Breaking News

ရှင်ရဲထွဋ် - သရုပ်ဆောင်


Image- Credit
သရုပ်ဆောင်
ရှင်ရဲထွဋ်
(မိုးမခ) မတ် ၁၄၊ ၂၀၂၆

တဘဝလုံးစစ်ဖြစ်နေတာပဲမဟုတ်လားလို့
မေးတော့
ရှင့်အကြံပြုချက်ကိုသူလက်ခံစဉ်းစားပါ့မလားလို့ကောင်မကပြန်ပြောတယ်၊
ကောင်းလိုက်တဲ့ဆင်ခြေဆင်လက်ပဲလို့ငါပြောရင်း
မြှုံးကိုဖော်လိုက်တော့ငါးတွေဟာဒေါသတကြီးနဲ့ထခုန်ကြတယ်၊
ကောင်မကငါးတွေကြည့်ရင်းထပ်ပြောတယ်၊
အဲဒီအတွက်ရှင့်မှာတာဝန်ရှိတယ်လို့စိတ်ထဲမထားပါနဲ့ တဲ့၊

ပွင့်ပွင့်လင်းလင်းပြောရရင်စစ်ကားထဲကသရုပ်ဆောင်တွေမှာစစ်သားရုပ်ပေါက်တဲ့ကောင်တကောင်မှမရှိဘူး၊
အပြင်ကနာမည်တွေအစားရုပ်ရှင်ထဲကဇာတ်ကောင်နာမည်တွေအတိုင်းသူတို့ကိုခေါ်စေချင်
သေးတာ၊
အဲဒီလိုနဲ့ငါတို့ဟာသူတို့နာမည်အရင်းတွေတောင်မေ့ကုန်ကြပြီလို့ငါပြန်ပြောတော့

ကောင်မက
စစ်ဆန့်ကျင်ရေးတရားဟောနေတဲ့
ဖောရက်စ်ဂန့်လည်းဖွန်ကြောင်တာပါပဲ၊
ရှင်ကချောတော့ချောပါရဲ့ဒါပေမယ့်ကျမကြိုက်တဲ့ပုံစံမဟုတ်ဘူး၊ဒါကလည်းရှင့်အပြစ်တော့မဟုတ်ပါဘူးလေ၊ရှင်ကယောက်ျားတယောက်ပဲ၊
ငါးတကောင်ကိုယူပြီး
သူလည်းရှင့်လိုတိုက်ပွဲဝင်တယောက်ပဲလို့ပြောရင်း
ရေထဲပြန်ပစ်ချပေးလိုက်တယ်၊

ဒီ့ထက်ဆိုးတာပေါ့ကွာ၊
အဲဒီခိုအိမ်လေးတလုံးကိုတောင်ငါပိုင်တာမဟုတ်ဘူး၊   ငှားထားရတာ၊
ကောင်မက
ရှင်တို့လိုလူတွေအကူအညီမပါပဲဒီဇာတ်ကားကို
သူတို့ရိုက်နိုင်လိမ့်မယ်မထင်ဘူး၊
ကောင်မရဲ့ခြေအိပ်တွေတင်စုတ်ပြတ်နေတာမဟုတ်ဘူး၊
သူ့နှလုံးသားဟာလည်းပေါက်ပြဲစုတ်ပြတ်၊
(စဉ်းစားနေတုန်း)
အဲ့ဒီလိုကိစတွေအတွက်ရှင်တို့အဖို့ဘာများနစ်နာစရာရှိလို့လဲ၊
ကံဆိုးတာတခုက ဒါမျိုးကသက်သေပြဖို့ခက်တာတခုပဲ တဲ့၊

အင့် ကိတ်မုန့်စားပါဦး၊
ရှင်သိဖို့က
စစ်ဆိုတာဘယ်တော့မှသေတယ်မရှိဘူး
သူတို့ခဏအိပ်ပျော်သွားတာပဲရှိမယ်၊
ငါပြန်ပြောတယ်
အိပ်လို့မပျော်တဲ့စစ်ပွဲတွေကဘယ်လိုလုပ်ပြီး
အိပ်မက်မက်လို့ရမှာလဲ...ဆိုတော့
ရှင့်ကြည့်ရတာဂီတသမားတယောက်ပုံလည်း
မပေါက်ပါဘူး တဲ့ကောင်မကပြောတယ်၊
'ဖြစ်နိုင်ခြေရှိတာက'လို့ငါစကားစမလို့လုပ်တုန်း
ရှင့်အိပ်မက်တွေအကုန်မက်မပစ်လိုက်နဲ့ဦး
နောက်တ‌ခါပြန်အိပ်တဲ့အခါမကျန်မှာစိုးတယ်၊

အဖက်ဖက်ကတန်ဖိုးကျနေတဲ့လူ့အသက်တွေ
အကြောင်းကိုလေယူလေသိမ်းကောင်းကောင်း
အဖြတ်အတောက်မှန်မှန်ကန်ကန်နဲ့ပြောနိုင်တာလည်းကုသိုလ်တမျိုးပေါ့တဲ့၊
သေနတ်ဆိုတာမျိုးကိုဘယ်သူကမှ
တချက်တည်းပစ်ရမယ်လို့ကန့်သတ်မထားဘူး၊
လူသတ်တာကိုကျမတို့အားလုံးစိတ်ကူးယဉ်ခဲ့
ဖူးတာပဲ၊
ဥပမာမောင်းနေတဲ့လူဘေးကနေပြီး
 ဝါးတားတားနဲ့လမ်းကူးနေတဲ့ကောင်တယောက်ကို ကားနဲ့ဖြတ်တိုက်ချင်တဲ့အတွေးမျိုးပေါ့၊
ကောင်မဟာ
ဘိလိယက်ထိုးတဲ့ကျူတံလိုပဲ၊

ရှင်အဆင်ပြေတယ်မဟုတ်လား၊
တခုတော့ရှိတယ်
အကောင်းဆုံးကုသနည်းကသေခြင်းတရားပဲတဲ့
ကောင်မဟာခြေလှမ်းပြင်ရင်း
ရှင်ကတော့ရှင်သန်ကျန်ရစ်မယ့်သူပါ၊
မြင်းကျောင်းဖို့အရွယ်မရောက်သေးတဲ့လူဟာသိုးကျောင်းရမှာပဲ၊
ရှင့်အတွေးအခေါ်တွေမငယ်ဖို့တော့လိုတာပေါ့၊

ကောင်မဟာရယ်စရာပဲ၊
အဲဒီအုတ်ဂူတွေပေါ်ကအမည်တိုင်းဟာ
သူ့လက်ရေးတွေပါလို့တော့ပြောမသွားဘူး၊

၁၄ မတ် ၂၀၂၆

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar