Breaking News

မင်းတုန်းမြို့နယ်ထဲက ကျေးရွာ ဗုံးကြဲခံရပြီး လူ ၂၀ ကျော် သေဆုံး၊ စစ်သုံ့ပန်း ၂၀၀ ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေး

မြန်မာနွေဦးခရိုနီကယ် - မတ် ၁ မြင်ကွင်း

(မိုးမခ) မတ် ၂ ၊  ၂၀၂၆


မင်းတုန်းမြို့နယ်ထဲက ကျေးရွာ ဗုံးကြဲခံရပြီး လူ ၂၀ ကျော် သေဆုံး၊ စစ်သုံ့ပန်း ၂၀၀ ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေး

မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲက ပြောင်းရွာလို့ အမည်ရှိတဲ့ ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်လေယာဥ်တွေ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ရာမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း  ၂၅ ဦးသေဆုံးခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲက ကျေးရွာဟာ ကျေးရွာလူဦးရေအားဖြင့် ၁ထောင်ဝန်းကျင်သာရှိတဲ့ ကျေးရွာဖြစ်ပေမယ့် အနောက်ဘက် ရခိုင်ပြည်နယ် နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ အနေအထားဖြစ်ပြီး စစ်တပ်က ကုန်စည်ကူးသန်းခွင့် ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်ဘက် နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တဲ့ နေရာဖြစ်တာကြောင့် လူစည်ကားရာက လေကြောင်းပစ်မှတ်ဖြစ်ခံရတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချတာတွေ ရှိနေတာပါ။ 

လူဦးရေ သန်းနဲ့ချီနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်ကို ၁၀၂၇ စစ်ဆင်ရေးထိုးစစ်တွေ စတင်ပြီးနောက်လ ဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာလ က စတင်ပြီး စစ်တပ်က ကုန်စည်ကူးသန်းသယ်ဆောင်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ရေလမ်းက သယ်ယူပို့ဆောင်တာ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း စတဲ့ ကုန်းလမ်းခရီးတွေကနေ သယ်ယူပို့ဆောင်တာတွေ အားလုံး ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ လောင်စာဆီတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်း အိန္ဒိယနယ်စပ်ကတင်သွင်းတာတွေ ရှိနေသလို ရခိုင် အရှေ့ဘက် ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း နဲ့ တောင်ဘက် ဧရာဝတီတိုင်းတို့ကနေ ဂိတ်တွေကို လာဘ်ထိုးတာ၊ တောလမ်းက သယ်ဆောင်တဲ့နည်းလမ်းတွေနဲ့ သယ်ယူတင်သွင်းနေကြတာ ဖြစ်ပါတယ်။ 

အခု လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးသူ အများစုဟာ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းသယ်ယူကြတဲ့ ကားတွေ စုဝေးနေကြတဲ့နေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်လို့ သေဆုံးမှုအရေအတွက် များပြားတဲ့ သဘောလို့ ယူဆရပါတယ်။ 

Arakan Army က စစ်တွေမြို့၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တို့က လွဲပြီး ရခိုင်ပြည်နယ် တခုလုံးအပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတို့ရဲ့ နယ်မြေအချို့ကိုပါ တိုက်ခိုက် ထိန်းချုပ်ထားနိုင်ပေမဲ့ ရခိုင်ပြည်နယ်ကို ဖြတ် ၄ ဖြတ်သဘောမျိုး လူသုံးကုန်၊ ဆေးဝါးနဲ့ ရိက္ခာကုန်စည်တွေ တင်သွင်းခွင့် ပိတ်ထားတဲ့အပေါ် ထိရောက်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေ လုပ်ဖို့ အခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။ 

နတ်မြစ်သာခြားတဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ဖို့ အခက်အခဲရှိနေသလို အိန္ဒိယနယ်စပ် ကုန်သွယ်ရေးက ပထဝီနယ်မြေအနေအထား လမ်းပန်းဆက်သွယ်ရေးအရ အားနည်းချက်တွေ ရှိနေတာကြောင့် ပြည်နယ် တခုလုံးအနေနဲ့ ပုံမှန်ထက်ကြီးမြင့်တဲ့ ကုန်ဈေးနှုန်းတွေနဲ့ ဝယ်ယူစားသုံးနေထိုင် ကြရတဲ့ အခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။ 

အခု အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်လည်း မဟုတ်တဲ့ ကုန်စည်သယ်ယူရောင်းဝယ်သူ အရပ်သားတွေ ထိခိုက်သေဆုံးကြရတာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စိုးမိုးထိန်းချုပ်ထားတဲ့ AA လက်နက်ကိုင် အဖွဲ့ကို ဖိအားပေးဖို့ အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတခု လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ ရှိနေကြတာ ဖြစ်ပါတယ်။ အချို့သော လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုတွေ သတင်းတွေမှာ ဖော်ပြကြပေမယ့် အချို့သော ထိခိုက်သေဆုံးမှုတွေကတော့ လုံခြုံရေးအရ၊ စိတ်ဓာတ်ရေးရာအရ သတင်းဖော်ပြခြင်း မပြုကြတာလည်း ကြားသိရပါတယ်။ 

အရပ်သား ထိခိုက်သေဆုံးမှုတွေ အများစုကို လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေ၊ သုတေသနအဖွဲ့အစည်းတွေက မှတ်တမ်းတင် စာရင်းပြုစုထားကြတာ ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ နောက်သတင်းအကြောင်းအရာ တခုက ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၂၀၀ ကို လွှတ်ပေးတဲ့ သတင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ဆန်းခါစမှာ ကိုးကန့်လက်နက်ကိုင် တပ်နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား အပစ်ရပ်သဘောတူညီချက် ရပြီးနောက် ဧပြီလမှာ လားရှိုးမြို့ကို ပြန်လည်လွှဲအပ်ပေးခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို အသုတ်လိုက် ပြန်လွှတ်ပေးနေခဲ့တာ အခုဆို အရေအတွက် ၃၀၀၀ ကျော်ရှိပြီလို့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၀၀ ကျော် မဟာမိတ်တပ်တွေထံ အညံ့ခံ လက်နက်ချခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အဖို့ ၁၀၂၇ စစ်ဆင်ရေး လှိုင်းရဲ့ အရှိန်အဟုန်၊ ဒရုန်းနည်းပညာ၊ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ အတူဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြတဲ့ အညာဒေသက PDF တွေ၊ ရှမ်းတောင် က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှု အရှိန်အဟုန်အောက်မှာ အာဏာသိမ်းစစ်တပ် ရဲ့ ဗိုလ်မှူးချုပ် အဆင့်ရှိသူတွေအထိ လက်နက်ချ အညံ့ခံခဲ့ကြတာ ဖြစ်ပါတယ်။ 

လတ်တလော MNDAA နဲ့ စစ်တပ်အကြား သိန္နီမြို့၊ ပြည်ထောင်စုလမ်းပိုင်း ထိန်းချုပ်မှု အစရှိတဲ့ တောင်းဆိုမှုတွေမှာ သဘောချင်း မကိုက်ညီတာတွေ ရှိနေကြတယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပေမယ့် စစ်ရေးအရ ပြန်လည်တိုက်ခိုက်တဲ့ အနေအထားမျိုးထိ ရောက်ဖို့တော့ အလားအလာ မမြင်တွေ့ကြရသေးပါဘူး။ အခုလတ်တလော စစ်သုံ့ပန်း ၂၀၀ လွှတ်ပေးခြင်းဟာ အပစ်ရပ် သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားဆဲ အနေအထားမျိုးလို့ ဆိုနိုင်ပါလိမ့်မယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar