အာဏာသိမ်းစစ်တပ်ရဲ့ ရာထူးနေရာ ချထားမှုတွေ စတင်လုပ်ဆောင်
မြန်မာနွေဦးခရိုနီကယ် - မတ် ၄ မြင်ကွင်း
(မိုးမခ) မတ် ၅ ၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့ ရာထူးနေရာ ချထားမှုတွေ စတင်လုပ်ဆောင်
နောက်လာမယ့် သီတင်းတပတ်ကျော်အကြာ ခေါ်ယူမယ့် လွှတ်တော် မစတင်ခင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်မှာ ရာထူးအပြောင်းအလဲလုပ်ပြီး လွှတ်တော်အပြီး ဖွဲ့စည်းမယ့် အစိုးရအဖွဲ့နဲ့ စစ်တပ်မှာ ယုံကြည်စိတ်ချရသူတွေကို အဓိကရာထူးနေရာမှာ ထားဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
အရပ်အခေါ် စစ်ထောက်လှမ်းရေးဌာနရဲ့ အရာရှိချုပ်တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး ဒီရာထူးကို တာဝန်ယူခဲ့တဲ့ ဒု-တပ်ချုပ် စိုးဝင်းက ၄င်းရဲ့ ရာထူးတာဝန် ၂ ခုအနက်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ကို ရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်တာ တွေ့ရပါတယ်။ ဒု-တပ်ချုပ် စိုးဝင်းအနေနဲ့ စစ်တပ်မှာ ဆက်လက်တာဝန်ယူမှာလား သို့မဟုတ် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ အကြီးအကဲ အဖြစ်တာဝန်ယူမှာလား ဆိုတာတော့ လောလောဆယ် မသိနိုင်သေးပေမယ့် တပ်ကနေ အတိုင်ပင်ခံကောင်စီကို ပြောင်းဖို့ အလားအလာများတယ်လို့ အများက မှန်းဆနေကြတာဖြစ်ပါတယ်။
မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း စစ်တပ်က လိုချင်တဲ့ ရလဒ်မျိုးပေါ်ထွက်အောင် စီမံကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့ လက်ရှိစစ်တပ်မှာ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်တွေ ရာထူးနေရာ ခွဲဝေတဲ့ အစည်းအဝေးတွေ ကျင်းပခဲ့ကြောင်း ဘီဘီစီ မြန်မာပိုင်းက ဖေါ်ပြခဲ့ပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ လွှတ်တော်စတင်မယ်လို့ ကြေညာထားပြီး ဧပြီလဆန်းပိုင်းမှာ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့စည်းကြောင်း ကြေညာမယ်လို့ ယူဆရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ၊ အဲဒီနောက် ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အိမ်စောင့်အစိုးရ အမည်နဲ့ ထပ်မံဖွဲ့စည်းပြီး အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်ရာထူးပါ ဖန်တီးပြီး အဲရာထူးကို ရယူခဲ့တာပါ။ အဲဒီနောက် ၂၀၂၄ ခုနှစ်နှစ်လယ်မှာတော့ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းတဲ့အခါ ယာယီသမ္မတ ရာထူးကိုပါ ရယူခဲ့တာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။
မင်းအောင်လှိုင် အနေနဲ့ ယာယီသမ္မတ ရာထူးတော့ ရယူဖူးပြီး ဖြစ်ပေမယ့် သမ္မတရာထူးကို ရယူချင်သေးတာ အသေအချာပါ။ ဒါကြောင့် အခုလာမယ့် အစိုးရအဖွဲ့မှာ ကြံ့ခိုင်ရေး အများစု ဖြစ်တဲ့ လွှတ်တော်က မဲပေးခန့်အပ်တဲ့ သမ္မတ ဆိုတဲ့နာမည်နဲ့ ဂုဏ်ကို ရယူလိမ့်မယ်လို့ ယူဆရပါတယ်။
တပ်ချုပ် ရာထူးမှာ ၁၅ နှစ်ကျော် တာဝန်ယူဖူးပြီးသား စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ သမ္မတရာထူးဟာ အဖြစ်ချင်ဆုံး အိပ်မက်ရာထူးတခု ဖြစ်ပါလိမ့်မယ်။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ NLD အနိုင်ရပြီးနောက် နောက်သက်တမ်းတခုမှာ သမ္မတဖြစ်ဖို့ စိတ်ကူးအိပ်မက် မက်ခဲ့ကောင်း မက်ခဲ့ပါလိမ့်မယ်။ သို့ပေမယ့် ၂၀၂၀ ခုနှစ် နောက်တကြိမ် ရွေးကောက်ပွဲမှာလည်း NLD အပြတ်သတ် အနိုင်ရခဲ့ခြင်းက အာဏာသိမ်းမှုကို ဖြစ်ပွားစေတဲ့ အဓိက စေ့ဆော်မှု အကြောင်းတရပ် ဖြစ်ပါလိမ့်မယ်။ ၄င်းအနေနဲ့ တပ်ချုပ်ရာထူးနဲ့ အနားယူရမယ့် အဖြစ်မျိုးကို ဘယ်လိုမှ လက်မခံနိုင်၊ မကျေနပ်နိုင်တဲ့ အနေအထားလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။
နေပြည်တော်မှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲပေးပြီးထွက်လာချိန် သတင်းမီဒီယာ သမားတယောက်က သမ္မတလုပ်ဖို့ ရည်ရွယ်သလားဆိုတဲ့ မေးခွန်းမေးခံရစဥ် မျက်နှာပေါ် က အမူအရာ၊ ခံစားမှုက သူ့ရဲ့ အတွင်းစိတ်၊ အိပ်မက်၊ လိုချင်တပ်မက်မှုကို မဖုံးကွယ်နိုင်ပါဘူး။
ဒီအခြေအနေတွေကို ကြည့်ရင် လာမယ့် အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးရာထူး ဖြစ်တဲ့ သမ္မတ ရာထူးကို ရယူပြီး စစ်တပ်မှာ ကာလအတိုင်းအတာ တခုထိ သူ့ကို သစ္စာခံမယ့် လူကို တပ်ချုပ်နဲ့ အခြားအရေးပါတဲ့ ရာထူးတွေမှာ နေရာချခဲ့မှသာ ၂၀၁၀ ခုနှစ်နောက်ပိုင်း နဝတ/နအဖ ကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့ ကံကြမ္မာမျိုးကို ရှောင်လွှဲနိုင်မယ်လို့ ယူဆထားမှာ အသေအချာဖြစ်ပါတယ်။
၂၀၀၉/၂၀၁၀ ခုနှစ်တွေမှာ တပ်ချုပ်နဲ့ နအဖ ဥက္ကဋ္ဌ အဖြစ်ကနေ တပြိုင်တည်းအနားယူကာ ၄င်းနဲ့အတူ ဒု-တပ်ချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်မောင်အေးကိုပါ တပါတည်း အနားယူစေခဲ့ပေမယ့် နောက်တက်လာတဲ့ တပ်ချုပ် ဖြစ်သူ မင်းအောင်လှိုင်ဟာ သန်းရွှေအပေါ် သစ္စာခံတာ အကြံဉာဏ်တွေကို နားထောင်တာမရှိတော့ပါဘူး။
စစ်အာဏာရှင် သန်းရွှေဟာ စစ်တပ်နဲ့ နိုင်ငံရေးရာထူးတွေကနေ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အာဏာလုပွဲတွေနဲ့ ထွက်ရမယ့် အဖြစ်မျိုးကို မကြုံချင်တာကြောင့် ၂၀၁၀ မှာ အနားယူသွားခဲ့ပေမယ့် သစ္ခာခံမှုသက်တမ်းက သူ မျှော်လင့်ထားသလောက် မရရှိခဲ့ပါဘူး။ ဒီအချက်က မင်းအောင်လှိုင်အဖို့ သင်ခန်းစာယူစရာ အချက်တချက် ဖြစ်မှာ သေချာပါတယ်။ သို့ပေမဲ့ အာဏာရဲ့ နိယာမ သဘော နဲ့ ဘယ်အာဏာရှင်မဆို သက်တမ်းအချိန်ကာလ အကန့်အသတ်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့ မရတာ၊ တားဆီးလို့ မရတာ အသေအချာပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar