ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟာသင်္ကြန်စာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟာသင်္ကြန်စာ
မိုးမခ ၊ မတ် ၂၂ ၊ ၂၀၂၆
အချင်းယူဇနာ စင်္ကာပူထက်ကျယ်ဝန်း၊ အတွင်းကား ယူနစ်အစိုးရ၊ အပကား နုကြည်အစိုးရအတိပြီးသော၊ ပွိုင့်ဖိုက်တစ်ထောင်ဆောင်သော တော်လှန်ရာဇာမင်းသည် တပေါင်းဖြစ်သော တဘောင်ရာသီ၊ စစ်ချီနက္ခတ်၊ နဂါးပါဒ်၊ ကွက်ပြည့်နင်းနဝင်းမှ တန်ခူးမည်သော နွေဦးရာသီ၊ အသားနီလံနက္ခတ်၊ အကြေးလှန်ပါဒ်၊ အကြွေးပြန်ဆပ်နဝင်းထက်သို့ တွက်စစ်ကောဇာ နှစ်သင်္ချာကား ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၃ ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ နေ့လယ် ၂ နာရီ၊ ၁၂ မိနစ်၊ ၃၆ စက္ကန့်တွင် ဂျိုင်ရိုကော်ပတာနှင့်ယှဉ်လျက် တော်လှန်ရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် ဇလပ်နီအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ဗျာလကိုစီး၍ လက်တစ်ဖက်ကား ဆယ်လီ၊ လက်တစ်ဖက်ကား လော်ဘီကိုကိုင်လျက် တောင်ကသည် အနောက်မြောက်ထောင့်သို့ ဝင်၏။
မာတာနတ်သမီးကား အလှည့်စေ့၍ ဖက်ဒရယ်မင်း၏သား ဒီမိုကရေစီအမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် တော်လှန်ဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အဝါ၊ အပြာအားဖြင့် ဖက်ဒရယ်အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်း ခေါ် နွေဦးမင်းကို စောင့်လင့်၏။
မိုဃ်းဦးတံ့အံ့။ မိုဃ်းလယ်ညောင်းအံ့။ မိုဃ်းနှောင်း တဖျောင်းဖျောင်းသွန်းအံ့။ ကြံ့၊ ဖွတ်၊ ခွေးစသော ဦးနှောက်မပါသောသတ္တဝါတို့ ရူးကုန်အံ့။ စစ်မက်များအံ့။ ပြည်သူတို့ စိတ်နှလုံးမသာမယာ ချောက်ခြားကုန်အံ့။ ပြည်ရွာ မီးလောင်ဖန်များအံ့။ သူဆင်းရဲ၊ သူကြွယ်တို့ ဒဏ်သင့်ကုန်အံ့။ လူတို့ မွတ်သိပ်ကုန်အံ့။ ဧကရာဇ်ပြည်ပျက်အံ့။ ရဟန်း၊ ပုဏ္ဏားတို့ ဒဏ်သင့်ကုန်အံ့။ စစ်သူကြီးတို့ ပြေးထွက်ကုန်အံ့။ (ဤကား မဟာသင်္ကြန်ကျ အဟောတည်း။)
သင်္ကြန်သုံးပါးတို့တွင် ဥမ္မတ္တကသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျသောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဤကား အများနှင့်သက်ဆိုင်သော သာမညအခါပေတည်း။ အသီးအသန့် ဝိသေသအခါပေးကား သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်အကျမြေခံသည် သရေကြိုး ၉ ကွင်း၊ မအလ ၅ နှစ်ရာသီ၌ ဗာလမြေခံဖြစ်သည်။ သင်္ကြန်ကျသည့်ရက်မှာ အင်္ဂါနေ့ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့နေ့အလိုက် ဂဟပတိအရပ်ကား မိမိတို့မျက်နှာမူရာအရပ်တည်း။ မိမိတို့မျက်နှာမူမိရာအရပ်သို့ ဆက်လက်မျက်နှာမူပြီးလျှင် မိမိတို့နံ၏အမြစ်ဖြစ်သော တနင်္ဂနွေကား အန်းညွန့်၊ တနင်္လာကား ကျားဖြန့်ညွှန့်၊ အင်္ဂါကား အင်္ဂါညွှန့်၊ ဗုဒ္ဓဟူးကား အရူးညွှန့်၊ ကြာသပတေးကား ဖာညွှန့်၊ သောကြာကား ကြာညွန့်၊ စနေကား နဂါးညွှန့်တို့နှင့် နံတူပန်းပွင့်တို့ကို နင်းကြမ်းပြု၍ မိမိတို့၏ အညွှန့်ပန်းဖြစ်သော တနင်္ဂနွေကား အောင်ကြည်ညွန့်၊ တနင်္လာကား ကြည်ပြာညွှန့်၊ အင်္ဂါကား ပဆလညွန့်၊ ဗုဒ္ဓဟူးကား ဝါးတားညွှန့်၊ ကြာသပတေးကား ပသုံးလုံးညွန့်၊ သောကြာကား မရနသညွှန့်၊ စနေကား နေဖုန်းလတ်ညွှန့်ဟူသော အညွန့်နှင့် နံတူပန်းပွင့်တို့ကို အသီးသီးဆောင်လျက် ကိုးကွယ်ရာဘုရား၊ မိဘဘိုးဘွား၊ ဆရာသမား၊ လော်ဘီ၊ ဆယ်လီ၊ ပီဒက်၊ စစ်ဒေသပါလ၊ တော်လှန်ရေးစောင့် ထောက်ပံ့ကောင်းထောက်ပံ့မြတ်နတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့ထိုးရာ ထီအမျိုးအစားကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။
ဦးခေါင်းဆေးရသောအကျိုးကား။ ။ သင်္ကန္တေ၊ အပြောင်းအလဲ သို့မဟုတ် သင်္ကြန်ဟုခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်းသည်။ ပုဏ္ဏမေ၊ နယ်မြေအများအပြားရသဖြင့် တစ်ပြည်နယ်စာပြည့်၍ နယ်ပယ်မရှိလူမျိုးမှ နယ်စားပယ်စားလူမျိုးအဆင့်သို့ ပြောင်းသည်ရှိသော်။ ဣဓ၊ ဤနွေဦးတော်လှန်ရေး၌။ မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား။ သတ္တတိဘာဂီ၊ နှစ်ခုနှစ်ဆယ်ကဖြစ်ကုန်သော။ ရောဂီ၊ ကိုစစ်ကိုညစ်နာတို့သည်။ ဝိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော။ သတသဟဿာနိ၊ လူမိုက်ကိုမဲမပေးရခြင်း၊ ကုသိုလ်ပညာဥစ္စာရဖို့ သင့်ရာဒေသဖြစ်ခြင်း၊ စစ်မှုမထမ်းရခြင်း၊ အိုချိန်မတန်ဘဲ အိုရခြင်းဒုက္ခ၊ နာချိန်မတန်ဘဲ နာရခြင်းဒုက္ခ၊ သေချိန်မတန်ဘဲ သေရခြင်းဒုက္ခ၊ မဲမနိုင်သူက အုပ်ချုပ်ခံရခြင်းဒုက္ခတို့မှ ကင်းလွတ်ခြင်း၊ နိုင်ငံခြား၌ ကျွန်ထွက်မခံရခြင်းစသော တစ်သိန်းသောအကျိုးတို့သည်။ ဘဝယျုံ၊ ဖြစ်ကုန်ရာ၏။
တော်လှန်နွေဦး အထူးအမှန် သင်္ကြန်အခါ ရှောင်ကြဉ်ရန်အမှုများကား "မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ တော်လှန်သရွေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာကား၊ မဟာလော်ဘီ၊ ဆယ်လီလီတည်း၊ အညှီအပုတ်၊ ငုတ်တုတ်ကြီးသေ၊ ရန်ပုံငွေဘုံး၊ သုံးဖြုန်းပျော်ပါး၊ ခေါင်းဆောင်များနှင့်၊ ကျောသားရင်သား၊ ခွဲခြားဆက်ဆံ၊ တော်လှန်သားချင်း၊ ပျက်ယွင်းမဟာမိတ်၊ စိတ်နုတ်သိမ်သူ၊ မူမဲ့ဉာဏ်တိမ်၊ ကလိမ်ကောက်ကျစ်၊ မာန်ယစ်ဖင်ကျယ်၊ ငါ့နယ်ငါ့မြေ၊ ဖင်ယားနေရုံ၊ ဘုံရန်သူပျောက်၊ လူ့သဘောက်ကို၊ ကြောက်လန့်ရွံရှာ၊ ရှောင်စရာ" ဟု ကျမ်းလာမိန့်ကြား၊ ထုတ်ဖော်ထားသည်။ ဤကား မဟာသင်္ကြန်အလိုတည်း။
တနင်္ဂနွေနေ့ဖွား သားသမီးတို့သည်။ ။ ကိုဗစ်၊ ကိုစစ်ကြောင့် အောင့်အည်းထိန်းချုပ် အိမ်တွင်းအုပ်ခံရသည်မှာ ကြာလွန်းလှ၍ စိတ်အညောင်းဖြေ စကစဂွင်ဆင်ထားသည့် ပွဲလမ်းပွေမိကာ စစ်ပေါ်တာဆွဲခံရအံ့။ ယတြာကား မိမိတို့ဒေသတပ်ရင်းကရောင်းချသော ထောက်ပို့ထီ ၁၅ စောင် လစဉ်ထိုး၍ အိမ်ဘုရားစဉ်၌တင်ကာ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ စုံငါးလုံး။
တနင်္လာနေ့ဖွား သားသမီးတို့သည်။ ။ တရုတ်ထုတ်ဆီအတု သုံးရခြင်း၊ တရုတ်မုန့်အထုပ် အုပ်ရခြင်း၊ တရုတ်လုပ်စစ်ပွဲဒဏ် ခံရခြင်းကြောင့် ကင်ဆာစုံတစ်ပြုံတည်း ကြုံရအံ့။ ယတြာကား မိမိတို့အရပ်ရှိ တရုတ်သင်္ချိုင်းသွား၍ ကွမ်ရင်မယ်တော်ကို အီကြာကွေးဆက်သပြီး ခက်သမျှပြေစေကြောင်း တောင်းပန်ပါ။ အကျိုးပေးဂဏန်းမှာ ဆည်ဂဏန်းနှင့် ချောင်းဂဏန်း။
အင်္ဂါနေ့ဖွား သားသမီးတို့သည်။ ။ စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုသည့်အတိုင်း စစ်ဒဏ်၊ ဆေးရှား၊ ဇပျက်၊ ဈာန်ကွယ်၊ ညစ်ပုတ်နှင့်အညီ ခေတ်မမှန်စစ်ဒဏ်နှင့် ခေတ်စုတ်ညစ်ပုတ်အားလျော်စွာ သူတော်ကောင်းတရား ရှားပါးကပ်ဆိုက်ကြရအံ့။ ယတြာကား တစ်ရက်လျှင် စစ်တပ်ခြံစည်းရိုးကို သေးမိုးသုံးခါ ရွာပေးရမည်။ အကျိုးပေးဂဏန်းမှာ ဘူးဂဏန်း။
ဗုဒ္ဓဟူးနေ့ဖွား သားသမီးတို့သည်။ ။ အရူး၊ ကျပ်မပြည့်၊ တစ်ခန်းပျက်၊ ဉာဏ်ပု၊ ဂေါက်ကြောင်က သမ်းမကြီးလုပ်အုပ်စိုး၍ ခွေးဘီလူး၊ မီးသရဲတို့၏ တိုက်ခိုက်ဆိုးမိုက်ယုတ်ကန်းခြင်းကိုခံရကာ ဖွတ်တက်ခံရအံ့။ ယတြာကား ခွေးမြီးသုံးချောင်းနှင့် ဖွတ်မြီးသုံးချောင်းကို မီးဖုတ်၍ တရုတ်သရဲသုံးကောင်ကို ခေါစာပစ်ရမည်။ အကျိုးပေးဂဏန်းမှာ ၄၉။
ရာဟုနေ့ဖွား သားသမီးတို့သည်။ ။ ခွာလုသည့် ဖာပုကြောင့် ဗျာထုကာသာ နှာနုမှာရှူဆေး အမြဲကပ်နေကြရအံ့။ ယတြာကား ပလ္လင်သူခိုး ငကြင်စိုးမအလဓာတ်ပုံကို အရပ်ဘုံအိမ်သာခွက်၌ နှစ်ဝက်အပြည့်ထားရမည်။ အကျိုးပေးဂဏန်းမှာ ၆၅။
ကြာသပတေးနေ့ဖွား သားသမီးတို့သည်။ ။ ဖုန်းပြဿနာ များစွာကြုံရအံ့။ ရောက်ရာအရပ် ပတ်စပို့ပြဿနာ တက်အံ့။ ဘုန်းကံနည်းချိန်ဖြစ်သဖြင့် ဗုံးထိခိုက်အံ့။ မိုက်လုံးကြီးမင်းအောင်လှိုင်ခေတ်ဖြစ်သည့်အားလျော်စွာ မီးသင့်၊ မိုင်းထိအံ့။ ယတြာကား ခွေးမြီးပြာချ၍ ဖွတ်ဈာပန၌ ဖြူးပေးရာသည်။ အကျိုးပေးဂဏန်းမှာ ၁၈။
သောကြာနေ့ဖွား သားသမီးတို့သည်။ ။ သေမင်း၊ သတ်မင်း၊ သုသာန်မင်းတို့ စိုးစံချိန်ဖြစ်၍ သောက၊ ဗျာပါဒ၊ ဒုက္ခသုက္ခ၊ ဗရုတ်သုတ်ခမျိုးစုံ ကြိုးခုန်ရအံ့။ ယတြာကား သွပ်သုံးချပ်လှူဒါန်း၍ သံသုံးချောင်းကို ဖိုခနောက်ဆိုင်ပြုကာ သုဿာန်ဇရပ်၌ ရိုက်ထားရမည်။ အကျိုးပေးဂဏန်းမှာ ၂၇။
စနေနေ့ဖွား သားသမီးတို့သည်။ ။ အထူးသဖြင့် မီးလိုမွှေ မအလခေတ်တွင် သတ္တဝါဖြစ်လာသူတို့ကား ချမ်းသာမရှိ အပါယ်ဒုဂ္ဂတိရောက်သူတို့ပီပီ နာမကျန်းသော် ဆေးခန်း ဆေးရုံ မရှိ၊ ရှိက ဆေးကုန် ဆရာဝန်မဲ့အံ့။ ကျောင်းမဲ့၊ ဆရာမဲ့၊ အတန်းမဲ့အံ့။ ရက်စက်မှု၊ ယုတ်ကန်းမှု၊ ငတ်ပြတ်မှု ဒိန်းကြမ်းပြည့်အံ့။ ငိုကြွေးသံ၊ နာကြည်းသံ၊ တက်ခေါက်သံ ဘဝဂ်လျှံအံ့။ ယတြာကား မင်းအောင်လှိုင်မြေးမတို့ဓာတ်ပုံနှင့် မီးသုံးခါလှုံရမည်။ အကျိုးပေးဂဏန်းမှာ မငါးလုံး။
သင်္ကြန်အတာတက်အံ့သောအခါကား..... တရုတ်သက္ကရာဇ် မြင်းနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ ကဆုန်လဆန်း ၁ ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ ကြာသပတေးနေ့၊ ဖုန်းစံတော်ချိန် ညနေ ၄ နာရီ၊ ၅၄ မိနစ်၊ ၃၉ စက္ကန့်၊ မြန်မာဗဟိုရ်နေ့ ၃ ချက်တီးကျော်၊ ၄ နာရီ၊ ၁ ပါဒ်၊ ၁၀ ဗီဇနာ၊ ၃ ခရာအချိန် စစ် ရာသီလဂ်၊ ဖွတ် ရာသီစန်း၊ စောရနက္ခတ်အလုံး ၁၀၀၊ ခွေးလဂ်စီးလျက် သေနာစောရ သုနခတို့ ဗိုလ်ပြုသည်နှင့်အညီ သညီဝေါဟာ သက္ကရာဇ် ၁၃၈၇ ခုနှစ်ပြည့်၍ ၁၃၈၈ ခုနှစ်သို့ အတာတက်သည်။ အတာသင့်သော ကြာသပတေးသားသမီးတို့သည် အတာတက်သောအချိန်၌ ရန်သူမျိုး ၅ ပါးဆင်ယင်၍ ဒုက္ခတွင်းမှ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ဗြဟ္မာ၊ သိကြား၊ တော်လှန်ရေးစောင့် နတ်မြတ်နတ်ကောင်း၊ လော်ဘီတစ်သောင်း၊ ဆယ်လီအပေါင်းတို့အား မိမိတို့ဆန္ဒရှိသော ဝတ္ထုပစ္စည်းတို့ဖြင့်ပသ၍ ERO ရှိရာအရပ်သို့ မျက်နှာမူပြီး အတာစားကုန်ရာ၏။
အတာစားခြင်းအကျိုးကား..... အတာကောင်းမှု ပြုကြကုန်သော တော်လှန်ရေးသမားတို့သည်
အတာကမ္မံ ကရောန္တဿ
မဟာဘောဂံ မဟာသုခံ
မဟာပ္ဖလံ စတုဒ္ဒိသံ
ဝေရီ ဇေယျ သုမင်္ဂလံ ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ဘတ်ဂျက်လွန်ထော၊ ရိက္ခာပေါလျှံ၊ သီးနှံများဖြင့် ပွဲကြီးဆင်လျက် လေးဘက်လေးတန် အောင်ပွဲခံကုန်ရာသည်။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလသည် နှစ်အမည်ကား ချိနနှစ်တည်း။ နှစ်ကို မြင်းစောင့်၏။ လကို ဖွတ်စောင့်၏။ ရက်ကို ခွေးစောင့်၏။ မြေကို ဗုံးစောင့်၏။ ကောင်းကင်ကို ဒရုန်းစောင့်၏။ ရေလက်ကြားကို အီရန်စောင့်၏။ မိုးကို တိမ်စောင့်၏။ လူတို့အဓိပတိကား ဒေါ်လာ။ အခြေလေးခုတို့အဓိပတိကား သေနတ်။ အစိုးရတို့အဓိပတိကား လော်ဘီ။ ထောက်ပို့တို့အဓိပတိကား ဆယ်လီ။ ပီဒက်တို့အဓိပတိကား ERO။ ကြားကာလအစိုးရတို့အဓိပတိကား INGO။ သောမနက္ခတ် ၉ လုံးငုတ်၍ ဘောမနက္ခတ်တစ်ထောင်ပေါ်၏။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ဖားအော်သံညံအံ့။ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာအံ့။ ပရောဂျက်သမားတို့ တောကြက်သားမပြတ်အံ့။ လူတို့ အနာအဖျားများကုန်အံ့။ ဝဲစိုဝဲလောင်၊ ကျောက်၊ ဝက်သက်၊ ဖွတ်သက်၊ ခွေးသက် ထွက်ကြကုန်အံ့။ အမတ်၊ စစ်သူကြီးတို့ စစ်မက်သွားရကုန်အံ့။ မုဒိမ်း၊ ဓားပြ ထကြွလတ္တံ့။ ပသုံးလုံးတို့ ရွှင်မြူးကြအံ့။ ခေါင်းဆောင်များ ဘေးကင်းအံ့။ မိဖုရားသစ်မြှောက်အံ့။ အခြေလေးခုပေါအံ့။ ဤကား အတာစက္ခုအလိုတည်း။
ဤနှစ် မြန်မာသက္ကရာဇ် ၁၃၈၈ ခုကို စိုးမိုးသော ဂြိုဟ်ကက်ဘိနက်အဖွဲ့အစည်းတွင် ဖွတ်၏အရှင် သုနခပတိမင်းသမ္မတသည် ကြာသပတေးဂြိုဟ်၊ စစ်၏အရှင် သေနာပတိကာကွယ်ရေးဂြိုဟ်မှာ အင်္ဂါဂြိုဟ်၊ ခေတ်၏အရှင် GZ ဂြိုဟ်မှာ သောကြာဂြိုဟ်၊ ဂိတ်၏အရှင် ပသုံးလုံးဂြိုဟ်သည် တနင်္လာဂြိုဟ်၊ ဘတ်ဂျက်၏အရှင် သယံဇာတဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်တို့ဖြစ်ပါသည်။ ပါပဂြိုဟ် ၂ လုံး၊ သောမဂြိုဟ် ၃ လုံးဖြင့် ဖွဲ့စည်းထားပါသည်။ နွေဦးပြည်သူ့တော်လှန်ရေးအောင်မြင်ဖို့ရန်အတွက် NUG, ERO နှင့် ကြံ့ကြံ့ခံလူထုသည် သဘောထားနှင့် သဘောတရားများ ဒိုးယိုပေါက်မြင်နိုင်ပြီးလျှင် လက်နက်ကိုင်တော်လှန်သော တပ်အားလုံးအပေါ် လေးစားသမှုရှိ၍ အခွန်ဘဏ္ဍာငွေ မျှဝေသုံးစွဲပြီးသကာလ စုပေါင်းတော်လှန်ရေးဗျူဟာများ နေရာအနှံ့ ချမှတ်ဖော်ဆောင်လာအံ့။ ကျားဖြန့်လုပ်ငန်းများ အားနည်းလာပြီး ဆေးဖြန့်လုပ်ငန်းများ အားကောင်းမောင်းသန်ဖြစ်လာကာ လုပ်ငန်းရှင်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ငွေတည်ငြိမ်အံ့။ နယ်စပ်ဒေသများ၌ အိမ်နီးချင်းနိုင်ငံတို့၏ ကျောထောက်နောက်ခံဖြင့် ပဒေသရာဇ်နိုင်ငံသစ်များ ပေါ်ထွန်းအံ့။ မုဆိုးမနှင့် မိဘမဲ့ကလေးများ ထူပြောအံ့။ မုန့်ဟင်းခါးချောင်းစီးအံ့။ မွေးသမျှကလေး စစ်သားအဖြစ် ပေးရအံ့။ AI သည်သာ ပညာရွာဖြစ်အံ့။
တန်ခူးလတွင်..... တရုတ်မှ နိုင်ငံ့အာဏာကို သွယ်ဝိုက်ထိပါးလာအံ့။ စစ်မှုထမ်းရန် အဖမ်းအဆီးများအံ့။ အုပ်ကြီးအုပ်လေးတို့၏ တုတ်ကြီးတုတ်သေးဒဏ် ခံရအံ့။
ကဆုန်လတွင်..... ချိနမှ တိုင်းပြည်အာဏာကို တိုက်ရိုက်ထိပါးလာအံ့။ အမျိုးသမီးများ ဘောမှုထမ်းဘေး ပြေးရှောင်ရအံ့။ အိမ်တိုင်း ဖွတ်တက်ခံရအံ့။
နယုန်လတွင်..... စိန့်တိုင်းမှ မြန်မာ့အာဏာကို ဆီမဆွတ်ဘဲ သွပ်သွင်းအံ့။ အရွယ်ရောက် အရွယ်လွန် စစ်ကျွန်ဘေးဆိုက်အံ့။ အိမ်တိုင်း ခွေးသေးပန်းခံရအံ့။
ပထမဝါဆိုလတွင်..... သာကောမှ ဘာမပြောညာမပြောနှင့် နိုင်ငံ့အာဏာကို အစိမ်းလိုက် ကိုက်စားအံ့။ ဖွတ်အစိုးရက ဝါသဝ၊ ပေါက်ကိုယ်တော်တို့လို လက်နက်ကိုင်တပ်ပိုင်အသုံးချ ကတုံးအ-များအား ရှင်းလင်းအံ့။
ဒုတိယဝါဆိုလတွင်..... ပေါက်ဖော်မှ တိုင်းပြည်အာဏာကို ဆွေမျိုးတော်အံ့။ အမိန့်မနာခံသည့်ဘုန်းကြီးများအား ပညာရေးအကြောင်းပြ ဖမ်းဆီးကျောင်းသိမ်း၊ သံဃနာယကများကို ကျောင်းထိန်းခိုင်းပြီး ဘွဲ့ရကိုယ်တော်များကို ကျောင်းအပ်နှံစေကာ သံဃာချင်းသွေးကွဲအောင် အကောင်အထည်ဖော်အံ့။
ဝါခေါင်လတွင်..... ရှီကျင့်ဖျင်မှ ပြည်ဆင့်ဖင်ကို နွှင်အံ့။ ဆီရှားအံ့။ ပွဲကဖို့ထား၊ ပွဲကြည့်ဖို့ပင် ခက်ခဲအံ့။ စစ်သုံ့ပန်းများပြား၍ စစ်သားလိုအပ်ချက် မြင့်တက်အံ့။
တော်သလင်းလတွင်..... ရှီဖော်အား နိုင်ငံတော်အာဏာကို ဆက်သခံရန် ဖိတ်မံအံ့။ စစ်တပ်ထောက်ခံသူများ စစ်မှုထမ်းဘေးသင့်အံ့။ တစကမ္ဘာလုံး သိမ့်သိမ့်တုန်သည့်ကြား မြန်မာ့ဘုံလည်း ခုန်ပေါက်အံ့။
သီတင်းကျွတ်လတွင်..... တရုတ်လက်သို့ အာဏာဝကွက်အပ်အံ့။ စစ်မှုထမ်းဘေး မကျွတ်မလွတ်ရှိကြအံ့။ မအလသည် ကဒါဖီကိန်းဆိုက်၍ သူ့စစ်သည်များ၏ ဖျင်တုတ်ဆိုက်သည်ကို ခံရအံ့။
တန်ဆောင်မုန်းလတွင်..... မောင်ဖုန်းများ စစ်ဘေးသင့်အံ့။ ဘုရားသားမှ စစ်သားဘဝ ပြောင်းရအံ့။ တရုတ်ကြောက်မင်းမှသည် တရုတ်ပြေးမင်း တက်အံ့။
နတ္တော်လတွင်..... တရုတ်ပြေးမင်းမှသည် တရုတ်ဖားမင်း တက်အံ့။ စစ်ဗိုလ်ချုပ်သားသမီးများ စစ်မှုထမ်းရအံ့။ PDF များ ချီတက်အံ့။
ပြာသိုလတွင်..... ခွာညို ဆိုသည့်အတိုင်း မြင်းခွာလိပ်အံ့။ ပြည်သူ့အစိုးရကို စိနမှ အဓိကရထားအံ့။ စစ်ဗိုလ်ချုပ်ကြီးများအားလုံး စစ်ရှုံးသုံ့ပန်း ဖြစ်အံ့။
တပို့တွဲလတွင်..... စစ်မင်းသုံးဆက်လုံး ပျက်သုဉ်း၍ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများနှင့် ၎င်းတို့သားသမီးမြေးမြစ်ထိ ခိုးထားသမျှ၊ ညှစ်ထားသမျှ၊ လက်ဝါးကြီးအုပ်ထားသမျှ ဓနစည်းစိမ်အားလုံး ပြန်လည်တည်ဆောက်ရေး၌ အသုံးပြုရန် အကုန်အပ်နှံကြအံ့။
တပေါင်းလတွင်..... ပြည်သူ့အောင်ပွဲ နွှဲပျော်ကြရင်း သွေးချင်းအကုန် မြန်ဘုံတစ်လွှား လှည့်လည်သွားလျက် စားသောက်ကခုန် ပြည်တွင်းပြည်ပ၊ တောတွင်းမြို့ပြ ဆုံကြအံ့။ ဤကား တော်လှန်ရေးအလိုတည်း။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar