Breaking News

ဆယ်ပေါင်တူ - ‘ကိုမောင်ဆင့်’ပျောက်နေကြသော ‘အလက်ဇန္ဒားသလင်ဆန်း’များ



ဆယ်ပေါင်တူ - ‘ကိုမောင်ဆင့်’ပျောက်နေကြသော ‘အလက်ဇန္ဒားသလင်ဆန်း’များ
(မိုးမခ) မတ် ၁၇၊ ၂၀၂၆

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမည်ဆိုလျှင် ဆယ်ပေါင်တူသည် စာရေးပျင်းသူ တဦးဖြစ်လေသည်။ သို့ပါသော်လည်း ရွာထဲ၌ ဗရုတ်သုက္ခ ဖြစ်ပျက်နေသမျှကို စာရေးစေဖို့ ချီးမွမ်းကန်ကျောက် စကားများဖြင့် ပြောလာသော အပေါင်းအသင်း ရောင်းရင်း များကိုတော့ ငြင်းဆန်၍မရ။

‘အဲဒီအကြောင်းလေး ရေးစမ်းပါကွ၊ တို့ရွာမှာ သေစာရှင်စာလောက် ရေးတတ်သူတွေ အထဲက စာလေးဘာလေး မဆိုစလောက် တက်ရေးနိုင်တာက မင်းတယောက်ပဲရှိတာ၊ စာရေးပျင်းလည်း အရင်ကိုယ်ရေးထားတာလေးတွေနဲ့ ဖြတ်ညှပ်ကပ်လိုက်ရင် ‘ဗျောက်ဝိ ဗျောက်တ’ တို့အကြောင်း စာတပုဒ်တော့ ထွက်လာမှာပဲ’

‘ဗျတ်ဝိ ဗျတ္တ’ဆိုတာပဲ ကြားဖူးပါတယ်၊ဘယ်က ‘ဗျောက်ဝိ ဗျောက်တ’ဖြစ်လာပြန်ရတာလဲ၊

‘ရွာထဲက ဟိုညီအကိုနှစ်ယောက်လေကွာ၊ အကိုက ဗျောက်အိုးထဖေါက်လိုက်၊ ညီက ဗျောက်အိုးထဖေါက်လိုက်နဲ့ တရွာလုံး ဆူညံပွက်နေတာ၊ သူတို့နှစ်ယောက်ကို ပါးစပ် ပလာစတာပိတ် လက်ကြိုးတုတ်ထားတဲ့ပုံ မြင်ယောင်ကြည့်ရုံနဲ့တင် စိတ်ထဲအေး ချမ်းသွားလိုက်တာ၊ အဲဒါမှပဲ ရွာသူရွာသားတွေလည်း စိတ်အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ် ကိုယ် လုပ်နိုင်ကြတော့မှာ’

အကောင်လုံးပြမှ အရိပ်ကို ရိုးတိုးရိတ်တိတ် မြင်တတ်သော ဆယ်ပေါင်တူလည်း အခုမှ သဘောပေါက်သွားကာ ဟုတ်ချေသည်တကားဟု ရေရွတ်ပြီး သူတို့ရေးစေချင်သည်များကို စာထကောက်ရေးဖို့ ပြင်ဆင်လိုက်သည်။ သူတို့ပြောသလိုတော့ အတုံး လိုက်အတစ်လိုက်ကြီး ရေးလို့ကောင်းပါ့မလားလို့လည်း စဉ်းစားမိသည်။
ကိုယ်ရေးထားသည့် စာဟောင်းတွေထဲက ဆီလျော်တာလေးတွေကို ဖြတ်ညှပ်ကပ် ထည့်သုံးလိုက်ရင်ဖြင့် စာတပုဒ်လည်းထွက်၊ စာရေး အရင်လောက် မစိတ်လို့ အယ်ဒီတာမင်းများ၏ အငြူအစူ ခံနေရတာကလည်းလွတ်ဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ်လေသည်ဟုလည်း တွေးမိလိုက်သည်။
ရွာထဲကအကြောင်းတွေ ရေးမည်ဆိုတော့ ဆယ်ပေါင်တူတို့၏ ဇာတိရပ်ရွာ ‘နထို့ပလွတ်’ အကြောင်း ပြန်မိတ်ဆက်ပေးဖို့၊ ယခင်ရေးထားဖူးသည်ထဲမှ သို့ကလို အရင် ကူးချမိသည်။
‘နထို့ပလွတ်’ရွာကြီးကို မကြားဖူးသူများလည်း ရှိကောင်းရှိနိုင်သည့်အတွက် မည် သို့မည်ပုံ ဤရွာနာမည်ဆန်းကို မှည့်ဖြစ်သွားခဲ့ပါသနည်း ဆိုသည်ကိုလည်း ချန်လှပ်ထား၍ မရ။ ရိုးသားစွာ ဝန်ခံရလျှင် ဆယ်ပေါင်တူတို့ ရွာသူရွာသားများက ညီညွတ်မှုအရာမှာ အားနည်းကြ‌သည်။ သူဖြူလျှင် ကိုယ်မည်းကြဖို့ မွေးရာပါ သမိုင်းပေးတာ ဝန် တခုလို သဘောထားတတ်ကြသည်။ ‘နထို့ပလွတ်’ရွာ အမည်ကလည်း ဤကပင် အ ရင်းခံသည်။
ရွာနာမည်ပေးဖို့ တိုင်ပင်ကြစဉ်က အစဉ်အလာအတိုင်း နှစ်ခြမ်းကွဲကြလေသည်။ တချို့က ဆရာကြီးကွေး၏ စာတွေထဲမှ ‘နထို့ပလို့’ရွာ ဆိုသည်ကို သဘောကျကြပြီး တချို့ကျ ‘သမိန်ပေါသွပ်’ထဲက ‘ယလွတ်ပလွတ်’ မြို့အမည်ကို ပိုကြိုက်ကြသည်။ ဤသို့ ငြင်းကြ ခုံကြရာမှ တုတ်တပြက် ဓားတပြက် ဖြစ်ကုန်ကြ၍ နောက်ဆုံး ဂုရုကွေးကြီး၏ ‘နထို့’ နှင့် သမိန်ပေါသွပ်ဆီမှ ‘ပလွတ်’ကို ပေါင်းကာ ရန်မီးအေးသည့် ရွာအမည် ဖန်တီးပေးခဲ့ကြရသည်။ ဤသည်ကား ကမ္ဘာကျော် ‘နထို့ပလွတ်’ရွာကြီး၏ အစပထမ သမိုင်းဦးနိဒါန်းပင်။
ထိုသို့ခပ်တည်တည် ဖြင့် ကိုယ့်စာကိုယ် လုံးစေ့ပတ်စေ့ ပြန်ကူးချရေးပြီးသည့်နောက် ဘာဆက်ရေးရမလဲ ဆိုသည်အား၊ ရေနွေးကြမ်း တအိုးစာ ထိုင်သောက်ရင်း ထိုင်စဉ်း စားရပြန်သည်။ စိတ်မရှည်၍ ထပြန်သွားကြသူများက ပြန်ခါနီး စေတနာဗရပွနှင့် ထပ်အကြံပေးလိုက်ကြသေးသည်။ ‘ဗျောက်ဝိ ဗျောက်တ’ အစား တို့ရွာနံမည်နဲ့လည်း ဆက်စပ်တဲ့ ‘သမိန်ပေါသွပ်’လို ‘သမိန်ပေါသိန်း စီနီယာနဲ့ ဂျူနီယာ’လို့ ပြောင်းရေးပေါ့ကွာ’
အရေးကြီးသော အချိန်ကာလဆိုပါမှ ပလူပျံနေသော စာတိုစာရှည်များကို သည်းမခံနိုင်တော့သူများက ထိုသို့ ဗြောင်ကျကျ ပြောချလာခဲ့သည်။
တယောက်တည်းကျန်တော့မှ ဆက်တွေးနေမိသည်က ဆယ်ပေါင်တူတို့ ရွာသူရွာသားများသည် အကြံပေး အလွန်ဝါသနာပါသူများ ဖြစ်ကြသည်ဆိုသည်ကိုပင်။ သူများ အိမ်တွင်းရေးကအစ တိုင်းရေးပြည်ရေးအထိ အားမနာ လျှာမကျိုး၊ အာပေါင် အာ ရင်း သန်သန် အကြံပြုလိုကြသည်။ အဆိုးဆုံးက မိမိ၏အကြံဥာဏ်ကသာ ကမ္ဘာတလွှား ပြိုင်စံရှားဟု မှတ်ယူတတ်ကြသည်။ မရှက်စတမ်း ဝန်ခံရလျှင် ဆယ်ပေါင်တူ လည်း ဘာသားနှင့် ထုထားသည်မှတ်လို့၊ ထိုသူများထဲ ရံဖန်ရံခါ ဝင်ပါတတ်ပြီး ကိုယ့်ဖာသာ ဘရိတ် အမြန်ပြန်အုပ်ဖို့ ကြိုးစားရသူ ဖြစ်သည်။
လူထုဦးလှရေးသားသည့် ‘ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ‘ဘုန်းကြီးရှေ့ကကြွ’ဟု သူသိသူတတ် လူတတ်ကြီး လုပ်လိုသူ ပုံပြင်က ‘နထို့ပလွတ်’ရွာ တွင် များ ဖြစ်ခဲ့လေသလားဟုပင် တွေးကြည့်ချင်စရာ။ စင်စစ် ‘နထို့ပလွတ်’ရွာကြီးတွင် အပေါများဆုံးက အကြံဥာဏ်ပင် ဖြစ်ပေရော့မည်။ တဆက်တည်းခေါင်းထဲပေါ်လာသည်က ‘ကိုမောင့်ဆင့်’သာ ရှိခဲ့လျှင် ဟူ၍ပင်။ ‘ကိုမောင်ဆင့်’ ပျောက်နေသည်က ဧရာမတကယ့် ပြဿနာကြီး။
ထိုသို့ဆိုလေသောအခါ အဲဒီ ‘ကိုမောင့်ဆင့်’ကြီး ပျောက်နေရင်လည်း ဖုန်းဆက်ရင်ဆက်ကြည့်၊ ဖေစ့်ဘွတ် ပေါ်တက်မေးရင်မေး၊ လူ့ပြည်မှာ မရှိတော့ရင်လည်း တရာနဲ့သာ အဲ…တရားနဲ့ သာ ဖြေလိုက်တော့လို့ ပြောချင်သူတွေ ရှိကြပါလိမ့်မည်။
ယခုပြောနေသည့် ‘ကိုမောင်ဆင့်’က ဘယ်အရပ် ဘယ်ဒေသမှာမှ ရှိနေနိုင်လောက်တဲ့ လူပုဂ္ဂိုလ် တဦးတယောက်မဟုတ်။ လူတိုင်းတွင် ရှိသင့်ရှိထိုက်သည့် အခြေခံ သာမန် အသိဥာဏ် စဉ်းစားဆင်ခြင်တတ်စိတ် ‘common sense’ ကို ‘ကိုမောင်ဆင့်’ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြသည်နှင့် ဆက်စပ်တွေးမိလိုက်ခြင်းပင်ဖြစ်သည်။
‘ကိုမောင်ဆင့်’ ပျောက်နေသူများသည် သူတို့အတွေး သူတို့အမြင်တွေကသာ ပြိုင်စံ မပေါ် နိုင်ငံကျော်လို့နေချေသည် ဆိုပြီး ‘အထင်ဘဝဂ် အထက်ဘဝင်’ ဖြစ်နေတတ်ကြသည်။ ‘ငါလိုလူ ဤဇဗ္ဗူမှာ ရှိနိုင်သေးရဲ့လား’ဆိုတဲ့ အတွေးနှင့် ‘NUGကြီး မတိမ်းစောင်းလေးအောင် ငါတော့ ဝင်ထိန်းကျောင်းမှ ဖြစ်တော့မဟဲ့’ ဆိုသည့်အတွေးနှင့် အင်္ကျီလက်တွေ ဘာတွေ ပင့်တင်လိုက်သည်။ ပြီးတော့မှ ‘အဲ..မဟုတ်သေးဘူး ထပ်တော့ ဖြည့်လိုက်ဦးမှပါ’ဟု နှုတ်က တိုးတိုးရေရွတ်လိုက်ရင်း NUGကြီး မတိမ်း စောင်းအောင် ဖေစ့်ဘွတ်ကနေ ငါအမြန်ထိန်းကျောင်းမှ ဖြစ်တော့မဟဲ့လို့ ဖေစ့်ဘွတ် ဆိုသည့် စကားလုံးကိုထပ်ဖြည့် ပြီးပြင်ပြောလေသည်။ ။ တချို့ကျပြန်တော့လည်း ယူကျု့က ထိန်းကျောင်းမယ်လို့ ဆိုချင် ဆိုကြလိမ့်မည်ပေါ့။
AI ဖြင့် ပုံဟောင်းကို ပုံသစ် လုပ်ကြလေသော ကာလ ဖြစ်သကဲ့သို့၊ နှစ်တော်တော်ကြာက ရှိခဲ့ဖူးသော ပရိုဂရမ်ကို ဗျူဟာသစ်ဖြင့် NUGကို အကာအကွယ်ပြုရေးအတွက် ဦးဆောင်ဦးရွက်ပြု လုပ်ဆောင်ပေးနေသယောင် ‘ကိုမောင်ဆင့်’ ပျောက်နေသူများက ကြံဆနေသလားဟု ပြောဆို ဝေဖန်နေသည်များကိုလည်း ပြန်ကြားရသည်။
သို့ကလို ကာကွယ်မယ် ထိန်းကျောင်းမယ် ဆိုသူတွေရှိသလို ၊ ‘ရှုတ်ချတယ်။ ကျဆုံးပါစေ’ ဆိုပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေသူတွေကလည်း တမှောင့်။ ခေါင်းပြားအောင် အိပ်စက်ခွင့် မရရှာသည့် ပြည်သူတွေအာရုံနောက်အောင် နေ့တမျိုးညတဖုံ ကြီးကောင်ကြီးမားကြီးတွေနှင့် ဖုန်ထနေလိုက်ကြတာ။ ထိုကဲ့သို့ သော စကားအရှုပ် တော်ပုံတွေသည် မြေပြင်က အသက်နှင့်ရင်းတိုက်နေကြရသူတွေများအတွက် အားဆေးတခွက်ဟုများ သူတို့တတွေ ထင်မှတ်မှားနေ ကြလေရော့သလား။
ညီညွတ်စေချင်သည်၊ စုစည်းစေချင်သည်၊စည်းလုံးစေချင်သည် ဟု တဖွဖွပြောပြီး ပြန်စဉ်းစားကြည့်သည့်အခါကျ ကိုယ်နဲ့ မငြိဖူးတာ ကိုယ်ပဲ ရှိတော့တယ်ဟု သာသာ ထိုးထိုး ဝေဖန်လာလျှင်တော့ မိမိကိုယ်ကိုယ် ပြန်သုံးသပ်သင့်သည်။
တော်လှန်ရေးကိုကယ်တင်၊ NUGကို ကာကွယ်လိုသူများသည် မိတ်ဖက်အင်အားစုများအပေါ် ရန်စောင်ရန်လို၍မရ။ ‘ကိုမောင်ဆင့်’ ပျောက်နေသူများသည် Communication နှင့် Psychology ဘာသာရပ် ၂ခုလုံးက အခြေခံကျသော အချက်ဟု လက်ခံထားကြသည့် စည်းရုံးရေးသမား ကောင်းဆိုသည်က သူ့ကြောင့် စုစည်းမှုပျက်ကွဲနိုင်သည့်အလုပ်ကို လုပ်ကိုင်လေ့မရှိဟူသည်ကို တကယ်မသိလေခြင်းလား၊ တမင်မေ့ပစ်လေခြင်းလား ဆိုသည်ကိုလည်း သိချင်လှသည်။ စည်းရုံးရေးသမားကောင်း ဟုတ်မဟုတ် ဆိုသည့်အချက်က ထိုသူ ပြောဆိုရေးသားသော စကားလုံး အသုံးအနှုန်းများကလည်း တဆင့် သိမြင်နိုင်ပေသည်။
အရေးအသား အပြောအဆို တုန့်ပြန်မှုများက လူတယောက်၏ တည်ငြိမ် ရင့်ကျက်မှုကို ထင်ဟပ်လေ့ရှိသည်။ အသက်အရွယ်နှင့် အတွေ့ အကြုံက လူတိုင်းအတွက် တည် ငြိမ် ရင့်ကျက်မှုကို မဖေါ်ဆောင်ပေးနိုင်။ နိုင်ငံရေးသမားကောင်းတယောက်အတွက် မရှိမဖြစ်လိုအပ်သည်က Emotional Intelligence ဆိုသည့် စိတ်ခံစားမှုဆိုင်ရာ ဥာဏ် ရည်ဥာဏ်သွေးပင်။ ဤအရာတွင် အားနည်းခြင်းသည် ထိုသူအတွက် သာမက ထိုသူ၏ပတ်ဝန်းကျင်၊ ထိုသူ၏ တွေးခေါ်ဆောင်ရွက်ချက်များအတွက်ပါ ကြီးစွာသော အနှောင့်အယှက် ဖြစ်စေနိုင်သည်။
မည်မျှအရေးကြီးသည့် အချိန်ကာလပင် ဖြစ်စေလိမ့်ဦး၊ အောက်ကလိအာသံတွေ ဆူညံပွက်နေသရွေ့ NUGမကလို့ NUG ဘိုးအေကြီးပဲ ဖြစ်ဖြစ် မက်ဆေ့ချ့်ပေးဖို့ ချောင်းကလေးဟန့်ဟန့်၊ မည်သူ့ဆီကမျှ အာရုံစူးစိုက်မှု ရ ရှိနိုင်မည်မဟုတ်။ ‘ဘယ် လော်’ကို ယုံရမှာလဲ ဆိုသည့် ဆောင်းပါး ကို ဖတ်ဖူးကြပေလိမ့်မည်။ မည်သူရေးခဲ့သလဲ ဆိုသည်အား ထပ်၍ပြောစရာ လိုမည်မထင်။ ‘လော်ရှိသူအား လုံးက ကိုယ်မြင်ရာ၊ ကိုယ်ထင်သလို အော်နေကြရင်လည်း လူအုပ်ကြီးဟာ နဝေတိမ် တောင် ဇဝေ ဇဝါပိုဖြစ်ပါမယ်’ ဆိုသည့် အပိုဒ်ကို အထပ်ထပ် ပြန်ဖတ်ကြည့်စေချင်သည်။
NUG သည် သူ့အခက်အခဲနှင့်သူ ရှေ့ဆက်နေရသည်၊ ယခုအရေးတယူ ပြောဆိုနေ ရသည့် အကြောင်းအချက်များကို မိမိတဦးတည်းကသာ ‘အလက်ဇန္ဒားသဂရိတ်’၊ ‘ အေဘရာဟမ်လင်ကွန်း’၊ ‘ဗိုလ်ချုပ်အောင်ဆန်း’ တို့၃ဦး ပေါင်းထားသည့် ‘အလက် ဇန္ဒားသလင်ဆန်း’ ဟူသော မိမိတဦးတည်းကသာ သိမြင်နိုင်စွမ်းရှိသည်ဟု ထင်မြင် နေပါက လွဲမှားလို့နေလေပြီ။ မိမိတဦးတည်းကသာ ထူးကဲစွမ်းဆောင်ရှင်ဟု မြင်နေ ခြင်းသည် ပြဿနာ၏အရင်းအမြစ်ကို ‘ကိုမောင်ဆင့်’ မပါပဲ ဖြေရှင်းရာရောက်နေ သည်။
လူတိုင်းတွင် အကန့်အသတ် လစ်မစ်တခုရှိသည်ကို သက် ဆိုင်ရာနယ်ပယ်များမှ ပရော်ဖက်ရှင်နယ်များက ပရော်ဖက်ရှင်နယ်ကျကျ လက်ခံထားကြရသည်။ မိမိ၏ ဦးခေါင်းထဲတွင် သူမတူသည့် ထူးခြားသော ဦးနှောက်ကြီး ရှိနေသည်ဟု ယုံ ကြည် ထားသည်ဆိုပါက အကြီးအကျယ် မှားယွင်းနေလေပြီ။
NUGကိုယ်တိုင်လည်း ‘ကိုမောင်ဆင့်’ ပျောက်၍မရ၊ နိုင်ငံရေးသမားသည် အရေထူရမည်၊ နိုင်ငံရေးသမားသည် သာမန်အရပ်သားနှင့်မတူ၊ လွန်ကဲစွာ စောင့်ကြည့်ဝေဖန်ခံရမှုကို ခံကြရသူများ ဖြစ်သည်ကို သတိလက်လွတ်၍မရ။ ‘ကိုမောင့်ဆင့်’ကို ဘယ်လိုနည်းနှင့်မျှ အပျောက်ခံလို့မဖြစ်။
ဒီမိုကရေစီနိုင်ငံကြီးများတွင် Trustworthiness Index ဆိုသည့် ယုံကြည်ကိုးစားမှုကို အကဲ ဖြတ်သည့် စစ်တမ်း၏ အောက်ဆုံး သို့မဟုတ် အောက်ဆုံးနေရာနားတွင် ကပ်ပြီး ပါဝင်တတ်သည်က ‘နိုင်ငံရေးသမား’ ဆိုသည်ပင်။ နိုင်ငံရေးသမားများ သည် ယုံကြည်စရာမကောင်းဟု ကောက်ချက်ချ၍ မရနိုင်သော်လည်း၊ ကံမကောင်း အကြောင်းမလှစွာဖြင့် နိုင်ငံရေးသမားများအပေါ် ပြည် သူလူထုက မယုံကြည်စိတ် ရှိနေတတ်သည်ကို သွယ်ဝိုက်ဖေါ်ညွှန်းနေခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးသမား ဖြစ်လျှင် အနေအထိုင် ပိုတတ်ရမည်၊ ပြည်သူလူထု၏ ပြောဆိုထောက်ပြ စောင့်ကြည့်မှုကို လွန်ကဲစွာခံရလိမ့်မည် ဖြစ်ပြီး၊ လတ်တလော ဆူညံပွက်ခဲ့သောအသံများသည် ‘ကိုမောင်ဆင့်’ အားဖြင့် ရှောင်လွှဲမည်ဆို ရှောင်လွှဲ၍ ရနိုင်သော အရာများသာ ဖြစ်လေသည်။ နိုင်ငံရေးသမားသည် တော်တတ်နေရုံဖြင့်မလုံလောက်၊ အနေတတ် အထိုင်တတ်ရမည်က တကမ္ဘာလုံး အတိုင်းအတာနှင့်ပင် ဖြစ်တော့သည်။
သရော်စာများ ရေးနေလင့်ကစား မရေးရက်သော ရေးဖို့ခက်ခဲသော အကြောင်းအရာ များစွာ ရှိသည်ကို သတိနှင့် ကြည့်ရှု့မိသည်။ ထမ်းရွက်ထားသောဝန်၊ စိတ်ဒဏ်ရာအတိမ်အနက်၊ စိတ်ခံနိုင်ရည်စွမ်းတို့အပေါ် မူတည်ပြီး တုန့်ပြန်ပြောဆိုခံစားမှုတွေကတဦးနှင့်တဦး မတူနိုင်ကို နားလည်ထားသည်။
သေချာပါသည်၊ နွေဦးသည် တဦးတယောက်တည်းပေါ် ၌ လုံးဝမမူတည်။ သို့သော် လည်း နွေဦးအတွက် ထိုတဦးတယောက်များစွာကို ဆက်လက်လိုအပ်သည်။ နွေဦးတွင် စိတ်အားထက်သန်စွာ ပါဝင်နေသူတိုင်း၏ စိတ်ရပ်ဝန်းအတွက် အနိမ့်ဆုံးအဆင့် အနေဖြင့်တော့ ရင်ဖွင့်စရာလူများ၊ စဉ်းစားဆင်ခြင်ပေးနိုင်သူများ ၊ ဖေးမပေးနိုင် သူများ နီးကပ်သူများအထဲ ရှိပေးနေဖို့ အထူးလိုအပ်သည်။
မြန်မာနှစ်သစ်ကူးလည်း နီးကပ်လို့လာချေပြီ။ စာရေးပျင်းသူ တဦးအတွက်တော့ နှစ်သစ်ကူး မတိုင်မီကာလအတွင်း စာထပ်ရေးဖြစ်ဖို့က မသေချာ။ ထို့ကြောင့် ယခုကပဲ နှစ်သစ်ကူး အထူးဆုတောင်းတခု ကြိုတောင်းပေးလိုက်ချင်ပါသည်။ ‘အလက်ဇန္ဒားသလင်ဆန်းများ ‘ကိုမောင်ဆင့်’ကို အမြန်ဆုံး ပြန်ရှာတွေ့နိုင်ကြပါစေ’ ဟူ၍ ပင်။


ဆယ်ပေါင်တူ

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar