ကိုလေအိုး - ကာမ သတင်းထောက်
ကိုလေအိုး - ကာမ သတင်းထောက်
မိုးမခ ၊ မတ် ၁၄ ၊ ၂၀၂၆
၂၀၀၆ ခုနှစ်က (ကြည့်ပါဦး၊ လွန်ခဲ့တဲ့ အနှစ် ၂၀ တောင် ဖြစ်သွားပြီ)ဂျာနယ်တစောင်မှာ အယ်ဒီတာယောင် ယောင်လုပ်နေတုန်း တရက်တော့ သတင်းထောက်တယောက်က မိုးလေဝသဦးထွန်းလွင်နဲ့ အင်တာဗျူး ယူလာတယ်။ဒီတုန်းက ဦးထွန်းလွင်က ဂျာနယ်တွေမှာ တော်တော်ပေါ်ပြူလာဖြစ်တယ်။ သူ့သတင်းမပါတဲ့ ဂျာနယ်တောင် မရှိသလောက်ပဲ။ သူက မိုးလေဝသဌာနက ညွှန်ကြားရေးမှူးချုပ် ဖြစ်နေချိန်ပေါ့။
သတင်းထောက်ကို ဦးထွန်းလွင် ပြောလိုက်တာက ဂျပန်မြေငလျင်တိုင်းတာရေးဌာနတခုရဲ့ ခန့်မှန်းချက်အရ စစ်တွေမြို့ဟာ ငလျင်လှုပ်နိုင်ခြေ ရှိတယ်ဆိုတဲ့အကြောင်း ပြောလိုက်တာပါ။
ဒါကို ထုတ်ဝေသူသူဌေးက မနက်ဖြန် သန်ဘက်ပဲ စစ်တွေမှာ ငလျင်လှုပ်တော့မလို ခေါင်းစဉ်တပ်ပြီး အဖုံးတင် ထုတ်လိုက်ပါတယ်။ ဒါမျိုးကျတော့ ဖြစ်နိုင်၊ မဖြစ်နိုင် မတွေးကြဘဲ ဖွတဲ့သူတွေကလည်း ထဖွကြပါတယ်။ ဒီဂျာနယ်မျက်နှာဖုံးကို မိတ္တူဆွဲပြီး စစ်တွေမြို့ပေါ် တစောင် တရာနဲ့ ပြန်ရောင်းကြပါသတဲ့။
ဒီကိစ္စ ဦးထွန်းလွင်က တော်တော်စိတ်ဆိုးပါတယ်။ သူ့ကို အထက်က ထုချေလွှာတောင်းတယ်လို့လည်း ပြောတယ်။ ဒါနဲ့ပဲ လူကိုယ်တိုင် သွားတောင်းပန်ရသလို နောက်တပတ်ထုတ်ဂျာနယ်မှာလည်း တောင်းပန်စာ ထည့်သွင်းဖော်ပြပေးရတယ်။ ပြောလိုတာက သတင်းထောက် ဆိုတာ ဒီလိုမျိုး ကြားညပ်တတ်သလို သတင်းရင်းမြစ်ရဲ့ ယုံကြည်မှုပါ လက်လွှတ်လိုက်ရတတ်တယ်။ ဆိုခဲ့သလိုပဲ မြန်မာပြည်မှာက သတင်းထောက်တွေရဲ့ သတင်းရင်းမြစ်တွေက ဟိုရှေးမဆွကတည်းက အစိုးရဌာနဆိုင်ရာတွေပါ။
တချို့သတင်းထောက်တွေဆို သတင်းရင်းမြစ်တွေက အပိုင်ပေါင်းထားလိုက်လို့ တလက်ကိုင်တွေဖြစ်တတ်ကြပါသေးတယ်။ မြန်မာမှာ ၁၉၃၀ ကျော်က ထုတ်ဝေခဲ့တဲ့ သူရိယတို့၊ မြန်မာ့အလင်းတို့လို သတင်းစာတွေခေတ်ကျမှ သတင်းထောက်ဆိုတာ ပေါ်လာခဲ့တယ်။ မြန်မာ့သတင်းထောက်စွန့်ဦးတွေ ဖြစ်ကြတဲ့ ဦးထွန်းဖေက များသောအားဖြင့် ဌာနဆိုင်ရာသတင်းနဲ့ လွှတ်တော်သတင်းလိုက်တယ်။ သူနဲ့မရှေးမနှောင်းမှာ သတင်းထောက်ဖြစ်ခဲ့တဲ့ ဦးလှထွန်းဖြူကတော့ မှုခင်းသတင်းလိုက်တာကောင်းတယ်လို့ နာ မည်ကြီးပါတယ်။
မှုခင်းသတင်းထောက် ဆိုတော့ အဲဒီခေတ်က ပုလိပ်မင်းကြီးရုံးကိုသွားပြီး သတင်းအစအနနောက်လိုက်ရတယ်။ ကြုံလို့ ပြောပြရရင် နယ်သတင်းထောက်လုပ်တဲ့သူ ဆိုတာ မနက်မိုးလင်းတာနဲ့ ဈေးသွားပြီး သတင်းစနည်းနာရတယ်။ ဈေးမှာ လူစုံသလို သတင်းလည်း စုံတော့ နယ်သတင်းထောက်မှန်ရင် ဈေးကို မဖြစ်မနေသွားကိုသွားရပါသတဲ့။ ဦးလှထွန်းဖြူ မှုခင်းသတင်းလိုက်တော့ များသောအားဖြင့် အဲဒီခေတ်က မိန်းမခိုးမှု၊ လင်မယားကွာမှု စတဲ့သတင်းတွေ အရေးများတယ်။ မြန်မာ့အလင်း သတင်းစာဖတ်ပရိ သတ်ကလည်း အဲဒီလိုသတင်းမျိုးတွေ ကြိုက်ကြ၊ဖတ်ကြ၊ အားပေးကြတော့ သတင်းစာစောင်ရေလည်း တက်တယ်။
သူ ဘယ်လောက်အထိ မှုခင်းသတင်းအရေးကောင်းသလဲဆို မြန်မာ့အလင်း သတင်းစာကို “ကာမအလင်း”သတင်းစာလို့ ပြောင်ခေါ်တဲ့အထိပဲ။ သူ့ကိုလည်း သတင်းထောက်ချင်း ဆုံကြတဲ့အခါ “ကာမသတင်းထောက် လာပြီ၊ ကာမသတင်းထောက် လာပြီ”လို့ နောက်ပြောင်ခေါ်ခံရတဲ့ထိပဲ။ မှု ခင်း သတင်းလိုက်ပုံက ပုလိပ်မင်းကြီးရုံးကိုသွား၊ ရာဇဝတ်မှုခင်းစာရင်းတွေ ကြည့်၊ ဘယ်ရဲစခန်းမှာ အမှုဖွင့်ထားသလဲ စုံစမ်းပြီး အဲဒီကို လိုက်သတင်းထောက်ရတယ်။ မနက် ၉နာရီလောက်ကတည်းက အိမ်ကထွက်ပြီး သတင်းလိုက်တာ ည ၁၁ နာရီ၊ ၁၂ နာရီလောက်ကျမှ သတင်းရေးပြီးတယ်။
ရွှေဥဒေါင်း ရေးတဲ့ စုံထောက်ဦးစံရှားဝတ္ထုတွေမှာ လူသတ်မှုဖြစ်တဲ့ဆီ ရောက်ရင် ဦးစံရှားက “သတင်းစာ ကိုယ်စားလှယ် လာသွားပြီလားလို့ မေးလေ့ရှိတယ်။ သူ ပြောတဲ့ သတင်းစာကိုယ်စားလှယ် ဆိုတာ သတင်းထောက်ပဲ။ ၁၉၂၀ ကျော်ကာလမှာ သတင်းစာကိုယ်စားလှယ်လို့ပဲ သုံးသေးတယ်ဆိုတာ ဦးစံရှား ဝတ္ထုဖတ်ပြီး သိရတယ်။ ၁၉၃၀ ကျော်ကာလ မြန်မာ သတင်းထောက်တွေ ပေါ်စက လခ ၁၇၅ ကျပ် လောက်အထိ ရကြပြီး အဲဒီခေတ်က မြို့အုပ် လစာထက် များပါသတဲ့။ (ဆက်ပါဦးမယ်)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar