်လာစေပါတယ်။ လွတ်ရာကျွတ်ရာသွားချင်စိတ်တွေ ပေါ်လာစေပါတယ်။ ထောက်ပို့အားတွေ လျော့သွားပါတယ်။ အချင်းချင်းကြား မလေးမစားဆက်ဆံမှုတွေ၊ တုံ့ပြန်မှုတွေ အားကောင်းလာပါတယ်။ သူ့လူ ကိုယ့်လူ စိတ်ဓာတ်တွေ ခေါင်းထောင်လာပါတယ်။ တန်ဖိုးထားမှုတွေ သိသိသာသာ လျော့သွားပါတယ်။ ကုစားနိုင်စွမ်းတွေ ကျလာပါတယ်။ သေချာတာကတော့ ပြည်သူရဲ့စုစည်းမှုအား လျော့လာတာနဲ့အမျှ ပြည်သူ့ခံနိုင်ရည်လည်း အကန့်အသတ်ကြီးလာပါကြောင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar