Breaking News

မောင်လူမွှေး - အထီးကျန်တောင်ကြား



မောင်လူမွှေး - အထီးကျန်တောင်ကြား
(မိုးမခ) မတ် ၆၊ ၂၀၂၆


လေးဘက်လေးတန်မှာတောင်တန်းတွေ။ မောင်လူမွှေးဟာ လယ်ကွင်းဘေးက တဲကလေးမှာ အိပ်ရတယ်။ ဖုန်းလိုင်းမရှိ။ အင်တာနက်လိုင်းလည်း အသုံးပြုဖို့ခက်တဲ့ ဒေသလေးတစ်ခုကို မောင်လူမွေးရောက်နေတာပါ။

" ကျနော်တို့ဆီက လယ်တွေဆိုတာ ကျနော်တို့အဖေတွေ၊ အဖိုးတွေလက်ထက်က ကျွဲနွားတွေ၊ သူတို့လက်တွေနဲ့ တည်ကြရတယ်။ တစ်နှစ်တည်းတည်ရတဲ့ လယ်၊ နှစ်နှစ်တည်ရတဲ့ လယ်ကနေ ငါးနှစ်တည်ရတဲ့ လယ်အထိရှိကြတယ်။ တည်ရတဲ့ နှစ်ကြာချိန်ကိုလိုက်ပြီး နှစ်နှစ်တည်လယ်၊ သုံးနှစ်တည်လယ် ဆိုပြီး ပြောကြတယ်" လို့ ဒီဒေသရဲ့ အင်ဂျင်နီယာဘွဲ့ရ လူငယ်တစ်ယောက်က မောင်လူမွှေးကို ပြောပြတယ်။

သူတို့ဒေသလေးဟာ တောင်တွေဝိုင်းနေပြီး သွားလာရေးခက်ခဲတယ်။ သီးသန့်ဆန်တယ်။ ဒါပေမယ့် သူတို့နေရာလေးဟာ ဒေသတွင်းမှာ " ပညာတတ်အထွက်ဆုံး" လို့ နာမည်ကြီးပါတယ်။ ဒါပေမယ့် ပညာတတ်တွေက ဟိုအရင်ကတည်းကစ ရွာမှာသိပ်မနေကြဘူးတဲ့။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒေသတွင်းမှာ ကျန်နေတဲ့ ပညာတတ်တွေလည်း ထပ်ပြီး ထွက်ခွာသွားကြသတဲ့။ တောင်ကြားဒေသလေးဟာ အထီးကျန်ပြီး ကျန်ရစ်ခဲ့တာပေါ့။

တောင်ကြားဒေသဆိုတော့ လယ်ကွင်းတွေဟာလည်း ဘယ်မှာကျယ်ကျယ်ပြန့်ပြန့်ရှိပါ့မလဲ။ တောင်စောင်းတွေမှာ လှေခါးထစ်တွေလို တစ်လယ်ပြီး၊ တစ်လယ်ဆင့်လို့ တွေ့ရတယ်။ လယ်ကွက်တွေက ကျဥ်းသွားလိုက်၊ ကျယ်သွားလိုက်၊ ဝိုက်သွားလိုက်၊ ချွန်းသွားလိုက်နဲ့ လေးထောင့်ကျတဲ့လယ်ဆိုတာ မရှိသလောက်ပါပဲ။

" ဒီလယ်တွေကိုတောင်မှ အကုန်လုပ်နိုင်လောက်တဲ့ လူအင်အား ကျနော်တို့မှာ မရှိတော့ဘူး။ တချို့လယ်တွေဆို ဒီအတိုင်းပစ်ထားရတာတွေရှိတယ်" လို့ ဒေသခံလူငယ်က ပြောပြတယ်။ ဒီဒေသက လူငယ်တွေ၊ပညာတတ်တွေ အများစုဟာ သူတို့ အဖိုးအဖွားတွေတည်ထားခဲ့တဲ့ လယ်တွေကို စွန့်ခွာသွားကြတယ်။

နွေဦးကိုစဝင်နေတဲ့ကာလဆိုတော့ လယ်ကွင်းတွေဟာ ခြောက်သွေ့ပြီး ပတ်ကြားကြီးတွေ အက်ကွဲလို့။ပညာရေးနှင့် ကျန်းမာရေးမှာ တတ်ကျွမ်းတဲ့သူတွေ စွန့်ခွာသွားခဲ့ကြတဲ့ တောင်ကြားဒေသလေးက ရွာတွေဟာ ခြောက်ကပ်တိတ်ဆိတ်နေပါတယ်။

ဒီဒေသလေးက လူတွေဟာ မိုးရာသီရောက်ရင် ခြောက်ကပ်ကွဲအက်နေတဲ့လယ်တွေကို ထွန်ယက်စိုက်ပျိုးကြတယ်။ ရပ်ရွာမှာ ရှိတဲ့ လက်ကျန် လူအရင်းအမြစ်လေးတွေနဲ့ ပညာရေး၊ ကျန်းမာရေးကို လည်ပတ်ကြတယ်။ ပြီးတော့ သူတို့အပေါ် ပထဝီနှင့် သမိုင်းက တင်ပေးထားတဲ့ စစ်အာဏာရှင်တော်လှန်ရေးဝန်ထုပ်ဝန်ပိုးကို တာဝန်ကျေပွန်စွာ ထမ်းနေကြတာဖြစ်ပါတယ်။

" ရွာက ဆရာ၊ဆရာမလေးတွေနှင့် ကျောင်းသူကျောင်းသားလေးတွေကို စကားခဏပြောစေချင်တယ်" တဲ့။ ကျေးရွာတစ်ရွာရဲ့ တာဝန်ရှိသူတွေက မောင်လူမွှေးကို တောင်းဆိုတယ်။ မောင်လူမွှေး သူတို့ဆီကနေ ပြန်မယ့်နေ့ မနက်မှာ ကလေးတွေနဲ့ ဆရာ၊ဆရာမလေးတွေကို အားပေးစကားပြောခဲ့ပါတယ်။ ကလေးတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ အပြုံးတွေကို လက်ဆောင်အဖြစ်ရခဲ့တယ်။ အထီးကျန်တောင်ကြားကို အထီးမကျန်ရအောင်၊ ပျော်ရွှင်စိုပြေအောင် လုပ်ပေးဖို့က ပညာရေးပဲ ရှိမယ်လို့ မောင်လူမွှေး ယုံတယ်။

" ကမ္ဘာမှာ ဘယ်လောက်နာမည်ကျော်တဲ့ ပညာတတ်ကြီးဖြစ်နေနေ ကိုယ့်ဇာတိကို အကျိုးမပြုတဲ့သူဆိုရင် အလကားပဲ" လို့ ပြောတဲ့ မောင်လူမွှေးနဲ့ခင်တဲ့ အဘတစ်ယောက်ရဲ့ စကားကို သတိရမိတယ်။ မောင်လူမွှေးရောက်ခဲ့တဲ့ တောင်ကြားဒေသဖွားလူတွေဟာ အဝေးကနေ သူတို့ဒေသလေးကို တတ်နိုင်သမျှ အကျိုးပြုကြတယ်လို့ သိရလို့ ဝမ်းသာတယ်။

တောင်ကြားဒေသမှာ တကယ်အလိုအပ်ဆုံးက လယ်တွေကို ထွက်ယက်နိုင်မယ့် လူငယ်တွေဖြစ်တယ်။ ပညာသင်ပေးမယ့် ဆရာ၊ဆရာမ တွေဖြစ်တယ်။ ကျန်းမာရေးကို စောင့်ရှောက်မှုပေးမယ့် ဆရာ၊ဆရာမတွေဖြစ်တယ်။ ပြည်သူကို စည်းရုံးပြီး ကောင်းစွာစီမံ အုပ်ချုပ်တတ်တဲ့ သူတွေဖြစ်တယ်။

မောင်လူမွှေး တွေ့ဆုံခဲ့ရတဲ့ ကျေးရွာတစ်ရွာက ဆရာ၊ဆရာမလေးတွေရော သူတို့ဒေသလေးကို စွန့်ခွာသွားကြဦးမှာလား။ မောင်လူမွှေးရယ်စရာပြောတာကို ရိုးသားဖြူစင်စွာရယ်မောနေခဲ့တဲ့ ကလေးတွေထဲကရော အရွယ်ရောက်လာရင် ဘယ်နှယောက်ပညာတတ်ဖြစ်ပြီး အဲဒီထဲက ဘယ်နှယောက်များ ကိုယ့်ဒေသမှာ နေထိုင်မှာလဲ။ စီမံအုပ်ချုပ်သူတွေကရော ပညာတတ်တွေကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ဘယ်လို အကူအညီပေးမှာလဲ။ အဆင်းအတက်၊ အဖုအထစ်များလှတဲ့ မြေသားလမ်းပေါ် ဆိုင်ကယ်စီးရင်း မောင်လူမွှေးတွေးနေမိခဲ့တယ်။ ဒီမေးခွန်းတွေရဲ့ အဖြေကပဲ အထီးကျန်တောင်ကြားဒေသလေးကို အထီးမကျန်ရအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်ခင်မျာ...။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar