မောင်တူး - NLD မင်းလှခံတပ် နီအောင်မေသု ၈၅ နှစ်မွေးနေ့
မောင်တူး - NLD မင်းလှခံတပ် နီအောင်မေသု ၈၅ နှစ်မွေးနေ့
မိုးမခ ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆
ဘဝထက်ဝက်၊ သူ့ထောင်သက်ပင်
တချက်မမဲ့၊ ပြုံးလျှက်နဲ့သာ
စစ်အာဏာရှင်၊ ထီမထင်ပြီ
NLD က အာဇာနည်။
မင်းလှခံတပ်၊ သေထိရပ်တည်
နီအောင်မေသု၊ မွေးဖွားမှုကား
ရှစ်ဆယ့်ငါးနှစ်ပြည့်တကား။ ။
စစ်တပ်ရဲ့ အကျဉ်းထောင်မှာ ကျဆုံးခဲ့ရသူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်းလှမြို့နယ် ဥက္ကဋ္ဌ နီအောင်မေသု @ ဦးအောင်မေသု (၂၅၊ ၀၁၊ ၁၉၄၁ - ၁၇၊ ၀၉၊ ၂၀၀၂) ဟာ ဒီနေ့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်မှာ သက်ရှိထင်ရှားမယ်ဆိုရင် ၈၅ နှစ်ပြည့်ပါပြီ။ NLD အဖွဲ့ဝင်တွေထဲမှာ သစ္စာဖောက်သွားကြသူတွေ၊ စစ်တပ်နဲ့ပေါင်းသွားကြသူတွေ၊ ကြောက်လို့ နောက်ဆုတ်သွားကြသူတွေ၊ နေသာသလို နေသွားကြသူတွေနဲ့ နေသာသလို နေနေကြသူတွေအကြားမှာ တာဝန်သိသိတိုက်ပွဲဝင်နေကြသူတွေလည်း အများအပြားပါပဲ။ အဲ့သည် အများအပြားကြားမှာမှ ခရမ်းဦးတင်မောင်ဝင်း တို့လို၊ စာရေးဆရာ မောင်သော်ကတို့လို ရဲရဲတောက် အသက်ပေးသွားကြသူတွေထဲမှာ မင်းလှခံတပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မော်ကွန်းတင်ထိုက်တဲ့ နီအောင်မေသုလည်း ထိပ်တန်းက ပါဝင်နေပါတယ်။ နီအောင်မေသုရဲ့ ၈၅ နှစ်ပြည့် ဇန်နဝါရီ ၂၅ ရက့်နေ့ကို ဂုဏ်ပြုကြပါစို့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အောင်ဆန်းသွေးနဲ့ သွန်းထုလုပ်
ကျွန်ုပ်တို့သည် ခွပ်ဒေါင်းများ။
(၁၉၉၀ NLD မဲဆွယ်သံချပ်စာသား)
နီအောင်မေသု ထောင်ကျနေချိန်က NLD ရုံးလုပ်ထားတဲ့ သူ့အိမ်မှာ စိုက်ထူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ စစ်တပ်ကခြိမ်းခြောက်ခဲ့တယ်။ ဒါကလည်း မြို့နယ် ရပ်ကွက် ကျေးရွာတိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စပါ။ အားလုံးလိုလို စစ်တပ်ခိုင်းတာ လုပ်ပေးခဲ့ကြရတာပါ။ အတော်နည်းတဲ့ အရေအတွက်လောက်ပဲ ဆိုင်းဘုတ်ဖြုတ်မခံရတာပါ။ ဒီအချိန်က သာယာဝတီထောင် ထောင်ဝင်စာလာတွေ့တဲ့ ဇနီးသည်ကို ဦးအောင်မေသုက-
“သူတို့အတင်းလာ ဖြုတ်ချရင်တော့ လက်ပိုက်ကြည့်နေ၊ မင်းတို့ သဘောတူညီချက်နဲ့ ဖြုတ်တယ်ဆိုရင် ငါ အိမ်ပြန်လာမှာ မဟုတ်ဘူး” လို့ မှာလိုက်တဲ့အတွက် သူ့အမျိုးသမီးကလည်း ကျွန်မအမျိုးသား သဘောမတူလို့ မလုပ်နိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ သူ့အိမ်ရှေ့ NLD ဆိုင်းဘုတ်ဟာ စောင်းရွဲ့ပြီး ဆေးတွေပဲ မှိန်သွားခဲ့တယ်။ နှစ်တွေသာကြာ ဖြုတ်ချတာမခံခဲ့ရဘူး။
မွေးနေ့တိုင်းဟာ သတိရစရာလား
တချို့သူတွေရဲ့ မွေးနေ့တွေကို ဘယ်သူမှ မသိကြဘူး။ အမှတ်မထားကြပါဘူး။ မွေးမလာသင့်တဲ့သူတွေလို့တောင်မှ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောနေကြပါရဲ့။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဖေဖော်ဝါရီ ၁၃ ကိုကျတော့ ဘယ်သူမှ မတိုက်တွန်းပါပဲ တနိုင်ငံလုံးနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ကျင်းပနေကြတာ နှစ်စဉ်ပါ။ ဒါတောင်မှ အောင်ဆန်း ဓာတ်ပုံ မချိတ်ရ၊ အောင်ဆန်းမွေးနေ့ ကျင်းပရင်ဖမ်း၊ အောင်ဆန်းဇာနည် ကဗျာကို ကျောင်းသုံးစာအုပ်ထဲကနေ ဖြုတ်ထုတ်တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ မွေးနေ့ကိုလည်း အားလုံးက ကျင်းပကြတယ်။ ပန်းပန်သူ ဖမ်းတဲ့နေ့ပေါ့။ အခုလည်း နီအောင်မေသု မွေးနေ့ပွဲ ကျင်းပလျှင်လည်း စောင့်ကြည့် ဖမ်းဆီးကြဦးမှာပါ။ ကျနော်တို့ မျိုးဆက်သစ်တွေကတော့ မြန်မာ့ဒီမိုကရေစီရေး ရဲရဲတောက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူတွေရဲ့ နေ့ရက်တွေကို သတိရတယ်။ သူတို့ရဲ့ မွေးနေ့ ကွယ်လွန်နေ့တွေရောက်တိုင်း အမှတ်တရ လုပ်ပေးကြရမှာပါ။ ဒါမှ သူတို့ရဲ့ ပြောင်မြောက်တဲ့ တော်လှန် ဂုဏ်ပုဒ်တွေကို လေးစားရာ ရောက်မှာပေါ့။ ဇန်နဝါရီ ၂၅ ရက်တိုင်းလည်း နီအောင်မေသု မွေးနေ့ကို အမှတ်တရ ရှိကြပါ။
ရဲဘော်နီအောင်မေသု…သို့
မြန်မာ့အကျဉ်းထောင်သမိုင်းမှာ
ကိုကိုးကျွန်းတိုက်ပွဲဟာ
လွတ်လပ်မှုအတွက်
ဂုဏ်ရောင်အပြောင်ဆုံး
မော်ကွန်းထိုးရမယ့်
အစာငတ်ခံတိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။
မြန်မာ့သမိုင်းမှာ
၈၈ အရေးတော်ပုံဟာ
လွပ်လပ်မှုအတွက်
မော်ကွန်းတင်တဲ့တိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။
မင်းဖြတ်သန်းသော ခရီးလမ်း
သမိုင်းက ပေးသောတာဝန်
မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ
မင်း…မင်းတာဝန်ကျေပါတယ်ကွာ။
နီရဲသော အောင်မေသု
ကောင်းရာသုဂတိ လားပါစေ။”
စံဦး (NLD ကျောက်တံခါး)
(ကိုအောင်မေသု ဈာပနတွင် ရေးဖွဲ့ခဲ့သော ကဗျာ)
နီအောင်မေသုကို ပဲခူးတိုင်း အုတ်ဖိုမြို့မှာ ၂၅၊ ၀၁၊ ၁၉၄၁ နေ့က မွေးဖွားခဲ့တယ်။ သူဟာ ၁၉၆၃ ခုနှစ် ခြောက်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲ၊ မင်းလှစစ်ကြောင်းကနေ မြို့တော်ခန်းမအထိ ခြေလျင်ခရီးရှည် ချီတက်ဆန္ဒပြပွဲအပြီးမှာ ပုဒ်မ ၅ အထိန်းသိမ်းခံဘဝနဲ့ ကိုကိုးကျွန်းကိုအပို့ခံခဲ့ရတယ်။ ကိုကိုးကျွန်းပေါ်က အစာငတ်ခံ ကျွန်းတိုက်ပွဲအနိုင်ရခဲ့ပြီးတဲ့နောက် အင်းစိန်ထောင်ကို ပြန်ပို့ခံခဲ့ရတယ်။ သူဟာ ဗမာပြည် ကွန်မြူနစ်ပါတီက ဖြစ်ပြီး သူ့မင်္ဂလာဆောင်မှာတောင် ကွန်မြူနစ်ပါတီက လူကြီးတွေလာရောက်ပြီး "ကျနော်တို့ရဲဘော် မလိမ္မာရင် ကျနော်တို့ဆီပြန်အပ်ပါ" လို့ ပြောခဲ့တယ်။
မဆလအာဏာရှင် ခေတ်တလျှောက် ပါတီယူနစ်တွေကိုလည်း သူက အာခံခဲ့တာမို့ သူ့ အသက်အန္တရာယ်ကိုတောင် ရန်ရှာခံခဲ့ရဘူးတယ်။ ၈၈၈၈ အရေးတော်ပုံမှာ မင်းလှမြို့ကနေ ရဲရဲတောက် ဦးဆောင်ပါဝင်ခဲ့ပြီး နဝတလက်ထက် မင်းလှ မဝတဥက္ကဌ ဗိုလ်မှူးတင်ဌေးရဲ့ စားကျက်မြေနဲ့ အိမ်ခြံမြေတွေကို သိမ်းပိုက်ဖယ်ရှား မြေကွက်ရိုက် ရောင်းစား၊ ကားလမ်းဖောက်တာကို ကန့်ကွက်ခဲ့တယ်။ ဦးအောင်မေသုက ဥပဒေကြောင်းအရ ခုခံ တိုက်ပွဲဝင်တာကြောင့် နဝတ ဗိုလ်မှူးတင်ဌေးရဲ့ လမ်းစီမံကိန်း ဖျက်သိမ်းပေးလိုက်ရတယ်။ သူ့ကို ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်က ဖမ်းဆီးခဲ့တယ်။ ပထမပိုင်းမှာ စစ်တပ်က သူ့ခြံမှာ ကျည်ဆံတွေလာထားတယ်။ ဦးအောင်မေသုက သိရှိပြီး ကျည်ဆံတွေကို အိမ်သာထဲ လွှင့်ပစ်ခဲ့တယ်။ စစ်တပ်က ဝိုင်းပြီးလာရှာတော့ ကျည်ဆံ မတွေ့ပေမယ့် ဖမ်းချင်လို့ကို ဖမ်းသွားခဲ့တယ်။ ၁၉၈၉ နိုဝင်ဘာ ၆ ရက် နေ့ သူ့ကိုထောင် အနှစ် (၂၀) ချတယ်။ သူတို့စွပ်စွဲတဲ့ ပုဒ်မတွေကို အထောက်အထားနဲ့ ပြန်ချေပတော့ ဗိုလ်မှူး (၅) ယောက်လုံး လိုက်ကာနောက်ထဲဝင်သွားတယ်။ ပြီးတော့ပြန်ထွက်လာပြီးအထက်အမိန့်အရဆိုပြီး ပုဒ်မ ၅ (ည) နဲ့ ထောင် (၁၀) နှစ်ချလိုက်တယ်။ ၁၀ နှစ်ပြည့်လည်း ပြန်မလွှတ်ပါ။ တနှစ်တခါ သက်တမ်းတိုးခဲ့ပြီး သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံပို့ပြီး ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၇ နံနက် ၄ နာရီ သူ့အသက် ၆၆ နှစ်က ကွယ်လွန်တယ်။
အပွင့်ကြွေတာ
ဓမ္မတာဆိုပေမယ့်
လေရိုင်းကြောင့်ဆိုရင်တော့
ပန်းအတွက်
ရာဇဝင်ရိုင်းလွန်းတယ်”
(ဆိုးဆိုး၏ နီအောင်မေသု ၁၀ နှစ်ပြည့် ဂုဏ်ပြုကဗျာမှ)
သူဟာ မူလတန်းကစပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကို ဝင်ရောက်ခဲ့တယ်။ ၁၉၆၀-၆၂ သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ) ညီလာခံကိုယ်စားလှယ် အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌလုပ်ခဲ့တယ်။ ၁၉၆၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု ၆ ခရိုင် ( ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ ဟံသာဝတီ၊ မအူပင်) ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး မင်းလှကနေ ရန်ကုန် ကန်တော်မင် ပန်းခြံကို ချီတက်ခဲ့တယ်။ အဲ့သည်နောက် မဆလနဲ့ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်တယ်။ တဆက်ထဲပဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က သူ ရန်ကုန်တက္ကသိုလ်မှာ အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်မှာ ကျတယ်။ ၁၉၆၈ ခုနှစ်ကျတော့ ကိုကိုးကျွန်းကို အပို့ခံခဲ့ရတယ်။ ကျွန်းစနစ် ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲအောင်မြင်တော့ ပြည်မပြန်ပို့ခံရတယ်။ ၁၉၇၂ ခု ဧပြီ ၁၂ က အင်းစိန်ထောင်ကနေ ပြန်လွတ်တယ်။ ၁၉၇၆ ခုနှစ် ဩဂုတ် ဒုတိယအကြိမ် အဖမ်းခံရတယ်။ ၁၉၈၄ ခု ဧပြီလ ၆ ရက် တတိယအကြိမ် ထပ်အဖမ်းခံခဲ့ရတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလ မင်းလှမြို့နယ် အထွေထွေ သပိတ်ကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ၁၉၈၈ အောက်တိုဘာလ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ပြီး မင်းလှမြို့နယ် စည်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၉၈၉ နိုဝင်ဘာ ၆ က အင်းစိန်ထောင်၊ အထူးစစ်ခုံရုံး အမှတ် ၅ က ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅ ည နဲ့ ထောင် ၁၀ နှစ် ချခဲ့တယ်။ ၁၉၉၁ နိုဝင်ဘာ ၁၈ အင်းစိန်က သာယာဝတီပြောင်းတယ်။ ၁၉၉၅ နိုဝင်ဘာ ၅ ရက်က ဦးအောင်မေသု ထောင်သက် ၁၀ နှစ် ပြည့်တာကို ပုဒ်မ ၁၀ (က) နဲ့ သာယာဝတီထောင်မှာ ဆက်ထားခဲ့တယ်။ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်။ သူ့ဘဝမှာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ၄ ကြိမ် အဖမ်းခံခဲ့ရပြီး ၂၅ နှစ် အကျဉ်းကျခဲ့တယ်။
“၂၅ နှစ်တဲ့
သက်တမ်းတခုလုံး
လူထုထံထိုးအပ်
ထမင်းနဲ့မေတ္တာ
ထမင်းပဲ အငတ်ခံတော့တာ…
ရာဇဝင်မှာ
သူရဲကောင်းပမာ
အခါခါ ကယ်သတဲ့
သူ-
ဗမာ့သမိုင်းမှာ
အခါခါ ကယ်ခဲ့ပြီ။”
(ကေလွန်း၏ နီအောင်မေသု ၁၀ နှစ်ပြည့် ဂုဏ်ပြုကဗျာမှ)
ဦးအောင်မေသုက ရေကြီးချိန် ဥပမာစကားကို (၁၉၉၀) ရွေးကောက်ပွဲကာလက ထောင်ထဲမှာ ပြောခဲ့ဘူးတယ်။ ဒီဥပမာက ဒီနေ့အထိ မှန်နေတယ်။ နွေဦးတော်လှန်ရေးအထိ မှန်နေတယ်။ သူ့က "ပဲခူးရေကြီးတာကို ဥပမာပေးတာ။ (NLD မှာ ပါတီဝင်တွေ သန်းချီပြီးရှိတယ်။ ဒါပေမယ့် စစ်မှန်တဲ့ အင်အားမဟုတ်သေးဘူး။ ရေကြီးတဲ့အချိန် မြင့်တဲ့အိမ် အမိုးပေါ်ကို လူတွေ၊ ကြက်တွေ ၊ခွေးတွေ၊ တိရိစ္ဆာန်တွေ စုပြုံတက်ကြတယ်။ ရေလဲကျရော အားလုံး သူ့နေရာကို သူပြန်သွားကြတယ်။ အခုက ရေကြီးချိန်လေ) ဆိုတဲ့ ဥပမာ။ အရမ်းမှန်ပါတယ်။ (၉၀) ရွေးကောက်ပွဲနောက်ပိုင်း အဖမ်းအဆီး ကြမ်းလာတဲ့ အချိန်မှာ အားလုံး ပျောက်ကုန်ကြတယ်။ အမာခံတွေက လက်ချိုးရေလို့ရတယ်ဆိုပြီး ဦးအောင်မေသုက ပြောခဲ့ကြောင်း သူ့ရဲ့သား ကိုလွှမ်းမိုးအောင်က ရေးသားထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ
စစ်ကြောရေးမှာ ဦးအောင်မေသုကို စစ်ထောက်လှမ်းရေးက
၁။ နိုင်ငံရေး မလုပ်တော့ပါဘူး။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတော့ပါဘူး။
၃။ စစ်တပ်ကို ဆန့်ကျင်ခဲ့မိတာ မှားပါတယ်။
စတဲ့ ၃ ချက်ကို လက်မှတ်ထိုးပေးဖို့ ဖိအားပေး လုပ်ခိုင်းခဲ့တယ်။ သူကတော့-
“ကျုပ်တသက်လုံး နိုင်ငံရေးလုပ်မယ်။ ထောင်ကလွတ်သွားလည်းလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလို့ မလွှတ်ဘူးဆိုရင် တသက်လုံး ထောင်ထဲမှာထား။ နေမယ်။ မှတ်ထား ရန်သူက ဆန့်ကျင်တာမှန်သမျှ ကျနော်တို့ ထောက်ခံရမယ်။ ရန်သူက ထောက်ခံတာမှန်သမျှ ကျနော်တို့ ဆန့်ကျင်ရမယ်။ ’’ လို့ ပြောခဲ့တာပါ။ အခုနွေဦးတော်လှန်ရေးမှာလဲ ကျနော်တို့တတွေ ရန်သူထောက်ခံတာ မှန်သမျှ ဆန့်ကျင်ကြပါ။
နိုင်ချင်ရင် မညံ့ကြပါနဲ့
ဦးအောင်မေသုက ထောင်တွင်း ထောင်ပြင်မှာ မကြာခဏ ပြောဖူးတဲ့စကားက မညံ့ကြဖို့ပါပဲ။ သူပြောခဲ့တာက
“ ဒီမှာ ကျနော်ပြောမယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့ လုပ်ရတာပဲ။ တနည်းပြောရင် အာဏာလိုချင်လို့ဗျာ။ အာဏာလိုချင်တယ် ဆိုတာကလည်း ပဒေသရာဇ်တွေ စကားနဲ့ ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ။ တခုပဲရှိတယ်။ ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူး။ ညံ့တဲ့ကောင်လဲ ဘယ်တော့မှ ရှင်ဘုရင်မဖြစ်ဘူး။’’
ဒီနေ့ နွေဦးတော်လှန်ရေးမှာ ခပ်ညံ့ညံ့ ခပ်ပေါ့ပေါ့တွေ တွေ့နေကြရပါတယ်။ သူတို့ကပဲ တော်လှန်ရေး ဘယ်တော့အောင်မလဲ မေးတတ်ကြပါတယ်။ ဦးအောင်မေသုရဲ့ စကားနဲ့ပဲ နိုင်ချင်ရင် မညံ့ကြပါနဲ့လို့သာ ပြောလိုက်ချင်ပါတယ်။
နီအောင်မေသုရဲ့ ဆုံးမစကား
ဦးအောင်မေသုရဲ့သား ကိုလွှမ်းမိုးအောင်က သူ့ဖခင်ရဲ့ ဆုံးမစကားကို သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးသားထားခဲ့ပါတယ်။
"အဖေ့ဆီက အမွေရလိုက်တာကတော့ ဦးအောင်မေသုရဲ့သားဆိုတဲ့ဂုဏ်နဲ့ ဆုံးမစကားဖြစ်တဲ့ ဥပဒေနဲ့ မလွတ် ကင်းတာ ဆိုရင် ဘာမှမလုပ်နဲ့ ။ အမှန်တရားအတွက်ဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရဲရဲရပ်တည် ရဲရဲရင်ဆိုင်ဖို့။ ဘယ်အလုပ်ပဲလုပ်လုပ် ရိုးရိုးသားသားလုပ် ဖျာမခင်းနဲ့ဆိုတာနဲ့ ဘယ်အလုပ်မဆို မလုပ်ခင် စဉ်းစားပြီးမှ ဆုံးဖြတ်။ ဆုံးဖြတ်ပြီးရင်အောင်မြင်အောင် ဆက်လုပ်။ ဘာအကြောင်းနဲ့မှ နောက်မဆုတ်နဲ့ ဆိုတာက ကျွန်တော့်ဘဝ ရပ်တည်မှုအတွက် လုံလောက်တယ်။
နီအောင်မေသု ၈၅ နှစ်ပြည့် မွေးနေ့
တချို့သူတွေရဲ့ မွေးနေ့တွေကို ပြည်သူလူထုတွေ မသိကြပါ။ ပမာမထားကြပါ။ ဂရုမထားကြပါဘူး။ အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ တွေမှာတော့ သဲသဲလှုပ် ကျင်းပကြပါတယ်။ အလားတူ ဦးအောင်မေသုရဲ့ မွေးနေ့ ဇန်နဝါရီ ၂၅ ဟာလည်း မမေ့သင့်တဲ့ တနေ့ပါပဲ။ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့သား ဗမာပြည် ကွန်မြူနစ်ပါတီက ဆရာကြီး ဖိုးသံချောင်းကတော့ သူ့အကြောင်းရေးမယ်ဆိုရင် "နီအောင်မေသုရဲ့ တိုက်ဖော်တိုက်ဖက်ဖြစ်ဖူးသူ” လို့ ထည့်ရေးပေးဖို့အထိ တောင်းဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးအောင်မေသုရဲ့ ဈာပနကို တက်ရောက်ပြီး NLD ရဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ပါတယ်။
ကဗျာဆရာ ဇွန်မှိုင်းကလည်း နီအောင်မေသုဟာ ဖြတ်သန်းသောခရီး သမိုင်းကပေးသော တာဝန် ထမ်းဆောင်နိုင်ခဲ့ပြီး နီရဲသော အောင်မေသု တာဝန် ကျေပါတယ်လို့ ဆိုခဲ့တာပါ။
ဦးအောင်မေသုရဲ့သား ကိုလွှမ်းမိုးအောင်ကတော့ "ကျွန်တော့်အဖေက အသက်နဲ့ရင်းပြီး သူ့ရဲ့ယုံကြည်ချက်ကိုစွဲကိုင်သွားတယ်။ အာဏာရှင်ကို ဒူးမထောက်ခဲ့ဘူး။ ပြီးတော့ မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်ထမ်းဖို့ သူ့ရဲ့ မျိုးဆက်ကို ထားခဲ့တယ်။ အဖေ့အတွက် ဂုဏ်ယူတယ်လို့ ဆိုခဲ့ပါတယ်။
၈၅ နှစ်ပြည့် သူ့ကို မွေးဖွားခဲ့တဲ့နေ့မှာ သူ့ကို ဂုဏ်ပြု အလေးပြုလိုက်ပါတယ်။ နီအောင်မေသု လျှောက်ခဲ့တဲ့လမ်းကို ဆက်လျှောက်ကြပါစို့။ ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar