Breaking News

ညောင်လေးပင်မြို့နယ်က စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဒေသခံတွေ ကယ်ဆယ်၊ ရခိုင်ပြည်နယ်ထဲက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး ၁၀၀ ကျော်သေဆုံး



မြန်မာနွေဦးခရိုနီကယ် - မတ် ၁၁ မြင်ကွင်း

(မိုးမခ) မတ် ၁၂ ၊ ၂၀၂၆


ညောင်လေးပင်မြို့နယ်က စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဒေသခံတွေ ကယ်ဆယ်၊ ရခိုင်ပြည်နယ်ထဲက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး ၁၀၀ ကျော်သေဆုံး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပဲခူးတိုင်း အရှေ့ဘက်ခြမ်းရှိ ညောင်လေးပင်မြို့နယ် ထဲက ကျေးရွာတချို့ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာချိန်မှာ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ရာဂဏန်းကျော်ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးအတွင်း KNLA၊ PDF တပ်ဘက်ကရော အာဏာသိမ်းစစ်တပ်ဘက်ကပါ သေဆုံးမှု ရှိခဲ့တယ်လို့ PDF နဲ့ KNLA တို့ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ 

ကရင်ပြည်နယ် မြောက်ဘက်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းဒေသတွေ ဖြစ်တဲ့ ညောင်လေးပင်၊ မုန်း၊ ကျောက်ကြီး စတဲ့ စစ်တောင်းမြစ် အရှေ့ခြမ်းနဲ့ အနောက်ဘက်ခြမ်းဒေသတွေဟာ KNU/KNLA တပ်တွေ လှုပ်ရှားတဲ့နယ်မြေတွေ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ အခု အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတဲ့ နေရာတွေဟာ ရန်ကုန်-မန္တလေး လမ်းဟောင်း ရဲ့ အရှေ့ဘက် မိုင်အနည်းငယ်သာ ကွာဝေးတဲ့ဒေသတွေ ဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းဒေသတွေဟာ ၂၀၁၂ ခုနှစ် KNU/KNLA နဲ့ ဦးသိန်းစိန် အစိုးရလက်ထက် အပစ်ရပ်လက်မှတ်မထိုးခင် ကာလ တွေကတည်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ဒေသတွေ ဖြစ်သလို အဲဒီကာလတွေက အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ စစ်တပ်ပုံစံနဲ့ တမျိုး၊ ဘောင်းဘီတိုလို့ခေါ်တဲ့ စစ်တပ်ဖွဲ့စည်းပုံ အပြင်ကနေ လွတ်လွတ်လပ်လပ် ဖမ်းဆီး အပြစ်ပေးနိုင်တဲ့ လက်မရွံ့တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး တဖုံ ဒေသခံတွေကို စောင့်ကြည့်ထိန်းချုပ်ခဲ့ကြတဲ့ ကာလတွေ ဖြစ်ပါတယ်။ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းဟာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ကားလမ်း၊ ရထားလမ်းနဘေးမှာ ရှိတာကြောင့် ဆက်သွယ် ထောက်ပံ့ရေးလမ်းကြောင်းကို ခြိမ်းခြောက်နိုင်တဲ့ ဒေသဖြစ်တာကြောင့်လည်း စစ်အစိုးရလက်ထက်တွေက လုံခြုံရေး အကြောင်းပြချက်အတွက်ဆို စည်းမျဥ်းဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခွင့်ပေးထားခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့ပြီး ရန်ကုန်-မန္တလေးကားလမ်း၊ ရထားလမ်း အပြင် နေပြည်တော်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း အရှေ့မြောက်ဘက် ရေတာရှည်တို့လို ဒေသတွေအထိ လှုပ်ရှားဖို့ ရည်ရွယ်လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ်အနေနဲ့ မကြာသေးခင်ကာလတွေမှာ မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသ၊ ကေအန်ယူ ထိန်းချုပ်ဒေသေတွေဖြစ်တဲ့ မြဝတီခရိုင်စတဲ့ဒေသတွေမှာ လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေ၊ ဆက်သွယ်ရေးလမ်း၊ နယ်စပ်စခန်းတွေကို ပြန်လည်ရယူဖို့ ထိုးစစ်တွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးအနောက်ခြမ်း၊ ပဲခူးနဲ့ ရခိုင်ထိစပ်ရာ၊ ဧရာဝတီတိုင်းနဲ့ ရခိုင် ထိစပ်တဲ့ဒေသတွေမှာ ရင်ဆိုင်တိုက်ခိုက်မှုတွေ ထိုးစစ်ဆင်မှုတွေကို အပြင်းအထန် ခုခံနေရပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ အရှေ့ဘက်ခြမ်းနဲ့ အညာဒေသတွေမှာ တစတစ ပြန်လည်ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။ 

အခု ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို ထိုးလာတဲ့ စစ်ကြောင်းတွေဟာ အထက်က ယူဆသလို ဒီဒေသတွေမှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည် ရယူဖို့ ရည်ရွယ်တဲ့ ဗျူဟာတွေရဲ့ တစိတ်တပိုင်း ဖြစ်နိုင်ပါတယ်။ KNLA နဲ့ PDF တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ဖမ်းဆီးခံ ကျေးရွာသားတွေ ပြန်လည်ကယ်တင်ရာမှာ ၁၁ ဦးကျဆုံးပြီး ဒဏ်ရာရသူ ၇ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် ထိခိုက်ဆုံးရှုံးမှုမနည်းတဲ့ စစ်ဆင်ရေးလို့ ဆိုနိုင်ပါတယ်။ ၆ နာရီဝန်းကျင်ကြာတဲ့ စစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဘက်ကလည်း ၁၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာ တခုက မတ်လ ၈ ရက်နေ့မှာ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက Arakan Army က ပြီးခဲ့တဲ့နှစ်တွေ အတွင်း တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကို ထားတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးပြီး ၃၂ ဦးဒဏ်ရာရတယ် ဆိုတဲ့ AA သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လာတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ 

၁၀၀ ကျော်တဲ့ သေဆုံးမှု ကိန်းဂဏန်းဟာ သေးငယ်တဲ့ အရေအတွက် မဟုတ်ပါဘူး။ သံတိုင်တွေ ကာရံထားတဲ့ အကျဥ်းစခန်း မီးလောင်ပြီး သံတိုင်ရိုးတွေသာ ကျန်ရှိတဲ့ သတင်းဓာတ်ပုံ၊ ဒဏ်ရာရပြီး ဖြတ်တောက်ခံလိုက်ရတဲ့ ပတ်တီးစီးထားတဲ့ ခြေထောက်နဲ့ ခေါင်းတွေမှာ ပတ်တီးတွေနဲ့ သံခြေချင်းခတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေရဲ့ ဓာတ်ပုံတွေနဲ့ အဖြစ်အပျက် ဖြစ်ပျက်ပြီး ၃ ရက်အကြာ မတ်လ ၁၁ ရက်နေ့မှာ AA က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အနောက်ပိုင်းတိုင်း ဒုတိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် တဦးကိုလည်း အင်တာဗျူး ထားတဲ့ ရုပ်သံဖိုင်နဲ့ တကွထုတ်ပြန်ခဲ့ပါတယ်။ 

အခုလို တိုက်ခိုက်မခံရခင် တပတ်အလိုလောက်က အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်း ကင်းထောက်တာတွေ လုပ်ခဲ့တယ်လို့လည်း အင်တာဗျူးမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ အာဏာသိမ်းထားတဲ့ စစ်အစိုးရဟာ ၄င်းရဲ့ တပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေ ထားရှိတဲ့နေရာကို ဘယ်လိုရည်ရွယ်ချက်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလဲဆိုတာ ၄င်းတို့ဘက်က ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေမယ့် ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေ၊ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေ ထားရှိတဲ့ စခန်းတွေကို လေကြောင်း တိုက်ခိုက်တာ အခုအကြိမ်ဟာ ပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး။ မြောက်ဦး မြို့နယ်ထဲမှာလည်း အလားတူ တိုက်ခိုက်မှုမျိုး ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။ 

နှစ်နဲ့ချီ ကြာမြင့်အောင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေ အနေနဲ့ ၄င်းတို့ သစ္စာခံခဲ့တဲ့ တပ်က အခုလို တိုက်ခိုက်မှုမျိုးက ဘယ်လိုမှနားလည်ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ တဖက်မှာလည်း အခုလို စစ်သုံ့ပန်းစခန်းတွေကို ကြီးကြပ်တဲ့ Arakan Army ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စစ်သုံ့ပန်းစခန်းတခုလုံးကို ဗုံးကြဲတဲ့အဖြစ်ဟာ မိုက်မဲလွန်းတဲ့ လုပ်ရပ်တွေ အဖြစ်နဲ့ စစ်တပ်ကိုထောက်ခံသူတွေ ပင်လျင်ယူဆလာကြမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar