Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အညှာမခိုင်တော့တဲ့ မသာငလှိုင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အညှာမခိုင်တော့တဲ့ မသာငလှိုင်

မိုးမခ ၊ မတ် ၁၄ ၊ ၂၀၂၆


ကမ္ဘာက ရွာဖြစ်လာတာ အတော်သိသာလွန်းလို့။ သိသာဆို ပြဿနာအားလုံး နေပြည်တော်သို့ပဲလေ။ ထရန့် ဝမ်းချုပ်သလား၊ ရေသောက်နည်းသလား၊ ဘာဖြစ်ဖြစ် စစ်အုပ်စုနဲ့ ဆိုင်နေပြီကော။ သာကောကြီး စိတ်ညစ်သလား၊ သိပ်ရစ်သလား၊ နေပူတော်သားတွေ လောင်ပြီလေ။ ဆီကန် အီရန်ကြီး မှောက်တော့ ရောက်ယက်ခပ်တာ သောင်းလှိုင်သား။ ထီပေါက်သလိုလိုနဲ့ လက်မှတ်ပျောက်တာက ကြံ့ဖွတ်။ ခုထိ သောင်းလှိုင်သားက ဖဲဆင်လို့မပြီး။ သမ္မတကနေ အုပ်ကြီးလောက်ထိ စစ်သားပဲ ခန့်ဖို့ ကြံနေတာ။ "ငါ့မှာ အိပ်မက်တစ်ခုရှိတယ်" ဆိုတဲ့ ကြံ့ဖွတ်တွေ ခွေးရိုးခံနေရလို့ ဖင်သီတာတောင် ခင်ရီတစ်ကောင်ထဲ မကတော့။

မင်းအောင်လှိုင်လည်း ဘာလုပ်ရမှန်းမသိလို့ မသေဘဲ ခံနေတဲ့ အဲအဲ... ကျန်နေတဲ့ကောင်တွေကို ဗုံးကြဲသတ်တော့တာ။ တချို့ကလည်း သူ့မိန်းမအမျိုးမို့ AA ကို ဝန်မပိအောင် စစ်သုံ့ပန်းတွေကို သတ်ပေးနေတယ် ပြောကြတယ်။ အေးလေ... မလုပ်ရဲတာ ဘာမှမရှိတဲ့ကောင်ဆိုတော့ အရပ်သားသတ်လို့ မဝသေးပေမယ့် သူ့စစ်သားသူ ပြန်သတ်ဖို့လည်း ရက်ချိန်းရွှေ့ချင်ပုံမရ။ သူ့အတွက် အသေမခံဘူးဆိုတာကို လက်မခံနိုင်ဘူးလေ။ ဗုံးကြဲသတ်ဖို့တော့ စုံရက်၊ မရက် ရှိဘူးမဟုတ်လား။ အဲဒီတော့ သတ်ပေါ့။

ကလေးတွေသတ်တယ်၊ စိတ်အဆာမပြေ။ အဖွားတွေ မုဒိမ်းကျင့်တယ်၊ စိတ်အဆာမပြေ။ ဘုန်းကြီးတွေသတ်တယ်၊ စိတ်အဆာမပြေ။ ရှင်လောင်းလှည့် ဗုံးကြဲတယ်၊ စိတ်အဆာမပြေ။ ဘုရားပွဲ ဗုံးကြဲတယ်၊ စိတ်အဆာမပြေ။ အဲဒါနဲ့ ကိုယ့်စစ်သားကို ပြန်သတ်တယ်၊ ဒါလည်း စိတ်အဆာပြေပုံမရ။ ရွှေမျောလုပ်သားတွေ အသား သွားစားပစ်လိုက်တယ်။ ဒါလည်း စိတ်အဆာပြေပုံမရ။ ရွာသူရွာသား၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေကို ဓားစာခံဖမ်းပြီး ဓားနဲ့သွားထိုးသတ်တယ်။ ဗုံးနဲ့ကြဲတယ်။ ဒါလည်း စိတ်အဆာမပြေသေး။

သတ်စရာ ထပ်ရှာတုန်း။ ကြဲစရာ ဖြဲရှာတုန်း။ ရွှေတိဂုံနဲ့ ခြောက်လုံးတန်းပဲ ကျန်တော့တယ်။ မြသိန်းတန်လည်း ကြဲပြီးပြီ။ ဖိုလ်ဝင်တောင်လည်း ကြဲပြီးပြီ။ သန်းရွှေကြီးကို မီးဖုတ်ကင်စားလိုက်ရရင် ချဉ်ယားပြေမလားမသိ။ အဲဒီ ဗိုလ်ချုပ်ဟောင်းကြီးတွေ အသားပဲ ကျန်တော့တာ။ ခရိုနီသားထက် ကောင်းမယ်ထင်တယ်။ ခရိုနီက နေ့ဖို့ဆိုရင် ဗိုလ်ချုပ်ဟောင်းကြီးတွေကတော့ ညစာပ။ ခုဆို ဗုံးကြဲနှုန်းမြှင့်ဖို့ တိုက်လေယာဉ် လေးစီးထပ်ဝယ်ထားတယ်။ စိတ်အဆာဖြေပေါ့။

တရုတ်က ငြိမ်းချမ်းရေးစကား ပြောခိုင်းနေပြီ။ KIA ကလည်း အကုန်ပါရင် အဟုတ်ငြိမ်းရင် ပွားမယ်တဲ့။ ဘယ်လိုငြိမ်းမလဲ၊ အုပ်ကြီးကနေ သမ္မတထိ စစ်တပ်က ပါချင်တာ။ ဘယ်ပြည်နယ်မဆို၊ ဘယ်လူမျိုးမဆို၊ ဘယ်ဘာသာမဆို အုပ်ချုပ်ချင်တာ။ ငါနဲ့ဆိုင်၊ ငါပိုင် လုပ်ချင်တာ။ ဘာသာရေးအဖွဲ့တောင် သူတို့အောက်မှာ ဒူးထောက်စေချင်တာလေ။ ဘယ်လို ငြိမ်းချမ်းမလဲ။

အေးလေ... ဒင်းတို့ ကဲမယ်ဆို ကဲစရာ၊ ဖြဲမယ်ဆို ဖြဲစရာပ။ စစ်တပ်ကို တိုက်မယ်ဆိုပြီး လက်နက်ကိုင်ထားသူမှန်သမျှ၊ ကိုယ့်လူမျိုးကိုယ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်မယ်ဆိုပြီး တပ်ထောင်ထားသူမှန်သမျှ တကယ်မှ မတိုက်ကြတာကိုး။ တစ်ဖွဲ့တည်းလည်း မတိုက်နိုင်ဘူး။ ပေါင်းတိုက်မလားဆိုတော့ "နိုး"။ တစ်ဖွဲ့ဆော်ရင် တစ်ဖွဲ့က စကားတောင်းစား ကလေးကြည့်သလို ကြည့်နေတာ။ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ဘောပင်တစ်ကိုင်ကိုင် လုပ်နေတာ။ အချင်းချင်း အဲလိုဗျင်းနေတာကိုး။

ခုမှ ပေါ်လာတဲ့ NUG တောင် အဲဒီအကျင့်ကူး၊ ကိုယ့်ကျင်းကိုတူးတဲ့သူ တူးနေမှဖြင့်။ အကူအညီလိုချိန်ကျ "ငါတို့မှာ ငါတို့ပဲရှိတယ်" ပြောပြီး၊ နယ်လေးရလာတာနဲ့ "ငါတို့နယ် ငါတို့ပဲနေမယ်" ဖြစ်လာတော့တာ။ ဗိုလ်နဂါးတော့ အမှုတွေပြပြီး တပ်ထောင်တာ ဗိုလ်ထုနဲ့သွားဝိုင်းပြီး သူ့တပ်တွေ ရအောင်ဖြုတ်၊ အမှုဒလကြမ်းနဲ့။ ဗိုလ်လက်ျာတော့ မကွေးတိုင်း ယူနစ်အစိုးရမှာ ကာကွယ်ရေးဝန်ကြီးတောင် ဖြစ်လိုက်သေး။

ဟေးဟေး... ဒီမိုး ဒီရေမှာ စစ်တပ်က ဘယ်အပစ်ရပ်မလဲ။ သူ့လူသူတောင် သတ်ပြနေတာ၊ ဒါ "မရပ်ဘူး" ဆိုတဲ့ အထာလေ။ ဝ၊ မိုင်းလားနဲ့ ရှမ်းက ဂန်းမဖောက်။ ပအိုဝ်းနဲ့ ရှမ်းနီ BGF တွေက လမ်းပျောက်။ ပလောင်နဲ့ ကိုးကန့်က ဘရားသားဟုချင်း (Brotherhood) စကားများလုကာ ဂန်းထောက်ပြီး စခန်းမှောက်။ နုကြည် (NUG) က အချင်းချင်း ဂန်းဖောက်ပြီး စခန်းဖျောက်ဆိုတော့ ဘယ်သူခွဲခွဲ ဒို့မကွဲတပ်က မြေအိုးပေါက်ခွဲသလို အစိပ်စိပ်ကွဲနေတဲ့ တပ်တွေနဲ့ တစ်ချိန်တည်း၊ တစ်ပေါင်းတည်း၊ တစ်စုတည်း၊ တစ်သဘောတည်း ငြိမ်းချမ်းရေးစကား ဆိုမတဲ့လား။ တစ်မျိုးချင်း၊ တစ်နယ်ချင်း ခွဲထုတ်ပြီး အုပ်ချုပ်စီမံစရာ ဒေသခွဲပေးရင် ဟေးဟေးဆို ပျော်နေကြမှာ မြင်ယောင်သေး။

တော်လှန်ရန်ပုံငွေတွေကို စာရင်းစစ်မရှိ သုံးစွဲပုံတွေနဲ့၊ ဌာနတွင်း အဂတိမှုတွေ၊ လာဘ်စားမှုတွေနဲ့၊ တပ်တွင်း မုဒိမ်းကျင့် သတ်ဖြတ်မှုတွေနဲ့၊ ငွေကြေးအလွဲချပေးမှုတွေ ဗရပွနဲ့၊ အမည်ခံခွဲဝေမှုတွေနဲ့၊ ကိုယ်ရကိုယ်ယူ မူပျက်တွေနဲ့၊ ကိုယ့်အလံကိုယ်ထူ လူသဘက်တွေနဲ့။ အင်း... ကျဆုံးရဲဘော်တွေကိုတော့ အလို့ပဲ ခံရသလိုမျိုး ချိုးနေကြတာ။ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကတော့ မချိလို့တောင် သွားဖြဲနိုင်မယ်မဟုတ်။ စစ်ရေးကလည်း ရပြီးသားမြို့တွေ ဆုံးရှုံးတာအပြင် ရဲဘော်အုတ်ဂူတွေတောင် သေးပန်းခံနေရတာ။

အဲဒီတော့ သွေးကြွေးဟာ ဆွေးနွေးစရာမဟုတ်တာ သေချာပလေ။ သွေးကြွေးဟုတ်ရင်တော့ မဆွေးနွေး အပြုတ်ဗျင်းပေါ့။ အဲလိုဆို ပြတ်အောင်ဆော်ဖို့ မဟာမိတ်စုဖွဲ့မှု မကျိုးပဲ့ဖို့ အရေးကြီးတယ်မဟုတ်လား။ ဝန်းရံပံ့ပိုးသူတွေ စိတ်ပျက် နှုတ်ဆိတ်မသွားဖို့ အရေးကြီးတယ်မဟုတ်လား။ တပ်စွန့်ခွာသူတွေ များမလာဖို့ အရေးကြီးတယ်မဟုတ်လား။ စစ်တပ်ကတော့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) မကုန်မချင်း ခါချဉ်ကောင်ဖြစ်နေပေမယ့် မန်တင်း (Maintain) ထားဦးမှာ။ အစ်ကိုချေတို့ နတ်ရေကန်ထဲဆင်းပြီး ကပစတွေ တက်ဖြိုပြီဆိုရင်တော့ "သားမှားပြီ အဖေရဲ့" လုပ်လိမ့်မယ်။ ခုကတော့ နေသာသပ လေညာက။ ဝေဟင်မှာ လေယာဉ်ဝဲနိုင်ရင် ရပြီတွက်ထားကြတာလေ။

အင်း... သူ့တပ်ကကောင်တွေက ကိုယ့်ထက်ဦးအောင် ဖျောင်ရင်တော့မသိ။ "တပ်ထဲက ပြောလှပါပြီ၊ လောင်းစည်မင်းကြောင့် ခက်ရချည်ရဲ့၊ ခက်လှပေါ့ခင်ရယ် ငှက်ပျောတုံးက ဘယ်မှာမရတယ်" လို့ တပ်ထဲမှာလည်း ဆိုနေကြသကိုး။ သူ့ကိုကြည့်ရတဲ့အထဲမှာ ကြူကြူလှပါ မပါတော့။ အောင်ပြည်စုံနဲ့ ခင်သီရိလေးဆို ဝေးရော။ အခန့်မသင့်ရင် ခိုးထား၊ ဝိုက်ထား၊ လှီးထား၊ ရိတ်ထား၊ သုတ်ထား၊ မြှုပ်ထားသမျှ စည်းစိမ်တုလေးတွေ ဘုခံရတော့မှာကိုး။ ပြီးတော့ လူမပါဘဲ စည်းစိမ်ကြီးပဲ ဘုမှာကတော့ ဘယ်လိုမှ လက်မခံနိုင်ဘူးလေ။

တပ်ပြုတ် ဖြစ်သွားတာနဲ့ ကာချုပ်လည်း ဘာလုပ်ရမတုံး ဖြစ်တာက ထုံးစံ။ ကာချုပ်လည်း မသာအပုတ်လိုပေါ့၊ ရှင်တုန်းသာ၊ သေတာနဲ့ သွား... သင်္ချိုင်းပဲ။ လူကိုယ်ပုတ်မပြောနဲ့၊ ဝိညာဉ်တောင် အဝင်မခံတော့တာ ဗမာအထာ။ ပြုတ်တောင် မပြုတ်သေးတဲ့ သုံ့ပန်းတွေကိုသာကြည့်။ သုံးစားမရတော့တာနဲ့ အချင်းချင်း ဗုံးတအားချ သတ်ပစ်တာ။ ဗျင်းခံရတဲ့အထဲ တပ်မမှူးနဲ့ တိုင်းစစ်ဦးစီးမှူးတောင် ပါသနော်။ မပြုတ်ခင်ကတောင် ဖုတ်ချင်နေတာဆိုတော့ မအလ (မင်းအောင်လှိုင်) လိုကောင် ပြုတ်ကြည့်ပါလား၊ တစ်မိသားစုလုံးတောင် သေးစီးကြောင်းထဲ မျောသွားဦးမယ်။

တပ်အုံကြီးတစ်ခုလုံးနဲ့အောင် နှဲ့ထားတဲ့အကောင်၊ စစ်တိုင်းနှစ်တိုင်း ဖျောက်ထားတဲ့ ငကြောင်၊ ကျားဖြန့်ထွဋ်ခေါင်၊ တရုတ်ပေါင်ဖက်မင်း၊ ကုလားဘောရှင်း၊ ရုရှားခြေနင်းခုံ၊ ပြည်ဖျက်ငနုံ အယုတ်တမာ၊ အမေရိကန်ဝင်အုပ်ကာနီး ငနုတ်ငချာဆိုတော့ ပြုတ်ကာ သုတ်ကာ စားချင်ကြရောပေါ့။

ဒီနွေဦးမှာ လေရူးတစ်ချက်မွှေရုံပါပဲ။ တဖုတ်ဖုတ်နဲ့ ပြုတ်ကျဖို့ မသာငလှိုင်၊ နထုံပအူတို့ အညှာမခိုင် ဖုန်ရှူဖို့ အသင့်ဖြစ်နေကြချေတကား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar