RCSS က ကျင်းပတဲ့ ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၇ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၆
RCSS က ကျင်းပတဲ့ ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံ
သျှမ်းပြည်မှာ အခြေစိုက်တဲ့ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့အထဲက တခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က သျှမ်းပြည်အမျိုးသားညီလာခံ(ပထမအကြိမ်) ကို RCSS ဌာနချုပ်ဖြစ်တဲ့ လွယ်တိုင်းလျဲန်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က နေ ၄ ရက်နေ့အထိ ကျင်းပခဲ့ကြပါတယ်။
ဒီညီလာခံကို တက်ရောက်ကြတဲ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေကတော့ သံဃာတော်တွေ၊ သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အစုအဖွဲ့များ၊ အရပ်ဖက် အဖွဲ့အစည်းများနဲ့ မြို့နယ်အသီးသီးတို့က ကိုယ်စားလှယ် ၁၀၅ ဦးတက်ရောက်ခဲ့ကြတယ်လို့ သျှမ်းပြည်အမျိုးသားညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီညီလာခံရဲ့ အဓိကရည်ရွယ်ချက်က သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ဖြစ်ပါတယ်။ ဒီညီလာခံမှာ အခြေခံမူ (၃၃) ချက်နဲ့ အခြေခံအခွင့်အရေး (၃၈) ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
အခုလို သဘောတူလိုက်တဲ့ အခြေခံမူ (၃၃) ချက်နဲ့ အခြေခံအခွင့်အရေး (၃၈) ချက် အကောင်အထည်ဖေါ်ဖို့ နဲ့ ရှေ့လုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့ သျှမ်းပြည်နယ်ဖက်ဒရယ်ရေးရာ ဦးဆောင်အဖွဲ့ကို ကနဦးဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
သျှမ်းပြည်နယ်အတွင်း လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ရေး၊ သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးနဲ့ သျှမ်းပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးစုဖွဲ့မှုတရပ် ပေါ်ထွန်းလာရေးတို့အတွက် သျှမ်းပြည် အမျိုးသားညီလာခံမှာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါက ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ သျှမ်းပြည်အမျိုးသားညီလာခံရဲ့ ရလဒ်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။
သျှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်တဲ့ RCSS အဖွဲ့ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA လို့ အတိုကောက်ခေါ်ဆိုတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တဖွဲ့ဖြစ်သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း NCA စာချုပ် သဘောတူညီမှုကို ဆက်လက်ကိုင်စွဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ သျှမ်းပြည်နယ်ဟာ အကျယ်အဝန်းအားဖြင့် အကြီးဆုံး ပြည်နယ်တခုဖြစ်ပြီး လူမျိုးစု အများဆုံး နေထိုင်ကြတဲ့ ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ရှမ်းမြောက်ဒေသမှာ ပလောင်၊ သျှမ်း၊ ကိုးကန့်၊ ကချင်၊ ဝ၊ လားဟူ၊ အခါ စတဲ့ လူမျိုးစုတွေ နေထိုင်ကြတာ ဖြစ်ပါတယ်။ သျှမ်းအရှေ့နဲ့ သျှမ်းတောင်ဘက်မှာတော့ သျှမ်း၊ ပအို့ဝ်၊ ဝ နဲ့ အခြားသော လူမျိုးစုတွေလည်း နေထိုင်ကြတာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသက တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ရှည်လျားစွာထိစပ်နေတဲ့ ဒေသလည်း ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ တရုတ်နိုင်ငံရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ သယ်ယူမှုနဲ့ ရခိုင်ကမ်းရိုးတန်းအထိပေါက်မယ့် ရထားလမ်း စီမံကိန်း စတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ မကြာသေးတဲ့ နှစ်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ ခေါ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပါဝင်တဲ့ စစ်ဆင်ရေး ဖြစ်ပွားခဲ့ရာနယ်မြေတွေ ဖြစ်ပြီး လက်ရှိအနေအထားမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့က ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း အပါအဝင် နယ်မြေ အများအပြားကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အခုလို သျှမ်းပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွက်လာရေးကို အခုလို RCSS က ကမကထ ပြုပြီး သျှမ်းပြည်အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့အပေါ် သျှမ်းပြည်နယ်ထဲက အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘယ်လို သဘောထား ရှုမြင်ကြသလဲတော့ မသိရှိရသေးပါဘူး။
ပလောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ TNLA နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA တို့ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေ အများအပြား တိုက်ခိုက်သိမ်းယူထားပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ကေအိုင်အေ နဲ့ TNLA အကြားနယ်မြေ စိုးမိုးမှု၊ ဖြတ်သန်းခွင့် စတဲ့ကိစ္စတွေအပေါ် မူတည်ကာ အောက်ခြေတပ်တွေအကြား ပွတ်တိုက်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးအရ တိုက်ခိုက်သိမ်းယူထားနိုင်တဲ့နယ်မြေတွေ အခွန်ကောက်ခံခွင့်၊ စစ်မှုထမ်းစုဆောင်းခွင့်တွေနဲ့ ပတ်သက်လို့လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပွတ်တိုက်မှု အငြင်းအခုံဖြစ်မှုတွေ ပေါ်ထွက်နိုင်တဲ့ အနေအထားတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
အနာဂတ် သျှမ်းပြည်မှာ လူမျိုးစုများ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးကို အဓိကကျတဲ့ ရည်ရွယ်ချက်တချက်အနေနဲ့ ထည့်သွင်းပြီး သျှမ်းပြည် အမျိုးသားညီလာခံ ကျင်းပခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားလို့ ဒီညီလာခံဟာ အနာဂတ် သျှမ်းပြည်တည်ဆောက်ရေးအတွက် အရေးပါတဲ့ နိုင်ငံရေး ခြေလှမ်းတခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ လတ်တလော အနေအထားမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အင်အားကောင်းဖို့ တိုက်ခိုက်သိမ်းယူနိုင်သမျှ သိမ်းယူပြီး အုပ်ချုပ်ရေးထူထောင်တာ အခြားသော လူမျိုးစုတွေရဲ့ အမျိုးသား လက္ခဏာ အမှတ်အသားတွေကို ဖယ်ရှားတာတွေလည်း ရှိနေခဲ့တာကြောင့် သျှမ်းပြည် အနာဂတ်အတွက် အရေးကြီးတဲ့ အချိန်ကာလ တခုထဲ ရောက်ရှိနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar