Breaking News

ကိုသန်းလွင် - အရာတိုလာ အလီ ခါမေနီ (၁၉၃၆ - ၂၀၂၆)



ကိုသန်းလွင် - အရာတိုလာ အလီ ခါမေနီ (၁၉၃၆ - ၂၀၂၆)
(မိုးမခ) မတ် ၁၀၊ ၂၀၂၆


(၁)

အရာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သည် အနှစ် ၃၀ ကျော်ကြာအောင် အီရန်နိုင်ငံ ကိုအုပ်ချုပ်ခဲ့ပြီးဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်အောင် ပြောင်းလဲပစ်ခဲ့သည်။ အတိုက်အခံများကို ရက်ရက်စက် နှိမ်နှင်းကာ အမေရိကန်နိုင်ငံကို အမုန်းဆုံးနိုင်ငံအဖြစ်သဘောထားရှိသော ခေါင်းဆောင်ကြီးသည် စနေနေ့က (၂၈-၂- ၂၆) အမေရိကန်နှင့် အစ္စရေးတို့၏ အတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါသည်။ သူသည် အသက် ၈၆ နှစ် ရှိပါပြီ။

သမ္မတထရမ့်က သူ၏ Truth Social စာမျက်နှာတွင် “ ခါမေနီသည် သမိုင်းတွင် ဆိုးရွားသောလူတစ် ယောက်အဖြစ် သေဆုံးသွားခဲ့ပါပြီ။ “ ဟု ကြေငြာခဲ့ပြီး အီရန်သတင်းဌာနက သူသေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ထရမ့် ကအီရန်ပြည်သူများကို အစိုးရ၏တာဝန်များကိုယူပါဟုဆိုသည်။

(၂)

စနေနေ့စောစောပိုင်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့မှ စစ်တပ်များက အီရန်နိုင်ငံတဝှမ်း ကိုပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ မစ္စတာထရမ့်မှာ စစ်အင်အားကို ရက်သတ္တပတ် အတန်ကြာ ပြည့်တင်းခဲ့ပြီး အီရန် နိုင်ငံ သည် သူတို့တောင်းဆိုသည်ကို မလိုက်နာပါကတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အီရန်သည် သူ၏ နျူက လီယာလက်နက်ပိုင်ဆိုင်သောနိုင်ငံအဖြစ် ကြိုးစားနေခြင်းကို ရပ်ဆိုင်းပြီး သူ၏ ဘော်လစ်စတစ် မစ်ဆိုင်း ထုတ် လုပ်သည့် အစီအစဉ်များကိုလည်း ရပ်ဆိုင်းပစ်ရမည်ဟုတောင်းဆိုခဲ့သည်။

အီရန်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဘာသာရေးခေါင်းဆောင်အဖြစ် အစ္စလာန်နိုင်ငံတော်၏ အနောက် ဆန့်ကျင်ရေးဝါဒကိုလက်ကိုင်ထားပြီးအစ္စလာန်တော်လှန်ရေးကိုပထမခေါင်းဆောင် ခိုမေနီ(Ayatollah Ruholla Komeni) ထက်သာလွန်အောင်အကောင်အထည်ဖော်ခဲ့ပါသည်။ ခိုမေနီသည်သူအုပ်ချုပ်သည့်ဆယ်နှစ်အတွင်း အီရတ်နိုင်ငံနှင့်စစ်ဖြစ်ခဲ့ရသည်။

အီရန်နိုင်ငံကို တင်းကြပ်စွာအုပ်ချုပ်ပြီး နိုင်ငံကို ပျော့ပြောင်းသောပေါ်လစီများနှင့် အုပ်ချုပ်ရန်ခွင့်မပြုခဲ့ ပါ။ ထိုသို့ပြုပြင်ရေးကို တောင်းဆိုလာပါက အနောက်နိုင်ငံများကမြှောက်ပေးသည်ဟုဆိုပြီး နှိပ်ကွပ်ခဲ့သည်။ တဖြည်းဖြည်းကြီးမားလာသည့်စစ်တပ်ကို (Islamic Revolutionary Guards Corps) ဟုခေါ်သည်။

အီရန်၏ပြည်ပနိုင်ငံများတွင်လည်းသစ္စာစောင့်သိသူများကိုလက်နက်တပ်ဆင်ပေးထားပြီး ဂါဇာ၊ အီရတ် လက်ဘနွမ်၊ ယီမင်နိုင်ငံတို့တွင်အသင့် ရှိနေကြပါသည်။ အစ္စရေးနိုင်ငံကို အမြဲခြိမ်းခြောက်နေပြီး ဒေသတွင်းပြိုင် ဘက်အဖြစ် ဆော်ဒီအာရေးဗီးယားနိုင်ငံကို ရန်လိုသည့်သဘောရှိနေခဲ့သည်။

သူ၏ ကမ္ဘာ့အမြင်မှာ အမေရိကန်မုန်းတီးရေး ဖြစ်ပြီး စနေနိုင်ငံ (The Great Satan) ဟုခေါ်ခဲ့သည်။ အစ္စရေးနိုင်ငံကိုမူ ကင်ဆာဖြစ်နေပြီး ၄င်းကို ဖယ်ရှားပစ်ရမည်ဟုဆိုခဲ့သည်။ သို့သော် အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့နှင့် စစ်ဖြစ်ရန်ကိုမူမလိုလားခဲ့ပါ။

ဤကဲ့သို့ အမေရိကန်နိုင်ငံကို မုန်းတီးမှုကြောင့်ပင် ရုရှားက ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံကို ကျူး ကျော်တိုက်ခိုက်ခဲ့ရာတွင် ရုရှားနိုင်ငံသို့ အသေခံဒရုန်း များကို ပို့ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ဟာမတ် စစ်သွေး ကြွများက အစ္စရေးမြူးဇစ်ပွဲတော်ကို ဝင်ရောက်တိုက်ခိုက်ခြင်းကိုလည်း အားပေးခဲ့သည်။ ဂါဇာ နှင့် လက်ဘနွမ် တို့တွင် ဆက်တိုက် တိုက်ပွဲများဖြစ်နေခဲ့သည့်အတွင်း ဟာမတ်တို့ကို အားပေးထောက်ခံခဲ့သည်။

အီရန်၏နျူကလီယာပရိုဂရမ်မှာအမေရိကန်မုန်းတီးရေးဝါဒစကားများကြောင့် စေ့စပ်ရန်ခက်ခဲခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာစီးပွားရေးပိတ်ဆို့မှုကို ခံခဲ့ရပြီးနိုင်ငံမှာလည်း ဝိ်ုင်းပယ်ခံ (Pariah)နိုင်ငံဖြစ်ခဲ့ရသည်။ အစ္စရေး က ဂျွန်လ ၂၀၂၅ တွင် တိုက်ခိုက်ခဲ့ပြီး ထိုစစ်ပွဲတွင် စစ်ဖက်ခေါင်းဆောင်များ၊ နျူကလီးယား သိပ္ပံပညာရှင်များ ဆုံးရှုံးခဲ့ရသည်။ ထိုနောက် ၈ လအကြာ တွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့ ပူးပေါင်းတိုက်ခိုက်ကြပြန်သည်။

ခါမေနီက အီရန်၏ နျူကလီးယားပရိုဂရမ်မှာ အီရန်နိုင်ငံ၏အုပ်ချုပ်ရေးဆိုင်ရာ ရပိုင်ခွင့်တစ်ခုဖြစ်ပြီး မစ် ဆိုင်းထုတ်လုပ်ခြင်း၊ ဒေသတွင်း ဒီပလိုမေစီရေးရာများကို လုပ်ပိုင်ခွင့်ရှိသည်ဟု သဘောထား ခဲ့သည်။ သူသည် ဂျာနယ်လစ်များ၊ အတိုက်အခံများကိုဖမ်းဆီး၍ထောင်သွင်းအကျဉ်းချထားသည်။ မိန်းကလေးများကိုလည်းသူတို့ ၏ကိုယ်ပိုင်အခွင့်အရေးများကို လျစ်လျူရှု၍ဖိနှိပ်ထားသည်။ နိုင်ငံသားအများစုကသူ့ကိုအကျင့်ပျက်သည့် အာဏာရှင် အဖြစ်သဘောထားကြသည်။

လွန်ခဲ့သည့် ၁၀နှစ်အတွင်း နိုင်ငံတွင်း၌မကျေမနပ်ဆန္ဒပြမှုများစွာဖြစ်ပွားခဲ့သည်။ အရာတိုလာသည်ပိုမို ၍ကြမ်းကြုတ်ရက်စက်သည့် နည်းလမ်းများ ဖြင့်ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန္နဝါရီလကစစ်တပ် က ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည့် လူအုပ်ထဲသို့သေနတ်ဖြင့်ပစ်ခတ် ရှင်းလင်းခဲ့သည်။

၂၀၂၂ ခုနှစ်တွင်းခေါင်းစည်းမစည်းသည်ကို အကြောင်းပြု၍ မာရှာ အမာနီ (Masha Amani) မှာအဖမ်း အဖမ်းခံခဲ့ရသည်။ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းထားမှုအတွင်းတွင် သေဆုံးသွားခဲ့သည်။ ၄င်းကို အကြောင်းပြု၍ ဆန္ဒပြ ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ မိန်းကလေးများက တီဟီရန်မြို့ လမ်းမများပေါ်တွင် “ မိန်းမ၊ အသက် နှင့် လွတ်လပ်မှု “ ဟု ကြွေးကြော်၍ လမ်းလျောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုများသည် တစတစကြီးထွားလာပြီး ခေါင်းဆောင်ကြီးပြုတ်ကျရေးအထိဖြစ်လာခဲ့သည်။ စစ်တပ် ကဆန္ဒပြမှုကို ဖြိုခွဲရာတွင်လူပေါင်းများစွာသေဆုံးကြရသည်။ ထောင်ပေါင်းများစွာအဖမ်းခံခဲ့ရသည်။ ဒါဇင်ပေါင်း များစွာ သေဒဏ်ပေးခံရသည်။ ဆန္ဒပြမှုများမှာ လပေါင်းများစွာကြာပြီး အရှိန်သေကာပြီးဆုံးခဲ့သည်။

၂၀၁၅ ခုနှစ်က အနောက်နိုင်ငံများကို မယုံကြည်သည့်ကြားမှပင် နျူကလီးယားသဘောတူညီမှု ရရှိခဲ့ သည်။ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန် အီရန်နိုင်ငံသည် ယူရေနီယမ် သန့်စင်သည့် အလုပ်ကို စွန့်လွှတ်ခဲ့သည်။ သူ၏ယုံကြည်ချက်မှာ မှန်ကန်ခဲ့ပြီး ၃ နှစ်ကြာသောအခါ အမေရိကန်တို့ဘက်မှ ဤသဘောတူညီမှုကို ဖျက်သိမ်းခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် သူ့လူများကို အမေရိကန်တို့နှင့် ဆက်လက်ဆွေးနွေး စေပြီး ယူရေနီယမ်သန့်စင်ရေး လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခဲ့သည်။ ဇွန်လတွင် အစ္စရေးတို့ တိုက်ခိုက် လာသောအခါ ဆွေးနွေးပွဲများရပ်တန့်သွားပြီး နျူကလီးယားလုပ်ငန်းကို လုပ်ကိုင်နေသူများ သေဆုံးကြရသည်။

(၃)

သူကွယ်လွန်ချိန်တွင်အီရန်ခေါင်းဆောင်များထဲတွင်အရှည်ကြာဆုံး ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ဂျော့ အိပ် ဒဗလျူ ဘုရှ် မှစ၍အမေရိကန်သမ္မတ ၆ ယောက်ကြာအောင်သက်တမ်းရှည်ခဲ့သည်။ ခိုမေနီမှာ အစ္စ လန် တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ခါမေနီမှာ အစ္စလန်နိုင်ငံတော်ကို ထူထောင်င်ခဲ့သူဟု ဆိုနိုင်ပါသည်။

၁၉၇၉ ခုနှစ်တွင် အီရန်နိုင်ငံသမ္မတ မိုဟာမက်အလီ ရာဂျိုင်း (Mohamad Ali Rajai) လုပ်ကြံ သတ်ဖြတ်ခံရသောအခါ သူသည် အီရန်နိုင်ငံသမ္မတဖြစ်လာခဲ့ပါသည်။ သမ္မတအဖြစ်နှစ်ကြိမ်ဆောင်ရွက်ပြီး ဘာ သာရေးခေါင်းဆောင်ဖြစ်လာရန် ခါမေနီမှာ အရည်အချင်းမပြည့်စုံပါ။ အီရန်နိုင်ငံ၏ဖွဲ့စည်းပုံကိုပြင်ဆင်ခဲ့ရသည်။ ခိုမေနီ၏သားက ခိုမေနီ မကွယ်လွန်မှီကပြောခဲ့သော “သူ့ အရိုက်အရာ ဆက်ခံသူမှာ ခါမေနီ ဖြစ်သင့်သည်” ဆို၍ သူ ဘာသာရေးခေါင်းဆောင်ဖြစ်လာခဲ့ပါသည်။

ခါမေနီ (Sayyid Ali Husseini Khemenei) သည် သားသမီးရှစ်ယောက်အနက်မှ ဒုတိယသား ဖြစ်သည်။ ဧပြီလ ၁၉ ရက် ၁၉၃၉ တွင် မွေးဖွားသည်။ အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒုတိယမြို့တော် မာရှတ် (Mashhad) မြို့တွင် မွေးဖွားခဲ့သည်။ ဘာသာရေးမိသားစုမှ ဖွားမြင်ပြီး ဖခင်မှာ (Sayyid Jawal Khemenei) ဖြစ်သည်။

အသက် ၉ နှစ်အရွယ်မှစ၍ဘာသာရေးပညာရပ်များကို သင်ကြားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် တွင် ဘာသာရေးစစ်သွေးကြွခေါင်းဆောင် ဆာဖါဘီ ( Navav Safavi) ၏ မိန့်ခွန်းကို နားထောင်မိရာမှ နိုင်ငံရေး ကို စိတ်ဝင်စားခဲ့သည်။ အီရတ်နိုင်ငံတွင် တစ်နှစ်တာပညာသင်ပြီးအသက် ၁၉ နှစ်ရွယ်မှစ၍ ခိုမေနီ နှင့်အဆက် အသွယ်ရကာ နိုင်ငံရေး လုပ်ငန်းများလုပ်ကိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရှားဘုရင်ကအီရန်နိုင်ငံကို ခေတ်မှီနိုင်ငံ အဖြစ်သို့ပြောင်းရန် ကြိုးပမ်းနေစဉ်မှာ ခါမေနီသည် ခိုမေနီနှင့် မာရှတ်မြို့ခေါင်းဆောင်များအကြား ဆက်သွယ် ပေးသူဖြစ်လာသည်။ ၆ ကြိမ်အဖမ်း ခံရသည်။

နောက်နှစ်တွင ်ကွန်ဂျပ်စတေ (Khojasteh Bagherzadeh) နှင့် အိမ်ထောင်ကျပြီး ယောကျာ်း လေး ၄ ယောက် နှင့် မိန်းကလေး ၂ ယောက်မွေးဖွားခဲ့ပါသည်။ မတ်လ ၂ ရက်နေ့ ဘီဘီစီသတင်းတစ်ပုဒ်အရ သူ့ဇနီးမှာလည်း ရသည့်ဒဏ်ရာများနှင့် သေဆုံးသွားပြီဟု ဆိုသည်။

သူ၏မျက်မှန်၊ ပါလက်စတိုင်းခေါင်းပေါင်း၊ ဝတ်ရုံရှည် နှင့်အဖြူရောင်မုတ်ဆိပ်တို့မှာသူ၏မမှားနိုင်သော ဘာသာရေးခေါင်းဆောင်၏ရုပ်ပုံလွှာများဖြစ်လာသည်။ သူ၏ရာထူးလက်ခံစဉ်ကပြောခဲ့သည်မှာသူသည် ရိုးသား နှိမ့်ချသော လူတစ်ယောက်ဖြစ်ပါသည်။ သူ့မှာ အပြစ်နှင့်ချို့ယွင်းချက်များ ရှိပါသည်။ စတင်းဖိုဒ် တက္ကသိုလ်မှ သမိုင်းပညာရှင် မီလာနီ (Abbas Milani) က “သူသည်မာနကြီးသည်။ စာပေတတ်ပြီး ခေါင်းမာသည်။ ရန်သူကို ကြေအေးနိုင်စွမ်းမရှိ၊ အမှားကို လက်သင့်မခံ၊ အလျော့ပေးလိုသော ညှိနှိုင်းလိုသော သဘောမရှိ၊ ကောဠဟာဠ များကို ယုံကြည်လေ့ရှိသူမဟုတ်” ဟု ဆိုသည်။ သူသည် အမြဲတစေ ဟုတ်တာရော မဟုတ်တာတွေရောနှင့် စစ်ဖြစ်နေတတ်သူဟုဆိုသည်။ သူ့ကြောင့် အီရန်နိုင်ငံမှာ အထီးကျန်ဖြစ်ပြီး နိုင်ငံဆိုးတစ်ခုဖြစ်နေရတာ ဟု ကောက်ချက်ချသည်။ သူ၏ကြွေးကျော်သံမှာအမေရိကန် သေရမည်။ အစ္စရေး သေရမည်၊ အသံမှာ မခံချင်စိတ် တွေဖြစ်နေသော အသံ ဖြစ်သည်၊ အီရန်နိုင်ငံ အသက်ရာကျော်ရှည်ပါစေဆိုသောစကားမျိုးမပါ၊ ၃၅ နှစ်ကျော်မျှ အုပ်ချုပ်ပြီးနောက် အီရန်နိုင်ငံ၏ ပုံရိပ် သည် သူ့ပုံရိပ်ဘဲဖြစ်နေရပါသည်။

ကိုသန်းလွင်

Ref: Cleric who held his country in a decades long Grip, By Alan Cowell, NY Times, March 2 2026





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar