Breaking News

အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာတဲ့ လွှတ်တော်/အစိုးရတွေကို လူအများ စိတ်ဝင်စားသလား

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၈ မြင်ကွင်း

(မိုးမခ) မတ် ၁၉ ၊ ၂၀၂၆


အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာတဲ့ လွှတ်တော်/အစိုးရတွေကို လူအများ စိတ်ဝင်စားသလား 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အကြာမှာ ပေါ်လာတဲ့ လွှတ်တော်ကျင်းပတာ၊ အစိုးရအဖွဲ့ဖွဲ့စည်းတာ ဘယ်သူက ဘာတာဝန်ယူကြတယ်။ အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းကြမယ်။ ဘယ်သူတွေက တာဝန်ယူကြမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပြည်သူလူထုက စိတ်ဝင်စားကြပါသလား။ 

ဒီမေးခွန်းကို ဖြေရရင် လူထုအများစုက ပြီးခဲ့တဲ့ရွေးကောက်ပွဲ ကိုရော၊ ရွေးကောက်ပွဲပြီးနောက် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဲ့ လွှတ်တော်က ရွေးချယ်တင်မြှောက်မယ် ဆိုတဲ့ သမ္မတ၊ ဒု-သမ္မတနဲ့ ဝန်ကြီးတွေ ဘယ်သူတွေ ဖြစ်မှာလဲ။ ဘယ်သူတွေ ရွေးချယ်ခံရလဲ ဆိုတာတွေကို စိတ်မဝင်စားကြပါဘူး။ စစ်အစိုးရက ကြီးကြပ် ရွေးကောက်ပွဲမှာ မဲမပေးရင် မှတ်သားထားပြီး အရေးယူမယ်ဆိုတဲ့ ကောလဟလလို ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့် စစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲသွားပေးခဲ့ရတဲ့သူတွေလည်း ရှိကောင်းရှိမှာ ဖြစ်ပါတယ်။ 

စစ်တပ်ကျောထောက်နောက်ခံမှု ပေးထားပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ၊ နေဝင်းမဆလ အစိုးရပြုတ်ကျပြီးနောက် ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်အရာရှိဟောင်းနဲ့ စစ်တပ်ထောက်ခံသူတွေ ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့က ကိုယ်စားလှယ်လောင်း အများအပြားဝင်ရောက်ယှဥ်ပြိုင်ပြီး ကြံ့ခိုင်ရေးပါတီက မဲအများဆုံးရတယ်ဆိုတဲ့ ရွေးကောက်ပွဲရလဒ်ဟာ အများပြည်သူတွေရဲ့ ဆန္ဒ နဲ့ ထောက်ခံမှုတွေ မဟုတ်ဘူးဆိုတာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးကသူတွေက လွဲရင် အားလုံးသိကြပြီး ဖြစ်ပါတယ်။ 

ဒီလိုရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကို လက်ခံပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာကိုတော့ လွန်ခဲ့တဲ့ ၈ လဝန်းကျင်ကမှ စစ်တပ် ဗိုလ်ချုပ်ကြီးတာဝန်က အနားယူခဲ့တဲ့ အောင်လင်းဒွေးကို ရွေးချယ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အခုလို လွှတ်တော်မှာ မဲပေးရွေးချယ်တာတွေဟာ အနိုင်ရပါတီထဲက ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေကို ပါတီက တင်းကြပ်စွာ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ 

လွှတ်တော်ဥက္ကဋ္ဌ နဲ့  ဒု-ဥက္ကဋ္ဌ ဘယ်သူဖြစ်မလဲ သမ္မတ ဘယ်သူဖြစ်မလဲ၊ ဒုသမ္မတ ဘယ်သူဖြစ်မလဲ ဆိုတဲ့ Line up တန်းစီဖော်ပြထားတဲ့ စာရင်းတွေ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတချို့ကို လက်သိပ်ထိုး ပေါက်ကြားစေပြီး လူအများစိတ်ဝင်စားစရာ သတင်းဖြစ်အောင်လည်း အာဏာသိမ်းစစ်တပ်က ဝါဒဖြန့်စစ်ဆင်ရေးတွေ လုပ်တာ ဖြစ်နိုင်ပါတယ်။ 

ပြည်တွင်းသတင်းမီဒီယာတွေကတော့ အဲလို Line up သတင်းတွေကို ဝေဝေဆာဆာ မဖော်ပြရဲဘဲ ပြည်ပအခြေစိုက် သတင်းမီဒီယာအချို့က တခုတ်တရ ဝေဝေဆာဆာ ဖော်ပြနေကြတာမျိုးလည်းတွေ့ရပါတယ်။ အခုလို ဘယ်သူ သမ္မတဖြစ်မလဲ၊ ဘယ်သူ ဒုသမ္မတဖြစ်မလဲ၊ တပ်ချုပ်က ဘယ်သူ့ကိုပေးမလဲ စတဲ့ သတင်းတွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ၊ နိုင်ငံရေးခွဲခြမ်းစိတ်ဖြာ သုံးသပ်သူတွေလို့ ဆိုသူတွေက စိတ်ဝင်စားလေ့ ရှိတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက သာမန်ပြည်သူအများစုတွေကတော့ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ တနေရာနဲ့ တနေရာ၊ တဒေသနဲ့ တဒေသကို ဖြတ်သန်းသွားလာရာမှာ ကောက်ခံတဲ့ အခွန်အကောက်၊ လောင်စာဆီ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ နေ့စဥ် နပမ်းလုံးနေကြရတာ ဖြစ်ပါတယ်။ 

စစ်ပွဲဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေ အဖို့ လေယာဥ်၊ ဒရုန်း၊ ဂျိုင်ရိုကော့ပတာလို အပေါ်က လာနိုင်တဲ့ ဗုံးတွေကို စိုးရိမ်နေကြရသလို မြေပြင်မှာလည်း စစ်ကြောင်းထိုးတာ၊ စစ်သားစုဆောင်းတာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဓိက နားစွင့်နေကြရတာပါ။ ဒ့ါအပြင် ခိုးဆိုးလုယက်၊ သတ်ဖြတ်မှုတွေ ရဲ့ အန္တရာယ်ကိုလည်း သတိကြီးစွာထားကာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ 

အလုပ်သမား လုပ်ခလစာ အခွင့်အရေး ဆုံးရှုံးမှု၊ ပြိုပျက်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေကြောင့် အသက်ရှင်သန်ရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ထိခိုက်ခံစားရတဲ့ အခြေအနေတွေ ဖိအားတွေကြောင့် လူ့လောကထဲက စောစီးစွာ ထွက်ခွာသွားရတဲ့သူတွေလည်း မြန်မာနိုင်ငံမှာ အများအပြားရှိနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေးနဲ့ စစ်ပွဲတွေကြောင့် အရပ်သားတွေ သောင်းဂဏန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ကြရသလို အထက်က စစ်ဘေးကြောင့် သွယ်ဝိုက်အသက်ဆုံးရှုံးကြရတာတွေလည်း တိတိကျကျ စာရင်းမကောက်ယူနိုင်တဲ့တိုင် ထောင်၊ သောင်းဂဏန်းနဲ့ ချီရှိနေမှာ အသေအချာ ဖြစ်ပါတယ်။ 

လူဦးရေရဲ့ ရာခိုင်နှုန်းအများဆုံးက စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ နိုင်ငံမှာ စိုက်ပျိုးရေး ထုတ်ကုန်တွေ ရောင်းချဖို့ ခက်ခဲတာ၊ သွင်းအားစု မြေသြဇာ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ လောင်စာဆီစျေးကြီးတာတွေကြောင့်လည်း စပါး၊ ပဲ နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို တင်ပို့တဲ့ ဖရဲ၊ သခွား စျေးကွက်တွေ ပျက်စီးမှုတွေကလည်း သိန်း၊ သန်းနဲ့ချီတဲ့ လူဦးရေအပေါ် သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

အခုလို စီးပွားရေး၊ လူမှုရေး၊ ပညာရေး နဲ့ တရားဥပဒေ စိုးမိုးရေး နယ်ပယ် အသီးသီးမှာ ဆုတ်ယုတ် ပျက်စီးမှုတွေကြားမှာ နိုင်ငံရေး အပေါ်လွှာက အုပ်ချုပ်သူ အပြောင်းအလဲ၊ ပုံစံအပြောင်းအလဲတွေကို အများစုသော လူထုအနေနဲ့ စိတ်မဝင်စားနိုင်ကြပါဘူး။ အခြားတဖက်မှာလည်း အာဏာသိမ်းစစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အများပြည်သူရဲ့ လုံခြုံရေး၊ စီးပွားရေး နဲ့ အသက်ရှင်သန်ရေးတွေ အတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်တွေက တဖြည်းဖြည်း မှေးမှိန်လာနေတာ ဖြစ်ပါတယ်။ 

စစ်ပွဲကို အနိုင်တိုက်နိုင်မှ စစ်အစိုးရကို ဖြုတ်ချနိုင်မှာ ဖြစ်လို့ စစ်ပွဲအနိုင်ရဖို့ လူအား၊ ငွေအား၊ စိတ်ဓာတ်အားနဲ့ ၅ နှစ်နီးပါး အားပေးကူညီခဲ့ကြပေမဲ့ ၅ နှစ်ပြည့်မြောက်လာချိန်မှာ အလုံးစုံအောင်ပွဲက လက်တကမ်းမဟုတ်သေးတာကို တွေ့မြင်နေကြရတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar